၂၂ ဇူလိုင် ၂၀၂၄
အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ဟာ သမ္မတအဖြစ်ပြန်လည်အရွေးခံမယ့် သူ့အစီအစဉ်ကိုလက်လွှတ်လိုက်ပြီလို့ တနင်္ဂနွေနေ့ (ဇူလိုင်၂၁)က ကြေညာပါတယ်။ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် ဒီမိုကရက်တွေရဲ့ဖိအားတွေကြီးမားလာတဲ့ အတွက်ဘိုင်ဒင်ဟာ သမ္မတပြိုင်ပွဲကနေ နှုတ်ထွက်ပေးလိုက်တာဖြစ်ပြီး နိုဝင်ဘာရွေးကောက်ပွဲမှာ ရီပတ်ဘလီကင်ရဲ့ သမ္မတလောင်း ဒေါ်နယ်ထရမ့်ကို ရင်ဆိုင်ဖို့ သူ့ရဲ့လက်ရှိဒုသမ္မတ ကာမလာဟာရစ်ကို ပါတီရဲ့ သမ္မတလောင်းအဖြစ်သူက ထောက်ခံပေးလိုက်ပါတယ်။
ဘိုင်ဒင်ဟာ ပြီးခဲ့တဲ့လက ကိုဗစ်-၁၉ ကူးစက်ခံရတဲ့အတွက် အများပြည်သူမြင်ကွင်းမှာ ကွယ်ပျောက်နေခဲ့ပြီး ဒီလာဝဲပြည်နယ် ရီဟိုဘုသ်ကမ်းခြေက သူ့ရဲ့အိမ်မှာ ကန့်သတ်နေထိုင်နေရတာဖြစ်ပါတယ်။
“ ကျွန်တော် ရွေးကောက်ပွဲပြန်ဝင်ဖို့ကြိုးစားနေတဲ့အချိန်မှာပဲ ကျွန်တော့်ပါတီနှင့်နိုင်ငံရဲ့ အကောင်းဆုံး အကျိုးစီးပွားအတွက် ကျွန်တော်အဲဒီကနေထွက်လိုက်ပြီး ကျွန်တော့်ရဲ့သမ္မတလက်ကျန်သက်တမ်းမှာ အပြည့်အဝ တာဝန်ထမ်းဆောင်တာကိုပဲအာရုံစိုက်ဖို့ကို ကျွန်တော်ယုံကြည်လိုက်ပါတယ်”လို့ ဘိုင်ဒင်က အိတ်စ် မှာ စာရေးတင်ခဲ့ပါတယ်။
ဘိုင်ဒင်ကြေညာပြီးသိပ်မကြာခင်မှာပဲ “ ဟာရစ်ဟာ ဂျိုးဘိုင်ဒင်ထက်တောင်ပိုပြီး အနိုင်ရဖို့လွယ်လိမ့်မယ်” လို့ ထရမ့်က စီအင်န်အင်န်ရုပ်သံကိုပြောကြားလိုက်ပါတယ်။
ဒီမိုကရက်တစ်အမျိုးသားကော်မတီဥက္ကဋ္ဌ ဂျေမီဟာရစ်ဆင်က ပါတီရဲ့ သမ္မတလောင်းအဆိုပြုရွေးချယ်မှု နောက်အဆင့်တွေကို အမေရိကန်ပြည်သူတွေ မကြာမီကြားသိရပါမယ်လို့ ပြောပါတယ်။
လက်ရှိသမ္မတတစ်ဦးဟာ ပါတီရဲ့ အဆိုပြုမှုကို လက်လျှော့လိုက်တာ အမေရိကန်နိုင်ငံမှာ ရာစုနှစ် တစ်ဝက်ကျော်ကကာလအတွင်း ဒါဟာပထမဆုံးပဲဖြစ်ပါတယ်။
Source Reuters
၂၁ ဇူလိုင် ၂၀၂၄
ဇူလိုင်၁၉ရက်သောကြာနေ့က တရုတ်နိုင်ငံ အနောက်မြောက် ရှန်ဇီပြည်နယ်မှာ မိုးသည်းထန်စွာရွာသွန်းတဲ့အတွက် အမြန်လမ်းမတံတားကြီးတစ်စင်း ကျိုးကျခဲ့ရာ လူ ၁၂ ဦးသေဆုံးပြီး ၃၁ ဦးပျောက်ဆုံးနေတယ်လို့ ဒေသဆိုင်ရာအာဏာပိုင်တွေက စနေနေ့မှာပြောပါတယ်။
Source CCTV
၂၁ ဇူလိုင် ၂၀၂၄
အမေရိကန်ရီပတ်ဘလီကင် သမ္မတလောင်း ဒေါ်နယ်ထရမ့်က ရုရှားနှင့်စစ်ပွဲအဆုံးသတ်ဖို့အတွက် ယူကရိန်းခေါင်းဆောင် ဗိုလိုဒီမာဇီလင်စကီးနှင့် သူဖုန်းဆက်သွယ်ပြောဆိုခဲ့တယ်လို့ သောကြာနေ့က ပြောပါတယ်။
“ သမ္မတ ဇီလင်စကီးနှင့် ဆက်သွယ်လို့ရရင် သူ့ကိုကျေးဇူးတင်ပါတယ်။ အမေရိကန်ရဲ့ လာမယ့်သမ္မတတစ်ဦးအဖြစ် ကျွန်တော်ဟာ ကမ္ဘာကြီးထံ ငြိမ်းချမ်းရေးယူဆောင်လာပါမယ်။ လူ့အသက်ပေါင်းများစွာသေဆုံးပြီး မရေမတွက်နိုင်တဲ့ အပြစ် ကင်းစင်တဲ့မိသားစုတွေ ဒုက္ခရောက်ကြရတဲ့ စစ်ပွဲကို အဆုံးသတ်ပါမယ်” လို့ ထရမ့်က သူ့ရဲ့ဆိုရှယ်မီဒီယာပလက်ဖောင်း Truth မှာ ရေးသားခဲ့ပါတယ်။
“ နှစ်ဘက်စလုံးဟာ အကြမ်းဖက်မှုတွေအဆုံးသတ်ပြီး စည်ပင်ဝပြောရေးလမ်းကြောင်းကို ဦးတည်မယ့် သဘောတူညီချက် တစ်ခုကို အတူတကွ စေ့စပ်ညှိနှိုင်းနိုင်ကြပါလိမ့်မယ်” လို့ သူကရေးသားခဲ့ပါတယ်။
အမေရိကန်ဟာ ရုရှားနှင့်စစ်ပွဲစတဲ့ ၂၀၂၂ ဖေဖော်ဝါရီကတည်းက ယူကရိန်းကို စစ်ရေးအကူအညီအဖြစ် အမေရိကန်ဒေါ်လာ ဘီလျံနှင့်ချီပြီး ထောက်ပံ့ခဲ့ပါတယ်။ နိုဝင်ဘာရွေးကောက်ပွဲမှာ ထရမ့်နိုင်ခဲ့လျှင် ဝါရှင်တန်က ဆက်လက်ထောက်ပံ့ဦးမှာလား ဆိုတာ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။
ဇီလင်စကီးက ထရမ့်နှင့် ဖုန်းပြောတာကို အတည်ပြုပြီး ရီပတ်ဘလီကင်ပါတီရဲ့ သမ္မတလောင်းဖြစ်လာလို့ ဂုဏ်ယူတဲ့ အကြောင်း ထရမ့်ကိုသူပြောခဲ့တယ်လို့ပြောပါတယ်။
“ မျှတပြီးကြာရှည်ခံမယ့် ငြိမ်းချမ်းရေးအတွက် ဘယ်လိုအဆင့်တွေလုပ်နိုင်မယ်ဆိုတာကို ထရမ့်နှင့် ပုဂ္ဂိုလ်ရေးစည်းဝေး ဆွေးနွေးဖို့ သဘောတူခဲ့ပါတယ်” လို့ ယူကရိန်းသမ္မတက ဆိုရှယ်မီဒီယာ အိစ်စ်မှာ စာရေးတင်ခဲ့ပါတယ်။
Source AFP
#World_Health
Published 21 July 2024
▪️ ညဘက်မှာ တော်ရုံမအိပ်ဘဲ နိုးကြားလှုပ်ရှားသူတွေဟာ ဦးနှောက်စွမ်းဆောင်ရည် စမ်းသပ်ချက်တွေမှာ ပိုမိုသာလွန်ကြတယ်လို့ အင်ပီရီယယ်ကောလိပ်လန်ဒန်က လေ့လာသုံးသပ်ထားပါတယ်။
▪️ လူပေါင်း ၂၆၀၀၀ ကျော်ရဲ့ အချက်အလက်တွေကို သုံးသပ်ခဲ့ကြပြီး ယင်းတို့ရဲ့ အိပ်ချိန်၊ အိပ်စက်မှုပုံစံတို့က ဦးနှောက်စွမ်းဆောင်ရည်အပေါ် ဘယ်လောက်သက်ရောက်လဲဆိုတာကို လေ့လာခဲ့ကြပါတယ်။
▪️ ညဘက်မှာ နိုးကြားတတ်တဲ့သူတွေက နေ့ခင်းပိုင်းနိုးကြားသူတွေထက် စွမ်းဆောင်ရည် သာလွန်နေတာကို တွေ့ရှိခဲ့ပါတယ်။
▪️ စမ်းသပ်ပါဝင်သူတစ်ဖွဲ့မှာ ညဘက်သမားတွေက ရမှတ် ၁၃.၅ ရာခိုင်နှုန်း ပိုများနေပြီး နောက်တစ်ဖွဲ့မှာ ၇.၅ ရာခိုင်နှုန်း ပိုများနေပါတယ်။
▪️ ညဘက်နဲ့ နေ့ပိုင်းကြားသမားတွေကတော့ နေ့ပိုင်းနိုးကြားသူတွေထက် ၁၀.၆ ရာခိုင်နှုန်း ရမှတ်ပိုများခဲ့ပါတယ်။
▪️ လေ့လာချက်အရ ညပိုင်းနိုးကြားလှုပ်ရှားသူတွေက နေ့ပိုင်းသမားတွေထက် ဦးနှောက်လုပ်ဆောင်ချက် စမ်းသပ်ချက်တွေမှာ ပိုမိုကောင်းမွန်တယ်လို့ သုတေသနပြုစုသူ ဒေါက်တာ ရာဟာဝက်စ်က ပြောသွားပါတယ်။
▪️ ဒါဟာ နေ့ပိုင်းသမားတွေအားလုံးက စွမ်းဆောင်ရည်နိမ့်ပါးတယ်လို့ ဆိုလိုတာမဟုတ်ပေမယ့် ညပိုင်းသမားတွေက ပိုမိုသာလွန်တယ်ဆိုတဲ့ဘက်ကို ညွှန်ပြနေတာဖြစ်တယ်လို့ ဆိုပါတယ်။
▪️ ညဘက် စောစီးစွာ အိပ်တဲ့အကျင့်ကို ညဉ့်နက်တဲ့အထိ နေတဲ့ပုံစံသို့ ပြောင်းလဲဖို့ဆိုတာက သိပ်တော့မလွယ်ကူပါဘူး။
▪️ ညဘက်ကို ၇ နာရီမှ ၉ နာရီအိပ်စက်ခြင်းက ဦးနှောက်လုပ်ဆောင်ချက်အတွက် အသင့်လျော်ဆုံးလို့ ပညာရှင်များ သဘောတူထားကြပါတယ်။
▪️ ထိုအိပ်ချိန်ထက် ပိုနည်းခြင်း ပိုများခြင်းကတော့ ဦးနှောက်ကျန်းမာရေးကို ပျက်စီးစေတယ်လို့လည်း တွေ့ရှိထားပါတယ်။
▪️ အိပ်မပျော်တဲ့ လက္ခဏာရှိသူတွေကလည်း အခြားလူတွေထက် ရမှတ်သိသိသာသာ နည်းပါးခြင်း မရှိပါဘူး။
▪️ အိပ်ချိန်က ဦးနှောက်လုပ်ဆောင်ချက်ကို တိုက်ရိုက်သက်ရောက်နေပြီး အိပ်ချိန်ကို စီစဉ်ခြင်းက ဦးနှောက်ကျန်းမာရေးကို မြှင့်တင်ပေးတယ်လို့တော့ ယုံကြည်ထားကြောင်း သုတေသန ပူးတွဲဦးဆောင်သူ ဒါချင်မားက ပြောပါတယ်။
▪️ ညဘက်နောက်ကျတဲ့အထိ နေခြင်းက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတဲ့ လေ့လာချက်တွေကလည်း ယခုသုတေသနနဲ့ ဆန့်ကျင်ဘက်သဘော ဖြစ်နေပါတယ်။
#Source: New York Post
လေးရက်ကြာ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီအစည်းအဝေးကျင်းပပြီးစီး၊ ၂၀၃၅ ခုနှစ်တွင် အဆင့်မြင့်ဆိုရှယ်လစ်ဈေးကွက်စီးပွားရေးစနစ်တည်ဆောက်မှုပြီးစီးမည်ဟု ကြေညာ
၂၀ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီက တနင်္လာနေ့မှ ကြာသပတေးနေ့အထိ တတိယအကြိမ်မြောက် စုံညီအစည်းအဝေးကျင်းပခဲ့ပြီးနောက် တရုတ်နိုင်ငံရဲ့ခေတ်မီတိုးတက်ရေးအတွက် အလုံးစုံပြုပြင်ပြောင်းလဲရေးနက်ရှိုင်းစွာဆက်လက်လုပ်ဆောင်ဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်လို့ စီစီတီဗွီ သတင်း အရသိရပါတယ်။
#World_News
Published 20 July 2024
#တရုတ်ကွန်မြူနစ်ပါတီ #အဆင့်မြင့်ဆိုရှယ်လစ်ဈေးကွက်
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 20 July 2024
၁။ ရန်ကုန်တွင် ဝမ်းရောဂါဖြစ်ပွားမှုများတွေ့နေရဆဲဖြစ်၍ သတိထားကာကွယ်ရန်လိုဟုဆို
၂။အမြန်လမ်းသွား အဝေးပြေးခရီးသည်တင်ယာဉ်ကြီးများ တယ်လီမက်တစ်စနစ် တပ်ဆင်ရန်ပျက်ကွက်ပါက အမြန်လမ်းသုံးစွဲခွင့်မပြု
၃။ စက်သုံးဆီအမျိုးအစားအားလုံး ဈေးကျ
၄။ လေးရက်ကြာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအစည်းအဝေးကျင်းပပြီးစီး၊ ၂၀၃၅ ခုနှစ်တွင် အဆင့်မြင့်ဆိုရှယ်လစ်ဈေးကွက်စီးပွားရေးစနစ် တည်ဆောက်မှုပြီးစီးမည်ဟုကြေညာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Published 20 July 2024
ဘင်္ဂလားဒေ့ရှ်မှာ ဆန္ဒပြကျောင်းသားတွေက အကျဉ်းထောင်တစ်ခုကို ဝင်ရောက်သောင်းကျန်းခဲ့ပြီး နိုင်ငံတော်ရုပ်သံဌာန အဆောက်အအုံကို မီးရှို့ခဲ့တဲ့ ဖြစ်စဉ်များ ဖြစ်ပျက်ခဲ့သလို ခရိုင် ၆၄ ခုထဲ တဝက်ခန့်နီးပါးလောက်မှာ ပစ်ခတ်ဖြိုခွဲမှုများ ရှိခဲ့သဖြင့် လူပေါင်း ၁၀၀ ကျော်သေဆုံးကြောင်း သတင်းရရှိထားပါတယ်။
ဝန်ကြီးချုပ် ရှိတ်ခ်ဟာဆီနာနဲ့အဖွဲ့က ဇူလိုင် ၁၉ ရက်နေ့မှာ တစ်နိုင်ငံလုံး အပြင်မထွက်ရအမိန့် ချမှတ်လိုက်ပြီး တည်ငြိမ်အေးချမ်းရေး ထိန်းသိမ်းဖို့ တပ်မတော်အဖွဲ့ဝင်များကို နေရာချထားလိုက်ပါတယ်။
နိုင်ငံတဝှမ်း ဆက်သွယ်ရေးစနစ်များ ဆက်လက်ဖြတ်တောက်ထားကာ မိုဘိုင်းအင်တာနက်နဲ့ ဆိုရှယ်မီဒီယာများကို ပိတ်ဆို့ထားပါတယ်။
AFP သတင်းဌာနမှ လက်ရှိသတင်းပို့ချိန်မှာ သေဆုံးသူ ၁၀၅ ဦးရှိနေပါပြီ။
တိုင်းပြည်ကို အုပ်စိုးလာတာ ၁၅ နှစ်ကြာရှိပြီဖြစ်တဲ့ ဝန်ကြီးချုပ် ဟာဆီနာအစိုးရအဖွဲ့ကို ဖီဆန်ရင်းနဲ့ ဆန္ဒပြမှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
စစ်မှုထမ်းဟောင်းတွေနဲ့ ယင်းမျိုးဆက်တွေကို အစိုးရအလုပ်တွေမှာ လုပ်ခိုင်းဖို့ ဘင်္ဂလားဒေ့ရှ် တရားရုံးချုပ်ကနေ ၃၀ ရာခိုင်နှုန်း ခွဲတမ်းချလိုက်တဲ့ ဇွန် ၅ ရက်နေ့စည်းမျဉ်းအပေါ် မကျေနပ်ကြကာ ဆန္ဒပြမှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဝန်ကြီးချုပ်က ဇူလိုင် ၁၄ ရက်နေ့မှာ ဆန္ဒပြသူတွေကို သစ္စာဖောက်တွေလို့ သုံးနှုန်းခဲ့တဲ့အတွက် ပြဿနာပိုပြီး ကြီးထွားခဲ့ပါတယ်။
ဒါကြောင့်ပဲ ငြိမ်းချမ်းစွာဖြေရှင်းကြဖို့ တောင်းဆိုခဲ့ရာမှာ မအောင်မြင်ခဲ့ပါဘူး။
ဆန္ဒပြပွဲတွေဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး တင်းမာမှုများကို ထင်ဟပ်ပြသရာရောက်ကြောင်း၊ နှစ်ပေါင်းများစွာတိုင်အောင် ဘင်္ဂလားဒေ့ရှ်စီးပွားရေးက ရုန်းကန်နေရပြီး လူငယ်တွေ အလုပ်လက်မဲ့ ဖြစ်ကြတာ တကယ့်ပြဿနာဖြစ်နေကြောင်း၊ အရပ်ဘက်အစိုးရအမှုထမ်း ခွဲတမ်းစနစ်နဲ့ ဆန္ဒပြပွဲတွေကို အစိုးရရဲ့ ထိန်းသိမ်းဖြေရှင်းပုံတို့ကလည်း ပိုမိုဆိုးရွားစေကြောင်း၊ ၁၅ နှစ်ကျော်ကြာအောင် မျှတတဲ့ရွေးကောက်ပွဲ မပြုလုပ်နိုင်ခဲ့ကြောင်း၊ ပြည်သူတွေက မဲပေးတဲ့အခါ အခြားရွေးချယ်စရာ များများစားစားမရှိတာကြောင့် ဆန္ဒပြပြီးတော့သာ ထုတ်ဖော်နေရကြောင်း ခရိုက်ဆစ်အဖွဲ့မှ အာရှဆိုင်ရာညွှန်ကြားရေးမှူး ပီယာရဲပရာကက်ရှ်က ပြောသွားပါတယ်။
ဝန်ကြီးချုပ်ဟာဆီနာက မငြိမ်မသက်မှုများကို ထိန်းသိမ်းကြဖို့ မိန့်ခွန်းပြောခဲ့ပေမယ့် ကျောင်းသားတွေကတော့ ဆန္ဒပြမှုတွေ ပြုလုပ်ပြီး ဆက်လက်ဖိအားပေးသွားမယ်လို့ စိတ်ပိုင်းဖြတ်ထားကြပါတယ်။
အင်ဒီပန်းဒန့်တယ်လီဗေးရှင်း ရုပ်သံဌာနမှ ပြောကြားချက်အရ ဇူလိုင် ၁၈ နေ့အထိ ရဲ ၁၀၄ ဦးနဲ့ သတင်းထောက် ၃၀ အပါအဝင် လူပေါင်း ၇၀၀ ကျော် ဒဏ်ရာရရှိထားပါတယ်။
Source: WION
Page 122 of 859