Published_ 20 May 2024

           နေပြည်တော်တွင် ပြေးဆွဲရန် စီစဉ်နေသော လျှပ်စစ်သုံး EV Bus များဖြင့်  မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ဘုရားဖူးပြည်သူများ  အလွယ်တကူလာရောက် ဖူးမျှော်နိုင်သည်အထိ လျာထားဆောင်ရွက်လျက်ရှိကြောင်း နေပြည်တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။

အဆိုပါလျှပ်စစ်သုံး EV Bus လမ်းကြောင်းများကို စီစဉ်ရာတွင်နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ဘုရားဖူးပြည်သူများ EV ယာဉ်လိုင်းများဖြင့် အလွယ်တကူလာရောက် ဖူးမျှော်နိုင်သည်အထိ လျာထားဆောင်ရွက်လျက်ရှိကြောင်း၊ တပ်ကုန်း၊ ပျဉ်းမနား၊ လယ်ဝေး စသည့် မြို့နယ်များဘက်သို့ ချိတ်ဆက်ပြေးဆွဲပေးသွားရန် စီစဉ်ထားပြီး အဓိကအားဖြင့် ဘုရားလာဖူးမည့်သူများအတွက် အလွယ်တကူစီးနင်းနိုင်ရန် လျာထားကြခြင်းလည်းဖြစ်ကြောင်းသိရသည်။

အဆိုပါ ပြေးဆွဲမည့် လျှပ်စစ်သုံး EV Bus များကို ပြည်ပမှ ဝယ်ယူတင်သွင်း၍ အသုံးပြုသွားမည်ဖြစ်ပြီး နေပြည်တော်ကောင်စီ နယ်မြေအတွင်း Public Transportation အတွက် Electric Vehicle များဖြင့် မြို့တွင်းယာဉ်လိုင်းများ ပြေးဆွဲနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုလည်း ပြီးခဲ့သော ရက်ပိုင်းအတွင်းက ပြုလုပ်ကာ ယင်းကဲ့သို့လျာထားကြောင်း အဆိုပါအစည်းအဝေး၌ ဆိုထားကြခြင်းလည်းဖြစ်သည်။

ပြေးဆွဲမည့် ခရီးစဉ်လမ်းကြောင်းများနှင့် မှတ်တိုင်များ သတ်မှတ်သွားရန်လည်း စီစဉ်နေပြီး လတ်တလောတွင် လုပ်ငန်းများ လျင်မြန်စေရန် ဦးဆောင်ကော်မတီနှင့် သက်ဆိုင်ရာကော်မတီများ အသီးသီးကို ဖွဲ့စည်းလုပ်ဆောင်နေခြင်းလည်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် နိုင်ငံဖွံ့ဖြိုးတိုးတက်အဆင့်မြင့်အောင်ဆောင်ရွက်ရာတွင် သယ်ယူပို့ဆောင်ရေးလုပ်ငန်းအတွက် နိုင်ငံခြားမှဝယ်ယူတင်သွင်းနေရသည့် လောင်စာဆီများ လျော့နည်းသက်သာစေရန်နှင့် သဘာဝ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို ထိန်းသိမ်းကာကွယ်နိုင်ရန်၊ လျှပ်စစ်ကိုအခြေခံသည့် ပို့ဆောင်ရေးစနစ်များ အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် လျှပ်စစ်ရထားနှင့် လျှပ်စစ် Bus Car များ ပြေးဆွဲနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Yangon_Times/NN
#Local_News
#Published_ 20 May 2024
#Yangon_Times #YMG_News #Yangon_Media_Group