#Local_News
Published_ 26 April 2023

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓ ဥယျာဉ်တော်အတွင်းတည်ထားကိုးကွယ်ရန် ဆောင်ရွက်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှု ၉၅ ရာခိုင်နှုန်း ရှိပြီ ဖြစ်ကြောင်း သိရသည်။

 

ဧပြီလ ၂၅ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ထုဆစ်ပြီးစီးမှု၊ တံခွန်တိုင် တည်ဆောက်နေမှု၊ ဂန္ဓကုဋိတိုက်များ တည်ဆောက်ပြီးစီးမှု၊ သုဓမ္မာဇရပ်များတည် ဆောက်ပြီးစီးမှု၊ ရေပန်းရင်ပြင် တည်ဆောက်ပြီးစီးမှု၊ အဝင်မုဒ်ဦးများ တည်ဆောက် ပြီးစီးမှု၊ ကျောက်စာရုံစေတီတော်များတည်ဆောက်ပြီးစီးမှု၊ မုစလိန္ဒအိုင် တည်ဆောက် ပြီးစီးမှုအခြေအနေများကိုသွားရောက်ကြည့်ရှုခဲ့ကြောင်းလည်း သိရသည်။

 

မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓ သာသနာတော်ကြီး ခိုင်မာစွာ ထွန်းလင်းတောက်ပလျက်ရှိသည်ကို ကမ္ဘာသို့ ပြသရန်၊ မြန်မာနိုင်ငံသည်ထေရဝါဒ ဗုဒ္ဓဘာသာကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ တိုင်းပြည် အေးချမ်း သာယာမှုရှိစေရန်၊ ကမ္ဘာကြီးငြိမ်းချမ်းသာယာမှုဖြစ်စေရန် စသည့် ရည်ရွယ် ချက် ၄ ရပ်ဖြင့် တည်ထားကိုးကွယ်ရန် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။

 

ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း (၁၊၂၊၃)တို့ကိုတွဲဆက်ထား သည့် ဆင်းတုတော်အစိတ်အပိုင်းကြီးအား ပြီးခဲ့သည့် ဇန်နဝါရီလ ၂၆ ရက် ကရတနာ ပလ္လင်တော်ထက်သို့ စတင်ပင့်ဆောင်ခဲ့ကာ ဇန်နဝါရီလ ၃၁ ရက်တွင် ပလ္လင်တော်ထက် သို့ အောင်မြင်စွာပင့်ဆောင်ပူဇော်နိုင်ခဲ့ကြောင်း၊ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာ ပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ဦးဆောင်ဘုရားဒါယကာနစက ဥက္ကဋ္ဌ အမှူးပြုသည့် မြန်မာနိုင်ငံတော်တစ်ဝန်းလုံးမှ (၇)ရက် သား၊ သမီး၊ ဒါယကာ၊ ဒါယိကာမများ၊ ဘုရား စေတနာရှင်၊ အလှူရှင်များက ကုသိုလ်ပြုလှူဒါန်းထားသော အဖိုးတန်ကျောက်မျက် ရတနာဌာပနာတော် ကုသိုလ်ပစ္စည်းများ ဌာပနာသွင်းလှူပူဇော်ခြင်း ကို ဇန်နဝါရီလ ၂၇ နှင့် ဖေဖော်ဝါရီလ ၁၀ ရက် တို့တွင် ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

 

ယင်းနောက် ဖေဖော်ဝါရီလ ၁၁ ရက်တွင် ဆင်းတုတော်အပိုင်း ၄ ကိုရတနာ ပလ္လင်တော် ထက်သို့ ပင့်ဆောင်ပူဇော်ခဲ့ရာ ယခုအခါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ထုဆစ်မှုမှာ ၉၅ ရာခိုင် နှုန်း ပြီးစီးပြီဖြစ်သည့်အပြင် ဗုဒ္ဓဥယျာဉ်တော်ကြီး အတွင်း သာသနိက အဆောက်အဦများစွာကိုလည်း ထည့်သွင်း တည်ဆောက် လျက်ရှိကြောင်း သိရသည်။

 

ထို့ပြင် ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ကျမ်းစာများကို ကမ္ဘာကသိရှိနိုင်ရေးအတွက် စကျင် ကျောက်ချပ်များပေါ်၌ ခေတ်မီစက်ကိရိယာများ အသုံးပြုပြီး ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ကျောက်စာတော်များ တည်ထား ဆောင်ရွက်လျက်ရှိကြောင်း၊ ထုဆစ်ပြီးစီးသည့် ဗုဒ္ဓမြတ်စွာဘုရား၏နှုတ်ကပါဌ်တော်လာ ပိဋကတ်သုံးပုံ အဋ္ဌကထာ ဋီကာကျမ်းစာများကို မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ မျက်နှာတော်မူရာ ရှေ့မျက်နှာစာ၌ စိုက်ထူပူဇော်ထားရှိပြီး ဘုရားဖူးလာ မိဘပြည်သူများအနေဖြင့် ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ချိန်တွင် ကျောက်စာတိုက်အတွင်းရှိ ပိဋကတ်သုံးပုံတော်လာ အဋ္ဌကထာဋီကာကျမ်းစာများကို တစ်ပါတည်း လေ့လာနာယူ ကြည်ညိုနိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်းလည်း သိရသည်။

 

အလားတူ ကမ္ဘာပေါ်ရှိ ဘုန်းတော် ကြီးကျောင်းများသို့ ဖြန့်ဝေရန်အတွက်လည်း ပိဋကတ်ကျမ်းစာအုပ်များကို ပါဠိအက္ခရာနှင့် Romanize Language တို့ဖြင့် ရိုက်နှိပ်ရန် စီမံဆောင်ရွက်လျက်ရှိ ကြောင်း၊ယခုအခါ သာသနိကအဆောက်အအုံများနှင့် ဗုဒ္ဓဥယျာဉ်တည်ဆောက်မှုမှာ ၈၂ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်းလည်း သိရသည်။

ymg/pl
#Local_News #မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး #၉၅ရာခိုင်နှုန်းပြီး
#YMG #Yangon_Media_Group