၃၀ ဧပြီ ၂၀၂၄

ရုရှား၏လေကြောင်းရန်ကာကွယ်ရေးစနစ်များက လွန်ခဲ့သော ၂၄နာရီအတွင်း ယူကရိန်းက    ပစ်လွှတ် လိုက်တဲ့ အမေရိကန်ထုတ် ကြည်းတပ်စစ် နည်းဗျူဟာဒုံးကျည်  စနစ် Army Tactical Missile Systems (ATACMS) ဒုံးကျည်(၆)စင်းကို ပစ်ချနိုင်ခဲ့တယ်လို့ ဧပြီ၃၀ရက်မှာ ရုရှားကထုတ်ဖော်ပြောကြားပါတယ်။

အမေရိကန်နိုင်ငံက ယူကရိန်းထံသို့ စစ်ရေးအကူအညီ အမေရိကန်ဒေါ်လာသန်း၃၀၀အတွဲရဲ့ အစိတ်    အပိုင်းအဖြစ်  တာဝေးပစ်ဒုံးကျည်တွေကို လျှို့ဝှက်စွာပေးပို့ခဲ့ပြီးဖြစ်ပါတယ်။အဆိုပါစစ်ရေးအကူအညီကို ပြီးခဲ့တဲ့မတ် ၁၂ရက်က အမေရိကန်သမ္မတဂျိုးဘိုင်ဒင်အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။

၃၀၀ကီလိုမီတာအထိသွားနိုင်တဲ့ ATACMS ဒုံးကျည်တွေကို ယူကရိန်းသို့တင်ပို့ရေးကိစ္စကို ဘိုင်ဒင်အစိုးရ အတွင်းမှာ ပြီးခဲ့တဲ့လများက အကြိတ်အနယ်ငြင်းခုန်ခဲ့ကြရပါတယ်။ တာလတ် ATACMS ဒုံးကျည်တွေကို တော့ ပြီးခဲ့တဲ့စက်တင်ဘာက ယူကရိန်းသို့တင်ပို့ပေးပြီးပြီလို့သိရပါတယ်။

အဆိုပါ ATACMS ဒုံးကျည်ခြောက်စင်းကို ဘယ်နေရာတွေမှာ ပစ်ချခဲ့တာလဲဆိုတာကိုတော့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်မပြောပါဘူး။

“ ယူကရိန်းရဲ့ ဒရုန်းဆယ်စင်း၊ အမေရိကန်ထုတ် ATACMS ဒုံးကျည် ခြောက်စင်းနှင့် ပြင်သစ်ထုတ် ပဲ့ထိန်းစနစ်သုံး ဟမ်မား လေယာဉ်ဗုံး (၂)လုံးကို ရုရှားရဲ့လေကြောင်းရန်ကာကွယ်ရေးက ပစ်ချခဲ့တာလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကပြောဆိုခြင်းဖြစ်ပါတယ်။

ATACMS ဒုံးျကည်တွေကို ကျွန်းဆွယ် အပေါ်မှာ ပစ်ချခဲ့တာလို့ ရုရှားကျောထောက်နောက်ခံပြုထားတဲ့ ခရိုင်မီးယားဒေသအကြီးအကဲ ဆာဂေးအက်ယိုနော့ဗ်က ပြောပါတယ်။

သူက မပေါက်ကွဲသေးတဲ့ ATACMSဒုံးကျည်ပုံတွေကို သူ့တယ်လီဂရမ်ချယ်နယ်မှာတင်ထားတာဖြစ်ပြီး ဒုံးကျည်ဘယ်နှစင်းဆိုတာလဲတော့ သူကမပြောပါဘူး။

Source Reuters

@ymg/knl