15 February 2024

ပြည်သူ့စစ်မှုထမ်းဥပဒေအာဏာတည်ခြင်းနှင့်ပတ်သက်၍ ပြည်ပထွက်ခွာခွင့်ပိတ်ပင်ခြင်းမရှိဘဲ ယခင် အတိုင်း ဥပဒေနှင့်အညီဝင်/ထွက်ခွင့်ပြုနေကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာနမှထုတ်ပြန်လိုက်ကြောင်းသိရသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်ကြောင်း သတ်မှတ်ခြင်းနှင့်ပတ်သက်၍ ပြည်သူများ၏ ပြည်ပထွက်ခွာခွင့်များအား လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ညွှန်ကြားချက်များ၊ ကန့်သတ်ချက်များ ထုတ်ပြန်စိစစ်တားဆီးခြင်းမရှိဘဲ အပြည်ပြည်ဆိုင်ရာလေဆိပ်များဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် လေဆိပ်များအပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသော နယ်စပ်ဝင်/ ထွက်ဂိတ်များမှ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဝင်ထွက်ခွင့်ပြုခြင်းများကို ယခင်အတိုင်း ဥပဒေနှင့်အညီ စနစ်တကျ ဝင်/ထွက်ခွင့်ပြု ဆောင်ရွက်ပေးလျက်ရှိသည်ဟုဆိုသည်။

ထုတ်ပြန်ချက်တွင် ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေး ကောင်စီဥပဒေအမှတ် ၂၇/၂၀၁၀ ဖြင့် ပြဋ္ဌာန်းထားခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေပုဒ်မ ၁၊ ပုဒ်မခွဲ (ခ) အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်သူ့စစ်မှုထမ်းဥပဒေအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စတင်အာဏာတည်ကြောင်းသတ်မှတ်သည့် အမိန့်ကြော်ငြာစာကို (၁၀-၂-၂၀၂၄) ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ကြောင်း၊

ယခုအခါ အဆိုပါထုတ်ပြန်ချက်အပေါ် မီဒီယာအချို့နှင့် လူမှုကွန်ယက်စာမျက်နှာအချို့ တို့တွင် ပြည်သူများ၏ ပြည်ပထွက်ခွာခွင့်များနှင့်ပတ်သက်၍ တားဆီးပိတ်ပင်နေသည်ဆိုသည့် ကောလာဟလ သတင်းအမှားများထွက်ပေါ်လျက်ရှိကြောင်း၊

ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်ကြောင်း သတ်မှတ်ခြင်းနှင့်ပတ်သက်၍ ပြည်သူများ၏ ပြည်ပထွက်ခွာခွင့်များအား လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ညွှန်ကြားချက်များ၊ ကန့်သတ်ချက်များ ထုတ်ပြန်စိစစ်တားဆီးခြင်းမရှိဘဲ အပြည်ပြည်ဆိုင်ရာလေဆိပ်များဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် လေဆိပ်များအပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသော နယ်စပ်ဝင်/ ထွက်ဂိတ်များမှ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဝင်ထွက်ခွင့်ပြုခြင်းများကို ယခင်အတိုင်း ဥပဒေနှင့်အညီ စနစ်တကျ ဝင်/ထွက်ခွင့်ပြု ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ပြည်ပထွက်ခွာခွင့်များ နှင့်ပတ်သက်၍ မည်သည့်ညွှန်ကြားချက်မျှ သီးခြားထုတ်ပြန် ဆောင်ရွက် ထားခြင်းမရှိကြောင်း အသိပေးကြေညာထားကြောင်းဖော်ပြပါရှိသည်။
Yangon Times/tthl
#Local_News
#Published_ 15 February 2024
#YMG_News #Yangon_Times #Yangon_Media_Group