#Local_News
Published_ 22 May 2023

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့ရှိ နိဗ္ဗာန်ချမ်းသာ မင်္ဂလာကန်အတွင်း ယနေ့နံနက်ပိုင်းက အဆိပ်ချခံရသဖြင့် မွေးမြူထားသည့် ရွှေငါးအကောင်ရေ အများအပြား သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

 

မေ ၂၂ ရက်၊ ယနေ့နံနက်ပိုင်းက တိုက်ကြီးမြို့ရှိ၊ ဒေသခံများအပန်းဖြေရာ နိဗ္ဗာန်ချမ်းသာ မင်္ဂလာကန်အတွင်း မွေးမြူထားသည့် ရွှေငါးအချို့ သေဆုံးနေကြောင်း တွေ့ရှိသဖြင့် အနီး၌ ရှိနေသူများက စစ်ဆေးကြည့်ရာမှ ငါးအကောင်ရေ အမြောက်အများ သေဆုံးနေမှုကို တွေ့ခဲ့ရကြောင်း သိရသည်။

 

"ငါးအကောင်ရေက သိန်းချီရှိတယ်။ ရွှေငါးတွေရော တခြားငါးတွေရော အများကြီးမွေးထားတာ အကုန်သေသွားတာ။ စီးပွားဖြစ်မွေးတာ မဟုတ်ဘူး။ ဒီတိုင်းမွေးရင်းနဲ့ သူ့ဟာသူ အကောင်တွေပေါက်ပြီး များလာတာ။ နှစ်တွေ ဆယ်နဲ့ချီပြီးတော့မှ မွေးထားတာ“ ဟု ကန်အတွင်း ရှင်းလင်းရေး လုပ်ဆောင်ပေးခဲ့သည့် မိုးစေတနာ ပရဟိတအသင်း(တိုက်ကြီး)မှ တာဝန်ရှိသူတစ်ဦးက YMG သို့ပြောသည်။

 

သေဆုံးခဲ့သည့် အလှမွေးငါးများမှာအကောင်ရေငါးထောင်ခန့်လက်တလောဆယ်ယူရရှိပြီးအနေအထားကို သုံးသပ်ချက်အရ ကန်အတွင်း အဆိပ်ချခံရသည့်အတွက် သေဆုံးခြင်းဖြစ်နိုင်ကြောင်းသိရသည်။

 

"ငါးသေတဲ့အနေအထားကို ကြည့်တော့ ယင်ကောင်တွေ ဘာတွေ မနားဘူး။ သုံးသပ်ကြည့်ရတာတော့ အဆိပ်ခတ်ခံရတဲ့ ပုံစံမျိုးပါ"ဟု ၎င်းက ပြောသည်။

 

ယနေ့နေ့လည်ပိုင်းအထိ ကန်အတွင်းမှ သေဆုံးနေသည့် ငါးအများအပြားကို ဆယ်ယူထားကာ တိုက်ကြီးသုသန်တွင်ထပ်မံမြေမြှုပ်သွားမည်ဟုလည်း ဒေသခံလူမှုကူညီရေး အဖွဲ့တစ်ခုထံမှ သိရသည်။

 

အဆိုပါဖြစ်စဉ်နှင့်ပါတ်သတ်ပြီး သက်ဆိုင်ရာငါးလုပ်ငန်းဦးစီးဌာနနှင့်မွေးမြူရေးလုပ်ငန်းဌာနတို့မှ ငါးအသေကောင်နှင်ရေနမှုနာများ ကောက်ယူသွားပြီး ဆက်လက်စစ်ဆေးလျှက်ရှိကြောင်း သိရသည်။

 

#ymg/ppk #Local_News #ရန်ကုန်တိုက်ကြီး #နိဗ္ဗာန်ချမ်းသာမင်္ဂလာကန် #ရွှေငါးအများအပြားသေဆုံးမှုဖြစ် #YMG #Yangon-Media-Group