#LocalNews
Published-19 March 2023

 

LINCHR အမျိုးအစား၊ လျှပ်စစ်သုံးယာဉ် အားသွင်းစက် (EV Charger) 60 KW ငါးခု ထပ်မံရောက်ရှိကြောင်း အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီက သိရသည်။

 

ယင်းကို Essential Motor Co.,Ltd. မှ တင်သွင်းလာခြင်းဖြစ်ပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မတ်လ ၁၈ ရက်က ထုတ်ယူခွင့်ပြုခဲ့ကြောင်း၊အဆိုပါအားသွင်းစက်များ တင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။

 

လက်ရှိတွင် Charging Station များကို ရန်ကုန်-မန္တလေး အမြန်လမ်း (၂၀၁)မိုင်ရှိ နေပြည်တော် စီလမ်းဆုံ ယာဉ်ရပ်နားစခန်း၊(၁၁၅) မိုင်ရှိ (ဖြူး)ယာဉ်ရပ်နား စခန်း၊ မိုင်တိုင်(ဝ/၀)ရှိ အမှတ်(၃) တိုးလ်ဂိတ် တို့တွင် Earth Renewable Energy Co.,Ltd အနေဖြင့်လည်းကောင်း၊ အောင်မင်္ဂလာအဝေးပြေး ဝင်းအတွင်း၌ Myanmar Brilliance Auto Co.,Ltd က လည်းကောင်း ၊ သီရိမင်္ဂလာဈေး၌ Asia Pacific Automaker Corporation Co.,Ltd ကလည်းကောင်း၊ အလုံမြို့နယ် အောက်ကြည့်မြင်တိုင်လမ်း သခင်မြပန်းခြံ၌ Chin Dwin Shan Co.,Ltd ကလည်းကောင်း၊ ရန်ကုန်ဘူတာကြီးအနီး၌ Essential Motors Co.,Ltd ကလည်းကောင်း အသီးသီးဆောက်လုပ်နေကြကြောင်း သိရသည်။

 

မြန်မာနိုင်ငံအတွင်း လျှပ်စစ်သုံးယာဉ်များ အသုံးပြုနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင် ကော်မတီက Pilot Project အနေဖြင့် နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးတစ်လျှောက်တွင် လျှပ်စစ်သုံး ယာဉ်များ လွယ်ကူလျင်မြန်စွာ အားသွင်းနိုင်ရေး အတွက် လျှပ်စစ်ဓာတ်အားဖြည့်သွင်းရုံ (Charging Station)များ တည်ဆောက်ရန် စီမံဆောင်ရွက်လျက်ရှိရာ နေပြည်တော်အတွင်း NPK Motor Co.,Ltd က ပထမဦးစွာ တည်ဆောက်ဖွင့်လှစ် အသုံးပြုနိုင်ခဲ့ပြီး တည်ဆောက်ပြီး Charging Station နှင့်အတူ လျှပ်စစ်သုံး Taxi အငှားယာဉ်လုပ်ငန်းကိုလည်း စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group