Published 22 February 2024

နာဆာ(NASA)နဲ့ ဂျပန်အာကာသ လေ့လာရေးအေဂျင်စီ(JAXA)တို့က ကမ္ဘာ့ပထမဆုံး သစ်သားဂြိုဟ်တု LignoSat Probe ကို အာကာသသို့ လွှတ်တင်ရန် ကြံရွယ်နေကြပြီး အာကာသဂြိုဟ်တုများ ရေရှည်လည်ပတ်နိုင်ရန် ကြိုးပမ်းလာတာ ဖြစ်ပါတယ်။

အဆိုပါဂြိုဟ်တုကို ကျိုတိုတက္ကသိုလ်မှ သိပ္ပံပညာရှင်များက ဆူမီတိုမိုဖောရက်စ်ထရီ သစ်သားကုမ္ပဏီနဲ့ ပူးပေါင်းဆောက်လုပ်ထားတာ ဖြစ်ပါတယ်။

ဂြိုဟ်တုက ဇီဝပြိုကွဲမှုသဘာဝက ကမ္ဘာကြီးရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းမှုကို ကူညီပေးနိုင်မယ်လို့ ယူဆနေကြပါတယ်။

ကမ္ဘာမြေရဲ့ လေထုအလွှာဟာ အာကာသယာဥ်တွေ ဂြိုဟ်တုတွေကနေ ထွက်လာတဲ့ သတ္တုအမှုန်များနဲ့ ထိခိုက်ပြီး ကမ္ဘာကြီးရဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတယ်လို့ ကျိုတိုတက္ကသိုလ်မှ ဂျပန်အာကာသ အင်ဂျင်နီယာက ပြောပြခဲ့ပါတယ်။

ထိုသတ္တုတွေက ကမ္ဘာ့အိုဇုန်းလွှာကို ထိခိုက်စေနိုင်ကြောင်း ကျွမ်းကျင်သူများ ယူဆထားပါတယ်။

ဒီအတွက် အာကာသထဲမှာ မလောင်ကျွမ်း မပုပ်မသိုးနိုင်တဲ့ သစ်သားနဲ့ အစားထိုးအသုံးပြုရန် စဥ်းစားလာကြပါတယ်။

နိုင်ငံတကာ အာကာသစခန်းမှာ ယခုနှစ်အစောပိုင်းက သစ်သားနမူနာများဖြင့် အောင်မြင်စွာ စမ်းသပ်ပြီးနောက် ဂြိုဟ်တုကို လွှတ်တင်နိုင်မယ်လို့ ယုံကြည်လာကြပါတယ်။

ကော်ဖီကရား အရွယ်အစားလောက်သာရှိတဲ့ ဂြိုဟ်တုဟာ အာကာသထဲမှာ အနည်းဆုံး ၆ လလောက် လုပ်ဆောင်နေနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

LignoSat ဂြိုဟ်တုကိုသာ အောင်မြင်စွာ လွှတ်တင်နိုင်ပြီး အာကာသထဲမှာ လုပ်ဆောင်နိုင်တယ်ဆိုရင် နောက်ထပ်ဂြိုဟ်တုတွေကို သစ်သားဖြင့် ဆောက်လုပ်လာနိုင်မယ့် အခွင့်အလမ်းများ ရှိလာနိုင်ပါတယ်။
Source: WION.
#World_Science
#Published_ 22 February 2024
#YMG_News #Yangon_Times #Yangon_Media_Group