#Local_News
Published_ 29 March 2023

 

ရခိုင်ပြည်နယ် ကျောက်တော်မြို့ရှိ ယာယီခိုလှုံရာစခန်းတွင် နေထိုင်ကြသည့် စစ်ဘေးရှောင် ၂၇၀၀ ကျော် ယနေ့ မတ်လ ၂၉ ရက်တွင် နေရပ်သို့ ပြန်ကြပြီ ဖြစ်ကြောင်း ကျော်တော်မြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန က သိရသည်။

 

အဆိုပါ နေရပ်ပြန်ကြသည့် ကျောက်တော်မြို့နယ်မှ ကျေးရွာအုပ်စု ၁၀ အုပ်စု၊ ကျေးရွာ ၁၇ ရွာနှင့် ပလက်ဝမြို့နယ်မှ ကျေးရွာ ၆ ရွာ အိမ်ထောင်စု ၆၄၄ စု၊ လူဦးရေ ၂၇၀၆ ဦးတို့အား ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ငွေနှင့် လူသုံးကုန်ပစ္စည်းများကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

ထောက်ပံ့မှုများမှာ အိမ်ထောင်စု ၁ စုလျှင် ငွေကျပ် ၅ သိန်းနှုန်းစီ ဖြင့် အိမ်ထောင်စု ၆၄၄ စုအတွက် ထောက်ပံ့ငွေကျပ် ၃၂၂၀ သိန်း ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ နေရပ်ပြန်ပြောင်းရွှေ့စရိတ်အဖြစ် အိမ်ထောင်စု ၁ လျှင် ငွေကျပ် ၁ သိန်းနှုန်းစီဖြင့် ငွေကျပ် ၆၄၄ သိန်း၊ လူတစ်ဦးကို ဆန်၊ ရိက္ခာ ၁ ရက်လျှင် ဆန် ၂ ဘူးနှုန်းစီဖြင့် အိမ်ထောင်စု ၆၄၄ စု၊ လူဦးရေ ၂၇၀၆ ဦးအတွက် တစ်လစာ ရိက္ခာဆန်ဖိုးငွေ ၂၄,၃၅၄,၀၀၀ ကျပ် ၊ လူသုံးကုန်ပစ္စည်း ၁၇ မျိုးပါဝင်သော Family Kit ပုံး ၆၄၄ ပုံး တို့ကို ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ယင်းထောက်ပံ့မှုများကို ယာယီခိုလှုံရာစခန်းမှ အိမ်ထောင်စုဝင်များ၏ ကိုယ်စားလှယ်များထံ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြကြောင်းလည်း ကျော်တော်မြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန က သိရသည်။

 

#ymg/mt #Local_News #ကျောက်တော် #စစ်ဘေးရှောင် #နေရပ်ပြန်
#YMG #Yangon_Media_Group