#Local_News
Published_ 13 June 2023

မိုခါမုန်တိုင်းဒဏ်သင့် မြန်မာပြည်သူများထံသို့ လူသားချင်း စာနာထောက်ထားမှု အရ တရုတ်နိုင်ငံမှပေးပို့သည့် ခြင်ထောင်နှင့်စောင်များ အမေရိကန်ဒေါ်လာ ခန့်မှန်း ၉၇,၅၀၀ ခန့်တန်ဖိုးရှိ အရေးပေါ် အကူအညီပစ္စည်းများ တန်ချိန်စုစုပေါင်း ၉ တန်ခန့်သည် ဇွန် ၁၂ ရက် နံနက်ပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာခဲ့ ပါတယ်။

ရောက်ရှိလာသည့် အကူအညီပစ္စည်းများကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Mr. Chen Hai နှင့် သံရုံးတာဝန်ရှိသူများက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများထံ လွှဲပြောင်းပေးအပ်ပွဲကို ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကျင်းပခဲ့ပါတယ်။

ရှေးဦးစွာ သံအမတ်ကြီး Mr. Chen Hai က တရုတ်ပြည်သူ့ သမ္မတနိုင်ငံအနေဖြင့် တရုတ်-မြန်မာ ချစ်ကြည်စွာ အတူတကွ လက်တွဲလုပ်ဆောင်လျှက်ရှိရာ ယခုလို အချိန်အခါမျိုးတွင်လည်း တရုတ်နိုင်ငံအနေဖြင့် ကူညီကယ်ဆယ်ရေး၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းများတွင် အိမ်နီးချင်းကောင်းပီသစွာ လိုအပ်သည်များကို ပံ့ပိုးကူညီ ဆောင်ရွက်မှုများအား ဆက်လက် လုပ်ဆောင်သွားမယ်လို့ ပြောကြားပါတယ်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လှူဒါန်းမှုအတွက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (ကိုယ်စား) ကျေးဇူးတင်ရှိပါကြောင်းနှင့် မုန်တိုင်းဒဏ်သင့် ပြည်သူများထံသို့ လူသားချင်း စာနာထောက်ထားမှုအရ လှူဒါန်းလာသည့် ပစ္စည်းများကိုလည်း အဆိုပါဒေသများသို့ အမြန်ဆုံးရောက်ရှိရေး ဆက်လက်ပေးပို့နေမှု၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အမြန်ဆုံးပြီးစီးရေး ဝိုင်းဝန်း လုပ်ဆောင်နေမှု အခြေအနေများကို ပြောကြားပါတယ်။

လေဘေးသင့်ပြည်သူများထံသို့ လှူဒါန်းသည့် ပစ္စည်းများမှာ အမေရိကန်ဒေါ်လာ ခန့်မှန်း ၉၇,၅၀၀ ခန့်တန်ဖိုးရှိ ခြင်ထောင် ၁ သောင်းနှင့် စောင် အထည် ၁ သောင်း တို့ဖြစ်ပါတယ်။
ygm_mnn
#Local_News #မိုခါမုန်တိုင်းဘေးသင့်ပြည်သူများ #ခြင်ထောင်နှင့်စောင်များပံ့ပိုး
#YMG #Yangon_Media_Group