#LocalNews
Published_ 27 March 2023

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၌ ခရီးသည်တင်ယာဉ်နှင့် အိမ်စီးကားတစ်စီးတို့ လမ်းကွေ့တစ်ခု၌ မျက်နှာချင်းဆိုင်တိုက်မိခဲ့သဖြင့် အိမ်စီးကားပေါ်မှ ယာဉ်မောင်း နေရာတွင်သေဆုံးခဲ့ကြောင်း သိရသည်။

မတ် ၂၆ ရက်၊ ညနေ ၄ နာရီခွဲက ကျောက်တော်မြို့နယ်ဘက်မှ မောင်းနှင်လာသော ခရီးသည် ၄၀ ဦးဝန်းကျင် လိုက်ပါစီးနင်းလာသည့် ရွှေရည်ဆုဝေ ခရီးသည်တင်ယာဉ်နှင့် ကျောက်တော်မြို့နယ် အပေါက်ဝ ကျေးရွာဘက်မှ မောင်းနှင်လာသော တိုယိုတာ အမျိုးအစား အိမ်စီးကားတို့ ကျောက်တော်မြို့နယ်ရှိ ကွမ်းအုံချောင်းကျေးရွာအနီး၌ မျက်နှာချင်းဆိုင် တိုက်မိခဲ့ကြောင်း ဒေသခံကူညီရေးအဖွဲ့တစ်ခုမှ အသင်းသားတစ်ဦးက ဆိုသည်။

"မျက်နှာချင်းဆိုင်တိုက်မိပြီး ခရီးသည်တင်ယာဉ်က လမ်းပေါ်ကို တုံးလုံးကြီးမှောက်လဲသွားတယ်။ အိမ်စီးကားက ခေါင်းပိုင်းတစ်ခြမ်းထိပြီး ကားပေါ်က ယာဉ်မောင်းကတော့ ပွဲချင်းပြီး သေဆုံးပါတယ်” ဟု ကျောက်တော်အခြေစိုက် ဖြူစင်မေတ္တာ ပရဟိတအဖွဲ့မှ အသင်းသားတစ်ဦးက ဆိုသည်။

ခရီးသည်တင်ယာဉ်မှာ လမ်းပေါ်သို့ မှောက်လဲကျခဲ့သော်လည်း ယာဉ်ပေါ်ပါ ခရီးသည် အမျိုးသမီးနှစ်ဦးသာ ပွန်းပဲ့ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် သေဆုံးသူယာဉ်မောင်းအား ကျောက်တော်ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်းလည်း သိရသည်။

ymg/ppk
#Yangon-Media-Group