#Ukraine_Crisis
Published 24 November 2022

 

ရုရှားတို့က ယူကရိန်းတို့ရဲ့ ဓာတ်အားပေးစနစ်များကို ဒုံးကျည်များဖြင့် ဗုဒ္ဓဟူးနေ့က ထပ်မံပစ်ခတ်ခဲ့ရာ ယူကရိန်းမြို့များမှ လျှပ်စစ်ဓာတ်အား၊ ရေ၊ အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်များ ပျက်စီးထိခိုက်ခဲ့ရပြီး လူသန်းပေါင်းများစွာအတွက် ဆောင်းတွင်းအကြပ်အတည်းများ ပိုမိုကြုံတွေ့လာရစေပါတယ်။

 

ဓာတ်အားပေးစက်ရုံများကို ဝေဟင်မှတိုက်ခိုက်ခဲ့ရာ နျူကလီးယားဓာတ်အားပေးစက်ရုံများ ထိခိုက်သွားပြီး အင်တာနက်ချိတ်ဆက်မှုပြတ်တောက်ကာ အိမ်နီးချင်းမော်လ်ဒိုဗာနိုင်ငံသို့ပါ ဓာတ်အားပြတ်တောက်မှုတွေ ဖြစ်ခဲ့ပါတယ်။

 

ဒေသအများအပြားမှာ တိုက်ခိုက်မှုများဆက်တိုက်ဖြစ်ပွားခဲ့ပြီး ဓာတ်အားပြတ်တောက်မှုတွေ တောက်လျှောက်ဖြစ်ပေါ်လာပါတယ်။

 

လဗိဗ်မြို့မှာ ဓာတ်အားရော ရေအားပါပြတ်တောက်သွားကာ လျှပ်စစ်ဓာတ်အားသုံးရထားများနဲ့ ဘတ်စ်ကားများ မပြေးဆွဲနိုင်တော့ကြောင်း မြို့တော်ဝန်က ပြောကြားလိုက်ပါတယ်။

 

မြို့တော်ကိဗ်တစ်မြို့လုံး ရေမရရှိတော့သလို ယူကရိန်းဒုတိယအကြီးဆုံးမြို့ခါကိဗ်မှာလည်း ဓာတ်အားပြတ်တောက်ကာ အများပြည်သူပို့ဆောင်သွားလာရေးစနစ်များ ရပ်ဆိုင်းသွားပါပြီ။

 

ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးတောင်းဆိုပေးရန် သမ္မတ'ဇယ်လန်စကီ'က ကုလဆိုင်ရာယူကရိန်းသံအမတ်ကို ညွှန်ကြားထားပါတယ်။

 

တိုင်းပြည်ရဲ့စွမ်းအင်ဓာတ်အားအပေါ် အကြမ်းဖက်နေခြင်းကို မည်သည့်ပုံစံဖြင့်မဆို ဆုံးဖြတ်ချက်ချမှတ်သွားမယ်လို့ သမ္မတကပြောကြားလိုက်ပါတယ်။

 

ယူကရိန်းရဲ့ အခြေခံအဆောက်အအုံများကို ကြည့်ရှုစစ်ဆေးရန် ကျွမ်းကျင်သူများစေလွှတ်ဖို့ ကုလသမဂ္ဂကို ဖိတ်ခေါ်လိုက်ပါတယ်။

 

ကိဗ်မြို့တော်အတွင်း တိုက်ခိုက်ခံရမှုကြောင့် လူ ၃ ဦးသေဆုံးကာ ၁၁ ဦးဒဏ်ရာရခဲ့ပြီး မြို့အစွန်ပိုင်းမှာတော့ နောက်ထပ် ၄ ဦးသေဆုံးကာ ၃၅ ဦးဒဏ်ရာရခဲ့ပါတယ်။

 

ယူကရိန်းဓာတ်အားပေးလိုင်းတွေကို ရုရှားတို့က အလျင်အမြန်တိုက်ခိုက်လာကြရာ ပြုပြင်ဖို့လိုက်မမီဘဲဖြစ်နေပါတယ်။

 

ဆောင်းတွင်းကာလအတွင်း အပူပေးစနစ်မရရှိခြင်းနဲ့ အလင်းမီးမရရှိခြင်းဖြင့် ပြည်သူတွေအနေနဲ့ စစ်ပွဲအလိုမရှိလာအောင် အမြင်ပြောင်းလဲလာစေဖို့ ရုရှားသမ္မတ'ပူတင်'က မျှော်လင့်နေတာဖြစ်ဟန်တူပြီး ဒီလိုအခြေအနေတွေကပဲ ယူကရိန်းတို့ရဲ့ဆုံးဖြတ်ချက်ကို ပိုမိုခိုင်မြဲစေမှာဖြစ်ကြောင်း ယူကရိန်းအရာရှိများက ယုံကြည်နေကြပါတယ်။

 

ယူကရိန်းထံ လက်နက်များရောက်ရှိနေခြင်းနဲ့ ရုရှားကိုအနိုင်ယူရန် ယူကရိန်းတို့ မဆင်မခြင်အယူခံဝင်ခြင်းတို့ကို တုန့်ပြန်ရန်အတွက် အခုလို အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်ရတာဖြစ်ကြောင်း ကုလဆိုင်ရာ ရုရှားသံအမတ်'ဗက်ဆီလီနီဘန်ဇီယာ'က လုံခြုံရေးကောင်စီကို ပြောကြားလိုက်ပါတယ်။

 

လူဦးရေ ၃ သန်းနေထိုင်ရာ မြို့တော်ကိဗ်မှာ ကြာသပတေးနေ့ နံနက်ပိုင်းကစပြီး လူနေအဆောက်အအုံများမှာသာ သုံးစွဲရေနဲ့ အပူပေးစနစ်များ ပြန်လည်ရရှိနေကြောင်း အစိုးရအုပ်ချုပ်ရေးအဖွဲ့ကဆိုပါတယ်။

 

ကုလဆိုင်ရာ အမေရိကန်သံအမတ်'လင်ဒါသောမတ်စ်ဂရင်းဖီးလ်'က ပူတင်ဟာ ဆောင်းတွင်းကို လက်နက်သဖွယ်အသုံးချပြီး ယူကရိန်းပြည်သူတွေ ဒုက္ခခံစားရကာ အညံ့ခံလာဖို့ စီစဉ်နေတာဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

 

တိုက်ခိုက်မှုများကြောင့် ယာယီဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်ကာ ပြုပြင်ရေးအဖွဲ့များက လုပ်ဆောင်နေပေမယ့် ပျက်စီးမှုကကြီးမားတာကြောင့် အချိန်ယူရမှာဖြစ်တယ်လို့ စွမ်းအင်ဝန်ကြီးဌာနက ဖေ့စ်ဘွတ်ခ်မှာ ကြေညာထားပါတယ်။

 

Source: AP News
#Yangon_Media_Group