#World_News
Published 03 September 2024
▪️ အမေရိကန်တို့က ဗင်နီဇွဲလားသမ္မတ နီကိုလတ်စ်မက်ဒူရိုရဲ့ လေယာဉ်ကို ဒိုမီနီကန်ပြည်သူ့သမ္မတနိုင်ငံထဲမှာ သိမ်းယူလိုက်ပြီး ဖလော်ရီဒါသို့ ပျံသန်းသွားခဲ့ပါတယ်။
▪️ ဒါဟာ ဓားပြတိုက်တာပဲလို့ ဗင်နီဇွဲလားသမ္မတက ရှုတ်ချလိုက်ပေမယ့် အမေရိကန်ကတော့ ထိုလေယာဉ်ဟာ ဒဏ်ခတ်ပိတ်ဆို့မှု ချိုးဖောက်တဲ့အတွက် လုပ်ရတာ ဖြစ်တယ်လို့ ပြောပါတယ်။
▪️ အမေရိကန်အရာရှိများ သွားရောက်သိမ်းဆည်းခဲ့တဲ့ လေယာဉ်ဟာ Dassault Falcon 900EX ကိုယ်ပိုင်လေယာဉ်ဖြစ်ပြီး မက်ဒူရိုနဲ့ အစိုးရအဖွဲ့ဝင်များ အသုံးပြုကြကြောင်း၊ ဒီလေယာဉ်ဟာ တရားမဝင် ဝယ်ယူထားတာ ဖြစ်ကြောင်း အမေရိကန် တရားရေးဌာနက ပြောပါတယ်။
▪️ "တရားရေးဌာနက သိမ်းဆည်းလိုက်တဲ့ လေယာဉ်ဟာ အကာပစ္စည်းကုမ္ပဏီတစ်ခုကနေ ဒေါ်လာ ၁၃ သန်းဖြင့် တရားမဝင် ဝယ်ယူပြီး အမေရိကန်ကနေ ခိုးထုတ်သွားခဲ့ကာ နီကိုလတ်စ်မက်ဒူရိုနဲ့ ခရိုနီတွေ အသုံးပြုနေတာ ဖြစ်တယ်" လို့ အစိုးရှေ့နေ မာရစ်ခ်ဂါးလန်းက ထုတ်ပြန်သွားပါတယ်။
▪️ ဗင်နီဇွဲလား နိုင်ငံခြားရေးဝန်ကြီးဌာနက လေယာဉ်သိမ်းဆည်းခြင်းကို ရှုတ်ချကြောင်း တနင်္လာနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
▪️ အမေရိကန် ပြည်ထောင်စုမှ အာဏာပိုင်များက ဓားပြမှုလို့ဆိုရမယ့် လုပ်ရပ်မျိုး ထပ်မံပြုလုပ်ပြန်ပြီလို့ ဖော်ပြထားပါတယ်။
▪️ လေယာဉ်ခြေရာခံ ဝက်ဘ်ဆိုက် Flightradar24 ရဲ့ဖော်ပြချက်အရ ထိုလေယာဉ်ဟာ ဆန်တိုဒိုမင်ဂိုမှ ဖို့လော်ဒါဒေးလ်သို့ တနင်္လာနံနက်ပိုင်းမှာ ပျံသန်းသွားတာ ဖြစ်ပါတယ်။
▪️ ဒိုမီနီကန်နိုင်ငံကတော့ အမေရိကန်တွေ လေယာဉ်အကြောင်း စုံစမ်းရာမှာ ပတ်သက်ခြင်းမရှိဘူးလို့ ဆိုပါတယ်။
▪️ "ဒိုမီနီကန် အစိုးရရော အစိုးရရုံးကရော အမေရိကန်တွေ စစ်ဆေးရာမှာ ပါဝင်ခြင်းမရှိပါဘူး။ လေယာဉ်ဟာ ပြုပြင်ထိန်းသိမ်းဖို့အတွက် ဒိုမီနီကန်နယ်မြေထဲမှာ ရောက်ရှိနေတာ ဖြစ်တယ်" လို့ ဒိုမီနီကန် နိုင်ငံခြားရေးဝန်ကြီး ရော်ဘတ်တိုအယ်ဗာရက်ဇ်က သတင်းထောက်တွေကို ပြောပြပါတယ်။
▪️ ၂၀၂၂ နဲ့ ၂၀၂၃ တို့မှာ မက်ဒူရိုနဲ့ ပတ်သက်သူတွေက လေယာဉ်ကို တရားမဝင်ဝယ်ယူရာမှာ ယင်းတို့ပါဝင်မှုကို ဖုံးကွယ်ဖို့အတွက် ကာရစ်ဘီယန်အခြေစိုက် အကာပစ္စည်းကုမ္ပဏီတစ်ခုကို အသုံးပြုခဲ့တယ်လို့ အမေရိကန်က ပြောပါတယ်။
▪️ ဒီနောက် ၂၀၂၃ ဧပြီလမှာ အမေရိကန်မှ ဗင်နီဇွဲလားသို့ ကာရစ်ဘီယန်မှတဆင့် တရားမဝင်တင်ပို့လိုက်ပါတယ်။
▪️ ၂၀၂၃ မေလနောက်ပိုင်း ဗင်နီဇွဲလားရှိ စစ်အခြေစိုက်စခန်းတစ်ခုကနေပဲ လေယာဉ်က အသွားအပြန် ပြုလုပ်နေခဲ့ပါတယ်။
▪️ နီကိုလတ်စ်မက်ဒူရို ခရီးစဉ်သွားတဲ့အခါ အများဆုံးအသုံးပြုဖြစ်တယ်လို့ မိုင်ယာမီလုံခြုံရေးရုံးမှ တာဝန်ရှိသူအထူးအေးဂျင့် အန်သိုနီဆာလစ်ဘူရီက ပြောပါတယ်။
▪️ ဇူလိုင် ၂၈ ရွေးကောက်ပွဲမှာ မက်ဒူရိုက အနိုင်ရသူအဖြစ် အငြင်းပွားဖွယ် ကြေညာပြီးနောက် ဗင်နီဇွဲလားမှာ ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီး လူဒါဇင်ခန့်သေဆုံးခဲ့ကာ ၂၄၀၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။
▪️ အတိုက်အခံပါတီက တဖက်သတ် အနိုင်ရခဲ့တာကို မဲမှတ်တမ်းများဖြင့် သက်သေပြနိုင်တယ်လို့ ဆိုထားပါတယ်။
▪️ မက်ဒူရိုနဲ့ ကိုယ်စားလှယ်လောင်းတွေက ရွေးကောက်ပွဲရလဒ်ကို ကျေနပ်မှုမရှိဘဲ အင်အားအသုံးပြုကာ ဆက်လက်ဖိနှိပ်ခဲ့တယ်လို့ အမေရိကန် လုံခြုံရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။
▪️ လေယာဉ်ကို သိမ်းဆည်းတာဟာ ဗင်နီဇွဲလားမှ လွဲမှားတဲ့ အစိုးရလုပ်ရပ်တွေရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို မက်ဒူရိုဆက်လက်ခံစားရစေဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
#Source: Barrons
#World_Health
Published 03 September 2024
▪️ ကိုဗစ်-၁၉ နှာခေါင်းအစက်ချ ကာကွယ်ဆေးသစ်ဟာ ကာကွယ်ဆေးပေးတဲ့ နေရာမှာ အပြောင်းအလဲ ဖြစ်လာနိုင်ဖွယ်ရှိပါတယ်။
▪️ ဆေးထိုးအပ် ကြောက်တတ်သူတွေအတွက် ရွေးချယ်စရာဖြစ်လာပြီး ထိုကာကွယ်ဆေးကို နှာခေါင်းပေါက်ကနေ ပေးရတာ ဖြစ်ပြီး တစ်ကြိမ်ပေးရုံဖြင့် အမြှေးပါးနဲ့ သွေးစီးဆင်းမှုထဲမှာ ရောဂါခုခံအားကို ပေးစွမ်းနိုင်တယ်လို့ ဂရစ်ဖစ်တက္ကသိုလ်မှ ပရော်ဖက်ဆာ ဆူရက်ရှ်မဟာလင်ဂမ်က ပြောပါတယ်။
▪️ နှာခေါင်းတွင်း အမြှေးပါးထဲက ခုခံအားကို မြှင့်တင်ပေးကာ တစ်နှစ်ကျော်လောက်အထိ ကာကွယ်ပေးမှာ ဖြစ်ပါတယ်။
▪️ ဆေးထိုးအပ်ကြောက်သူတွေ အတွက် ကာကွယ်ဆေးတစ်ခု ဖြစ်သလို ဘေးထွက်ဆိုးကျိုးတွေလည်း မရှိစေပါဘူး။
▪️ ဗိုင်းရပ်စ်အရှင် အသုံးပြုထားတဲ့ ကာကွယ်ဆေးဖြစ်တာကြောင့် ခုခံအား ကြာမြင့်စေပြီး ဗိုင်းရပ်စ်မျိုးဗီဇကွဲ အများအပြားကို ကာကွယ်နိုင်စွမ်းရှိပါတယ်။
▪️ ဒါ့အပြင် ရောဂါကူးစက်မှုနဲ့ မျိုးဗီဇကွဲအသစ် ဖြစ်ပေါ်ခြင်းတို့မှလည်း ထိရောက်စွာ ကာကွယ်နိုင်တယ်လို့ သုတေသန ဦးဆောင်သူ ဒေါက်တာ ရှန်လူက ပြောပါတယ်။
▪️ ဒီကာကွယ်ဆေးက ၄ ဒီဂရီဆဲလ်စီးယပ်စ်မှာ ၇ လလောက်အထိ တည်မြဲနိုင်တာကြောင့် အလယ်အလတ်နဲ့ နိမ့်ပါးနိုင်ငံတွေအတွက် အထူးသင့်လျော်ပါတယ်။
▪️ အိန္ဒိယအင်မြူနိုလော်ဂျီကယ် ကုမ္ပဏီလီမိတက်က ကာကွယ်ဆေး လိုင်စင်ရရှိထားပါတယ်။
▪️ ကာကွယ်ဆေးက ဗိုင်းရပ်စ်ကို အားနည်းသွားစေပြီး အခြားကာကွယ်ဆေး နည်းလမ်းတွေထက် ဘေးကင်း ထိရောက်လျင်မြန်မှု ရှိပါတယ်။
▪️ ဒီကာကွယ်ဆေးဟာ အခုဆိုရင် လက်တွေ့စမ်းသပ်မှုတွေ ပြုလုပ်ဖို့ ဦးတည်နေပါပြီ။
▪️ သုတေသီတွေက ကာကွယ်ဆေးကို ဆန်းသစ်တီထွင်ဖို့ ရည်မှန်းထားပြီး ရောဂါဆိုးကြီးကို တိုက်ဖျက်ဖို့ နည်းလမ်းများ ဖန်တီးသွားမှာဖြစ်ကြောင်း ပရော်ဖက်ဆာ လီစမစ်က ပြောသွားပါတယ်။
#Source: India Today
#World_Health
Published 03 September 2024
▪️ နှလုံးကျန်းမာရေး ကောင်းမွန်ဖို့အတွက် လေ့ကျင့်ခန်းလုပ်ရာမှာ ပြေးခြင်းနဲ့ လမ်းလျှောက်ခြင်းတို့က လူသိအများဆုံး ၂ မျိုးဖြစ်ပါတယ်။
▪️ နှစ်မျိုးစလုံးက ကျန်းမာရေး အကျိုးကျေးဇူး များစွာပေးစွမ်းနိုင်ပေမယ့် ဘယ်ဟာက ပိုကောင်းလဲဆိုတာ လူတွေ သိချင်နေကြပါတယ်။
▪️ ဒါကြောင့် ထိုနှစ်မျိုးကြား ကွာခြားချက်ကို သိပ္ပံနည်းကျ သုတေသန ဖော်ထုတ်လိုက်ကာ အမျိုးမျိုးသော ကျန်းမာရေး ရည်မှန်းချက်ပြည့်ဝဖို့အတွက် ဘယ်နည်းလမ်းက ပိုသင့်လျော်လဲဆိုတာကို ရှင်းပြထားပါတယ်။
▪️ ပြေးခြင်းရော လမ်းလျှောက်ခြင်းကပါ နှလုံးသွေးကြော ကျန်းမာရေးကို တိုးတက်စေပေမယ့် ပြေးခြင်းက အချိန်တိုအတွင်းမှာ အကျိုးကျေးဇူး ပိုမိုရရှိစေနိုင်ပါတယ်။
▪️ အမေရိကန် နှလုံးကောလိပ်မှ ဖော်ပြချက်မှာ အပြေးလေ့ကျင့်ခန်း လုပ်သူတွေက မပြေးတဲ့သူတွေထက် နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေ ၄၅ ရာခိုင်နှုန်း လျော့နည်းပါတယ်။
▪️ ဒါ့အပြင် တစ်နေ့ကို ၅ မိနစ် - ၁၀ မိနစ်ခန့် ဖြည်းဖြည်းပြေးခြင်းဖြင့်ပင် နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေ လျော့နည်းစေပါတယ်။
▪️ နောက်တစ်မျိုးဖြစ်တဲ့ လမ်းလျှောက်ခြင်းကလည်း အကျိုးကျေးဇူး များပါတယ်။
▪️ လမ်းလျှောက်ခြင်းရော ပြေးခြင်းရောက သွေးပေါင်ချိန်မြင့်ခြင်း၊ ကိုလက်စ်ထရောလ် များခြင်း၊ ဆီးချိုရောဂါ၊ နှလုံးရောဂါတို့ ဖြစ်နိုင်ခြေကို ၆ နှစ်တာအတွင်း လျော့နည်းစေပါတယ်။
▪️ ကိုယ်အလေးချိန် ကျချင်တဲ့သူတွေအတွက် ပြေးခြင်းက တစ်မိနစ်အတွင်းမှာ ကယ်လိုရီ ပိုမိုလောင်ကျွမ်းနိုင်တာကြောင့် အကျိုးကျေးဇူး မြန်မြန်ရရှိစေနိုင်ပါတယ်။
▪️ မွမ်ဘိုင်းမြို့ အပိုလိုစပက်ထရာဆေးရုံမှ ဒေါက်တာ ချယာဗာဂျာက ကျန်းမာစွာ နေထိုင်ဖို့အတွက် အဓိကအချက်ဟာ ခန္ဓာကိုယ်ကို ဘယ်လိုပုံစံနဲ့ပဲ ဖြစ်ဖြစ် လှုပ်ရှားနေဖို့ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။
▪️ ရုပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေ တော်တော်နဲ့ မလုပ်ဖြစ်တဲ့သူဆိုရင် လမ်းလျှောက်ခြင်းနဲ့ စတင်သင့်ကြောင်း၊ ဒါက သက်လုံကောင်းစေပြီး ကျန်းမာရေးကို ကောင်းမွန်စေကြောင်း၊ လမ်းလျှောက်ခြင်းက အသက်အရွယ် ဘယ်လိုပဲဖြစ်ဖြစ် သင့်လျော်တဲ့ လှုပ်ရှားမှုဖြစ်ကြောင်း ပြောသွားပါတယ်။
▪️ အဝလွန်ခြင်း၊ သွေးတိုးခြင်း၊ ဆီးချိုနဲ့ နှလုံးသွေးကြောရောဂါ ရှိခြင်း၊ နာတာရှည် အဆစ်အမြစ်နာခြင်းတို့လို ကျန်းမာရေးပြဿနာ ရှိသူတွေကတော့ ပြေးဖို့ခက်ခဲတတ်ပါတယ်။
▪️ ပြေးခြင်းရော လမ်းလျှောက်ခြင်းကပါ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း တိုးတက်စေတယ်လို့ တွေ့ရှိထားပါတယ်။
#Source: India Today
နိုင်ဂျီးရီးယားမှပထမဆုံးအပေါ့စား ရထားလိုင်းတွင်စိတ်ကူးထားသလို အလုပ်နေရာရသွားသည့်ရထားယာဉ်မောင်း
အိုမိုတိုရှိ တိုဖွန်မီအိုမိုတိုလာဟာ လာဂိုစ်ရဲ့ ပထမဆုံးအပေါ့စား ရထားလိုင်းမှာ ဖြစ်ချင်တဲ့စိတ်ကူးအတိုင်း ယာဉ်မောင်းဖြစ်လာပြီးနောက် မြို့တလျှောက် ခရီးသွားလာရေးမှာ အဆင်ပြေချောမွေ့စေရန် ကူညီဆောင်ရွက်ဖို့ စိတ်အားထက်သန်နေပါတယ်။
#World_Development
Published 02 September 2024
#အပေါ့စားရထားလိုင်း #ရထားယာဉ်မောင်း
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 02 September 2024
၁။ လူကြီးလူနာ၊ လေဖြတ်နေသူများနှင့်ခွဲစိတ်ကုသရန်လိုသူများအတွက် ငွေကြေးအကူအညီတောင်းခံမှုပိုများလာ
၂။ U - 21 မြင်းစီး အရည်အချင်းစစ် ပြိုင်ပွဲပြုလုပ်မည်
၃။ တောင်ငူတွင် ရေဘေးရှောင်မိသားစုများနှင့်နေရပ်စွန့်ခွာမိသားစုများအတွက် စားနပ်ရိက္ခာများလိုအပ်နေ
၄။ နိုင်ဂျီးရီးယားမှပထမဆုံးအပေါ့စား ရထားလိုင်းတွင်စိတ်ကူးထားသလိုအလုပ်နေရာရသွားသည့်ရထားယာဉ်မောင်း ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၂ စက်တင်ဘာ ၂၀၂၄
(သတင်းနှင့်အမြင် ကဏ္ဍကို ကမ္ဘာ့သတင်း မြန်မာ့သတင်းများနှင့် ယင်းတို့အပေါ် အမြင်များကို ပေါင်းစပ်သည့်ပုံစံဖြင့် အခါအားလျော်စွာ ဖော်ပြပေးပါမည်။ အယ်ဒီတာ)
ပစိဖိတ်ကျွန်းခေါင်းဆောင်တွေဟာ ရဲလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ကြီးတစ်ခုကို သောကြာနေ့က ကျင်းပတဲ့ သူတို့ရဲ့ဖိုရမ်မှာ ထောက်ခံလိုက်ကြပေမယ့် ထိုင်ဝမ်ကို ဘေးထုတ်ဖို့ တရုတ်မဟာမိတ်နိုင်ငံတွေရဲ့ ကြိုးပမ်းမှုတွေကိုတော့ ငြင်းဆန်လိုက်ကြပါတယ်လို့ အေအက်ဖ်ပီသတင်းမှာဖော်ပြထားပါတယ်။
ယခုနှစ် ပစိဖိတ်ကျွန်းနိုင်ငံများဖိုရမ်မှာ လုံခြုံရေးဟာ အဓိက ဆွေးနွေးကြတဲ့ကိစ္စဖြစ်ပါတယ်။ အဲဒီဖိုရမ်မှာ အမေရိကန်ရဲ့ မိတ်ဖက်နိုင်ငံတွေ၊ တရုတ်ရဲ့မိတ်ဆွေနိုင်ငံတွေနှင့် ထိုင်ဝမ်နှင့် ယခုထက်တိုင် ဆက်ဆံရေးရှိနေဆဲနိုင်ငံတွေ ပါဝင်ကြတာဖြစ် ပါတယ်။
အမေရိကန်ရဲ့ မဟာမိတ် ဩစတြေးလျနိုင်ငံက အဲဒီဒေသက နိုင်ငံက ရဲတပ်ဖွဲ့တွေကို သင်တန်းပေးမယ့် အထင်ကရ အစီအစဉ်ကြီးတစ်ခုကို ထောက်ခံပေးဖို့ ပစိဖိတ်အိမ်နီးချင်းနိုင်ငံတွေကို ကြိုးပမ်းခဲ့ပါတယ်။
အဲဒီအစီအစဉ်အရ ပစိဖိတ်ကျွန်းများဒေသမှာ ဒေသဆိုင်ရာရဲသင်တန်းကျောင်းတွေ လေးခုအထိနှင့် နိုင်ငံစုံ အကျပ်အတည်း တုန့်ပြန်ရေးတပ်ဖွဲ့တစ်ခု ဖန်တီးဖို့ဖြစ်ပါတယ်။ အစီအစဉ်ကြီးတစ်ခုကို ဩစတြေးလျက ကနဦးရန်ပုံငွေ ဒေါ်လာ ၂၇၁ သန်း မတည်ပေးမယ်လို့ဆိုပါတယ်။
လက်ရှိပိုနေမြဲ ကျားနေမြဲအစီအစဉ်ကို ပြောင်းလဲပစ်မယ့် အဆိုပါအစီအစဉ်ကိုတော့ ဂျပန်ကပြင်းထန်စွာကန့်ကွက်ခဲ့ပါတယ်။ ဖီဂျီလိုနိုင်ငံအချို့က ကြိုဆိုလိုက်ပေမယ့် ဘေဂျင်းနှင့်နီးနီးကပ်ကပ်ဆက်ဆံနေတဲ့ နိုင်ငံတွေကတော့ အဲဒီစိတ်ကူးကို တုံဏှိဘာဝေ ဆိတ်ဆိတ်ပဲနေခဲ့ကြပါတယ်။
“ ကျွန်တော်တို့ရဲ့ ပြည်တွင်းလုံခြုံရေးအပေါ် စည်းကမ်းသတ်မှတ်ထျက်တွေထားတာတစ်ခုကိုတော့ ကျွန်တော်တို့ သဘောမတူဘူး” လို့ ဆော်လမွန်ကျွန်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ပီတာ အက်ဂိုဗာကာက ပြောခဲ့ပါတယ်။
တကယ်တမ်းတော့ ရဲဆိုတာ အကြောင်းပြချက်သက်သက်ဖြစ်ပြီး သူတို့က ပစိဖိတ်ကျွန်းနိုင်ငံတွေအနေနှင့် တရုတ်ကို အရေးမပါတဲ့နေရာမှာ ထားရှိပေးစေလိုတာဖြစ်တယ်လို့ သုံးသပ်ဝေဖန်သူတွေကပြောကြပါတယ်။
အဲဒီစိတ်ပူပန်မှုတွေဟာ ဩစတြေလျားဝန်ကြီးချုပ် အန်တိုနီအယ်ဘန်နီးစ်နှင့် အမေရိကန်ထိပ်တန်းသံတမန်တစ်ဦးတို့က ကုန်ကျစရိတ်တစ်ယောက်တစ်ဝက်လေလို့ နောက်ပြောင်ပြောဆိုခဲ့ကြတာကြောင့် ပိုပြီးကြီးထွားလာပါတယ်။
အဲဒါကြောင့် နောက်ဆုံးမှာ ရဲအစီအစဉ်ကို ထောက်ခံကြတယ်လို့သာ ကြေညာချက်ထုတ်ပြန်နိုင်ခဲ့ပါတယ်။အချို့သော နိုင်ငံတွေက သူတို့အနေနှင့် ဒီကိစ္စအပေါ် ပြည်တွင်းမှာ သုံးသပ်ဆွေးနွေးဖို့လိုဦးမယ်လို့ ပြောဆိုခဲ့ပါတယ်။
တရုတ်နိုင်ငံရဲ့ ရင်းနှီးမှုအရှိဆုံးမိတ်ဆွေ ဆော်လမွန်ကျွန်းများနိုင်ငံက သူတို့ဖိုရမ်ရဲ့ ဖွံ့ဖြိုးရေးမိတ်ဖက်အဖြစ်ကနေ ထိုင်ဝမ်ကိုထုတ်ပယ်ပစ်ဖို့ ကြိုးစားခဲ့ပါတယ်။
ဆော်လမွန်နိုင်ငံခြားရေးဝန်ကြီး အက်ဂိုဗာကာက ဖိုရမ်ဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံတွေအတွက်ဖြစ်ပြီး အခြားသော စီရင်ပိုင်ခွင့်အာဏာပိုင်တွေကနေ အုပ်ချုပ်နေတဲ့ နိုင်ငံတွေအတွက်မဟုတ်ဘူး လို့ခပ်ပြတ်ပြတ်ပြောခဲ့ပါတယ်။
အဲဒါကြောင့် နောက်ဆုံးကြေညာချက်ထဲမှာ အဆိုပါ ရဲစိတ်ကူးကို မထည့်သွင်းခဲ့ပါဘူး။ ဒါပေမယ့် ထိုင်ဝမ်ပါဝင်ဖို့ လမ်းဖွင့်ပေးတဲ့ ၁၉၉၂ သဘောတူညီချက်ကိုတော့ထပ်လောင်းအတည်ပြုခဲ့ကြပါတယ်။
ပစိတ်ဖိတ်ကျွန်းနိုင်ငံများဖိုရမ်အစည်းအဝေးရဲ့ ထုတ်ပြန်ကြေညာချက်ကို တရုတ်အထူးသံတမန်က ယုံကြည်မှုကင်းမဲ့စွာတုန့်ပြန်ခဲ့ပါတယ်။ နောက်ဆုံး ဖိုရမ်သဘောထားကြေညာချက်ထဲမှာ ထိုင်ဝမ်သို့ရည်ညွှန်းမှုတွေကို ဖယ်ထုတ်ပေးခဲ့ရပါတယ်။
“ ဒါတစ်ခုခုမှားနေတာပဲ။မှားနေတာပဲ။ အများသဘောတူထားတဲ့အထဲ မပါဝင်ခဲ့တာ အသေအချာပဲ” လို့ သူက ထိပ်သီးအစည်းအဝေးမှာရှိနေတဲ့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
“ ဒါဟာ နောက်ဆုံးကြေညာချက်မဖြစ်သင့်ဘူး။ အမှားပြင်ဆင်ချက်လုပ်ရမယ်” လို့ သူကပြောပါတယ်။
တောင်ပစိဖိတ်နိုင်ငံတွေဟာ ထိုင်ဝမ်ကိုထောက်ခံတဲ့ ခံတပ်တစ်ခုလို အရင်ကရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ငါးနှစ်အတွင်းမှာ ဆော်လမွန်ကျွန်းများနိုင်ငံ၊ ကီရီဘာတီနှင့် အာအူရူးတို့ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ပြောင်းလဲပြီး အသိအမှတ်ပြု လာခဲ့ကြပါတယ်။
အမေရိကန်ရဲ့ အချုပ်အခြာနယ်မြေထဲပါဝင်တဲ့ ဂူအမ်နှင့် အမေရိကန်ဆာမိုအာတို့ဟာ ဖိုရမ်ရဲ့ တွဲဖက်အဖွဲ့ဝင်တွေ အဖြစ် ရရှိခဲ့ကြပါတယ်။ သူတို့က ဆော်လမွန်ရဲ့ ဆန္ဒတွေကို ကန့်ကွက်ဆန့်ကျင်နေခဲ့ကြပါတယ်။
PIF လို့သိကြတဲ့ ပစိဖိတ်ကျွန်းများဖိုရမ်ဟာ ဒေသဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ပစိတ်ဖိတ်ကျွန်းနိုင်ငံများနှင့် နယ်မြေများ အကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖို့ဆိုပြီး ၁၉၇၁ခုနှစ်ကတည်းကတည်ထောင်ခဲ့တာဖြစ်ပါတယ်။ အဲဒီဖိုရမ်မှာ ဩစတြေလျ၊နယူးဇီလန်နှင့် ပစိတ်ဖိတ်ကျွန်းနိုင်ငံတော်တော်များများပါဝင်ပြီးလက်ရှိမှာ အဖွဲ့ဝင် နိုင်ငံ ၁၈ နိုင်ငံ ပါဝင်နေပါတယ်။
မကြာသေးခင်က ပြီးစီးသွားတဲ့ အဆိုပါဖိုရမ်ထိပ်သီးအစည်းအဝေးကိုကြည့်ရင် တရုတ်နှင့် အမေရိကန် ပြည်ထောင်စု အကြားက ပထဝီနိုင်ငံရေး ယှဉ်ပြိုင်မှုကြီးထွားလာနေတာကို မြင်နိုင်ပါတယ်။
ကမ္ဘာ့ထိပ်သီးနိုင်ငံကြီးနှစ်နိုင်ငံဟာ ပစိဖိတ်ကျွန်းနိုင်ငံတွေဒေသမှာ ဩဇာလွှမ်းမိုးဖို့ အပြိုင်အဆိုင်ကြိုးစားလာနေကြပါတယ်။ အဲဒီဒေသတည်နေရာဟာ မဟာဗျူဟာမြောက်အရေးကြီးသလို သဘာဝအရင်းအမြစ်တွေနှင့် တိုးလက်လာနေတဲ့ စီးပွားရေး တွေကြောင့် ဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ အဆင့်မြင့်အရာရှိကြီးတွေရဲ့ သွားရောက်လည်ပတ်မှုတွေနှင့် ပစိဖိတ်ကျွန်းများဒေသမှာ သံခင်းတမန်ခင်း ဖြန့်ကျက်နေပါတယ်။ အဲဒီအပြင် BRI အစီအစဉ်ကြီးအောက်ကနေ တရုတ်နိုင်ငံရဲ့ အခြေခံအဆောက်အအုံတွေ တည်ဆောက်ရေးနှင့် ငွေကြေးဘဏ္ဍာကူညီထောက်ပံ့မှုတွေကို လည်း အလေးပေးဆောင်ရွက်နေတာတွေ့ရပါတယ်။ တရုတ်နိုင်ငံဟာ ဆိပ်ကမ်းတွေ၊လမ်းမကြီးတွေနှင့် ဆက်သွယ်ရေးကဏ္ဍတွေမှာ အကြီးအကျယ်ရင်းနှီးမြှပ်နှံနေပါတယ်။ စီးပွားရေးအရှိန်အဝါကနေတစ်ဆင့် မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးတွေအထိ နိုင်ငံရေးဩဇာကြီးမားလာနေပါတယ်။
အဲဒီအပေါ် အမေရိကန်က စိုးရိမ်မှုတွေရှိလာခဲ့ပုံရပါတယ်။ ဘိုင်ဒင်အစိုးရဟာ ပစိဖိတ်ကျွန်းနိုင်ငံငယ်ကလေးတွေကို ပြန်ပြီး မျက်စေ့ကျလာပါတယ်။ပစိတ်ဖိတ်ကျွန်းများကို အမေရိကန်က ယင်းရဲ့ မဟာဗျူဟာအကျိုးစီးပွားအတွက် အလွန်အရေးကြီး တယ်လို့ ရှုမြင်လာနေပါတယ်။ အထူးသဖြင့် သူတို့က ဒေသတွင်းမှာ တရုတ်ရဲ့ ဩဇာအရှိန်အဝါကို ပြန်ကန်ဖို့ က အမေရိကန် အတွက် အဓိက ဖြစ်ပုံရပါတယ်။အဲဒါကြောင့်လည်း အမေရိကန် စစ်တပ်တွေထားရှိဖို့နှင့် ကာကွယ်ရေးအရ မိတ်ဖက်တွေ လုပ်ဖို့ သူ့ဩဇာညောင်းတဲ့ ဩစတြေလျလိုနိုင်ငံမျိုးကို အသုံးချစေခိုင်းလာတဲ့သဘောရှိပါတယ်။
ပစိဖိတ်ကျွန်းများဒေသနိုင်ငံလေးတွေဟာ အဲဒီနှစ်ဖက်ယှဉ်ပြိုင်မှုကနေ သူတို့နိုင်ငံတွေအတွက် ဘယ်လိုအမြတ်ထုတ်မလဲ ဆိုတာ ကိုလည်း စဉ်းစားလာနေကြပါတယ်။ အဲဒါကြောင့်လည်း အဲဒီနိုင်ငံငယ်လေးတွေဟာ သူတို့ရဲ့ သံတမန်မဟာမိတ် တွေကို ဘက်ပြောင်းလာကြတာအချို့တွေ့ရပါတယ်။ အဲဒီအပြောင်းအလဲတွေဟာ စိတ်ဝင်စားစရာကောင်းပြီး ဒေသဆိုင်ရာ ဒိုင်းနမစ်တွေကို အပြောင်းအလဲဖြစ်လာဖို့ ဦးတည်လာနေပါတယ်။ အဲဒီအပြင် ပစိဖိတ်ကျွန်းများဖိုရမ်အဖွဲ့ကြီးအတွင်း ဩဇာသက်ရောက်မှုပုံစံတွေလည်း ပြောင်းလဲလာနေတာကို စိတ်လှုပ်ရှားစရာတွေ့ ရှိရပါတယ်။
အမေရိကန်ဦးဆောင်တဲ့ ကမ္ဘာ့အစီအစဉ်ဖြစ်တဲ့ ဝင်ရိုးတစ်ခု ကမ္ဘာ့အစီအစဉ် Uni-polar-World Order ကနေ တရုတ်၊ရုရှား၊ အိန္ဒိယနှင့် အခြားသော အနောက် အုပ်စုမဟုတ်တဲ့ ထွန်းသစ်စနိုင်ငံတွေ ဦးဆောင်တဲ့ ဝင်ရိုးစုံကမ္ဘာ့အစီအစဉ် Multi-polar-World Order သို့ ရွေ့လျားနေတဲ့ မျက်မှောက်အခြေအနေကို အစိုးရိမ်ဆုံးဖြစ်နေသူတွေဟာ အမေရိကန်နှင့် ယင်းရဲ့မဟာမိတ် ဥရောပနိုင်ငံအချို့ပဲဖြစ်ကြပါတယ်။ အဲဒါကြောင့်လည်း အမေရိကန်ဟာ ပထဝီနိုင်ငံရေး ယှဉ်ပြိုင်မှုတွေကို ပေါ်ပေါ်တင်တင်နှင့် ခပ်ကြမ်းကြမ်းလုပ်လာနေတာမြင်ကြရပါတယ်။ ပစိဖိတ်ကျွန်းနိုင်ငံများဖိုရမ်မှာ လက်တွေအမြင်ပဲဖြစ်ပါတယ်။
အဲဒါကြောင့် ကမ္ဘာကြီးမှာ အင်အားကြီး နိုင်ငံတွေအကြား ပွတ်တိုက်မှုတွေကြီးထွားလာနေကာ ယင်းမှတစ်ဆင့် ဒေသတွင်းစစ်ပွဲတွေကနေ နိုင်ငံစုံစစ်ပွဲကြီးတွေ အထိ ဖြစ်လာမှာကိုလည်း ဖွံ့ဖြိုးဆဲ ရုန်းကန်ဆဲ နိုင်ငံတွေက စိုးရိမ်လာကြရပါတယ်။
ပထဝီနိုင်ငံရေးလှိုင်းတံပိုးတွေအကြားက ပစိတ်ဖိတ်ကျွန်းနိုင်ငံများဒေသရဲ့ အနာဂတ်နှင့် ဦးတည်ရာကိုတော့ ရင်မသည်းဖို စောင့်ကြည့်ကြရဦးမှာဖြစ်ပါကြောင်း။
-ကောင်းမြတ်ကျော်
@ymg/knl
#World_News
Published 02 September 2024
▪️ အစ္စရေးလ် ခေါင်းဆောင်ပိုင်းက ပုဂ္ဂိုလ်တွေ ဂါဇာစစ်ပွဲ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မရယူနိုင်တဲ့အပေါ် လူအများ စိတ်ပျက်နေကြချိန်မှာ ဂါဇာမှ အစ္စရေးလ်ဓားစာခံ ၆ ဦးသေဆုံးပြီးနောက် တနင်္ဂနွေနေ့မှာ အစ္စရေးလ်နိုင်ငံတလျှောက် ဆန္ဒပြပွဲများ အကြီးအကျယ် ဖြစ်ပွားခဲ့ပါတယ်။
▪️ အစ္စရေးလ်မီဒီယာများရဲ့ ဖော်ပြချက်အရ ဂျေရုဆလမ်၊ တဲလ်အေဗစ်နဲ့ အခြားမြို့တွေမှာ ဆန္ဒပြသူ ၅ သိန်းခန့်အထိ ရှိနိုင်တယ်လို့ ခန့်မှန်းရကာ ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟူ အနေနဲ့ ကျန်ရှိနေသေးတဲ့ ဓားစာခံ ၁၀၁ ဦးကို ပြန်ခေါ်နိုင်ဖို့ ဒီထက်ပိုမို အားထုတ်ရန် လိုလားနေကြပါတယ်။
▪️ ဂျေရုဆလမ်မြို့မှာ ဆန္ဒပြသူတွေက လမ်းတွေကို ပိတ်ဆို့ထားပြီး ဝန်ကြီးချုပ်နေအိမ် အပြင်ဘက်မှာ ဆန္ဒထုတ်ဖော်နေကြပါတယ်။
▪️ ဝေဟင်မှ ရိုက်ကူးမိတဲ့ ဗီဒီယိုထဲမှာ တဲလ်အေဗစ် အဓိကအဝေးပြေးလမ်းမကြီးမှာ ဆန္ဒပြသူတွေက အလံတွေနဲ့ အသတ်ခံရတဲ့ ဓားစာခံတွေရဲ့ ဓာတ်ပုံတွေကို ကိုင်ဆောင်ထားကြပါတယ်။
▪️ အစ္စရေးလ်ရုပ်သံရဲ့ ဗီဒီယိုထဲမှာတော့ ရဲတွေက လမ်းပိတ်ဆို့နေတဲ့ ဆန္ဒပြသူတွေဘက်ကို မီးသတ်ပိုက်တွေနဲ့ ချိန်ထားကာ ၂၉ ဦး ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။
▪️ အလုပ်သမား ခေါင်းဆောင်တွေက တနင်္လာနေ့မှာ အထွေထွေသပိတ်ကြီး တစ်ရက်တာ ပြုလုပ်ဖို့ စည်းရုံးထားပါတယ်။
▪️ ဂါဇာတောင်ပိုင်း ရာဖာမြို့ရှိ လိုဏ်ခေါင်းတစ်ခုကနေ အလောင်းတွေကို ရယူခဲ့တယ်လို့ အစ္စရေးလ်စစ်တပ်က ကြေညာခဲ့ပါတယ်။
▪️ ဆေးမှုခင်းစစ်ဆေးချက်အရ ဟားမတ်စ်အကြမ်းဖက်တွေက လွန်ခဲ့တဲ့ ၄၈ နာရီမှ ၇၂ နာရီအတွင်း ဓားစာခံတွေကို အနီးကပ်ပစ်သတ်ခဲ့တာ ဖြစ်တယ်လို့ ယူဆထားကြောင်း အစ္စရေးလ် ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။
▪️ ဝန်ကြီးချုပ်နေတန်ညာဟူဟာ စစ်ပွဲအပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိဖို့နဲ့ ဓားစာခံများ လွတ်မြောက်ဖို့ တောင်းဆိုခံနေရပေမယ့် အစ္စရေးလ်ဟာ ဒီကိစ္စဖြစ်လာအောင် ပြုလုပ်ခဲ့သူများကို မဖမ်းမိမချင်း ရပ်တန့်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
▪️ ဟားမတ်စ်အကြီးတန်း အရာရှိတွေက အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်မှာ လက်မှတ်ထိုးဖို့ ငြင်းဆန်သူတွေကိုသာ ဓားစာခံတွေ သေဆုံးရခြင်းအတွက် အပြစ်တင်သင့်တယ်လို့ ဆိုလိုက်ပါတယ်။
▪️ ဓားစာခံမိသားစုများ ဖိုရမ်မှာ နေတန်ညာဟူကို တာဝန်ခံခိုင်းနေပြီး သဘောတူညီချက် မရရှိနိုင်သေးတဲ့ အကြောင်းအရင်းကို ရှင်းပြခိုင်းနေပါတယ်။
#Source: Reuters
Page 94 of 858