၂၈ ဧပြီ ၂၀၂၄

မြန်မာလှေသား (၇)ဦးပါဝင်တဲ့ ထိုင်းငါးဖမ်းစက်လှေတစ်စီး ယနေ့ ဧပြီ ၂၈ ရက် တနင်္ဂနွေနေ့ မနက်စောစောပိုင်းမှာ ကပ္ပလီ    ပင်လယ်အတွင်း မီးလောင်မှုဖြစ်ခဲ့လို့ ထိုင်းရေကြောင်းတပ်တစ်ခုက သွားရောက်ကယ်တင်ပေးနိုင်ခဲ့တယ်လို့ ထိုင်းမီဒီယာ     တွေက သတင်းဖော်ပြကြပါတယ်။ အဆိုပါ ငါးဖမ်လှေမှာ မြန်မာ ၇ဦးနှင့်အတူ ထိုင်းလူမျိုး (၂)ဦးလည်း အတူတူ  လိုက်ပါလာခဲ့  တာဖြစ်ပြီး အားလုံးကို ဘေးကင်းစွာကယ်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ယနေ့ မနက် ၃နာရီခွဲခန့်မှာ ဆရီသွန်းပေ-၇ အမည်ရှိ ထိုင်းငါးဖမ်းစက်လှေတစ်စီးဟာ  ဖန်ငါးအနီး ခိုဆူရင်းကျွန်းများရဲ့ အနောက်တောင်ဘက် ရေမိုင် ၁၅ မိုင်အကွာခန့်မှာ  ဆီပြန်ဖြည့်ရင်း မီးလောင်နေတယ်လို့ ထိုင်းပင်လယ်ရေကြောင်းစိုးမိုးရေး ဒေသ၃ စစ်တိုင်းက သတင်းအချက်အလက်ရရှိခဲ့တာလို့ သတင်းများမှာဖော်ပြထားပါတယ်။

မနက် ၄နာရီခန့်မှာ အခြားသော ငါးဖမ်းစက်လှေတစ်စီးဖြစ်တဲ့ ချန်ယူဒွမ်ဆွမ်ဘက်-၁ ပေါ်က လှေသားတွေဟာ အဆိုပါ   စက်လှေမီးလောင်နေတာကို မြင်တွေ့လို့ မီးလောင်နေတဲ့ စက်လှေပေါ်က တစ်ဦးတစ်ယောက်မကျန် လှေသားအားလုံးကို သူတို့စက်လှေထဲ ကယ်ထုတ်တင်ဆောင်ပေး ခဲ့ကြတာဖြစ်ပါတယ်။

ရေတပ်ရဲ့ လေကြောင်းနှင့် ကမ်းခြေကာကွယ်ရေးတပ်ဟာ အဲဒီနေရာကို စပိတ်ဘုတ်ခ်တစ်စီး လွှတ်ပေးခဲ့ပြီး ချန်ယူ  ဒွမ်ဆွမ်ဘက်-၁ပေါ်မှာကယ်တင်ထားတဲ့ မြန်မာ(၇)ဦးနှင့်ထိုင်း(၂)ဦး တို့ကို သွားရောက်ခေါ်ဆောင်ခဲ့ပါတယ်။ အဲဒီနောက်သူတို့ကို ခုရာပူရီခရိုက် ငါးဖမ်းဆိပ်တစ်ခုကို ပို့ဆောင်ပေးခဲ့ပါတယ်။ထိခိုက်ဒဏ်ရာရရှိထားသူတွေကိုတော့ ဆေးရုံတင်ပေးခဲ့ပါတယ်လို့သိရပါတယ်။

မီးလောင်မှုကြာင့်  လှေသား(၅)ဦးဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီထဲက တစ်ဦးကတော့ အသက် ၅၄နှစ်အရွယ်ရှိ ထိုင်းလူမျိုး စက်ပြင်ဆရာ ပိုင်ရိုက်ပါလာဖြစ်ပြီး သူဟာ မီးလောင်ဒဏ်ရရရှိထားတယ်လို့သိရှိရပါတယ်။

@ymg/knl