#WorldHealth
Published 05 April 2022
နှာခေါင်းအစက်ချရသည့်ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ရုရှားနိုင်ငံမှာအသိအမှတ်ပြုစာရင်းသွင်းလိုက်ပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သောကြာနေ့မှာထုတ်ပြန်လိုက်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကူးစက်ရောဂါနဲ့အဏုဇီဝဆိုင်ရာ ဂါမယ်လီယာသုတေသနမှထုတ်လုပ်လိုက်တဲ့ Gam-COVID-Vac (Sputnik V) နှာခေါင်းအစက်ချကာကွယ်ဆေးကို ရုရှားကျန်းမာရေးဝန်ကြီးဌာနမှ အသိအမှတ်ပြုလိုက်ပြီဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။
ဒီကာကွယ်ဆေးမှာ type 16 နဲ့ type 5 adenovirus အမျိုးအစားတွေကိုအခြေခံထားတဲ့ ကာကွယ်ဆေးအစိတ်အပိုင်း ၂ မျိုးပါဝင်ပြီး ဆေးနှစ်ကြိမ်ကို ၃ ပတ်ခြားထိုးနှံရတာဖြစ်ပါတယ်။
ဒီကာကွယ်ဆေးက အသက်ရှူလမ်းကြောင်းအတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကိုခုခံတဲ့ အဓိကကာကွယ်နိုင်စွမ်းကိုဖန်တီးပေးပါတယ်။
နှာခေါင်းအစက်ချဆေးအသုံးပြုခြင်းဖြင့် သွေးထဲက IgA ပဋိပစ္စည်း၊ အသက်ရှူလမ်းကြောင်းရှိ အချွဲရည်များ၊ ဗိုင်းရပ်စ်ချေဖျက်ပေးတဲ့ သွေးထဲရှိ IgG ပဋိပစ္စည်းတွေများပြားလာစေပြီး ရောဂါခုခံအားကိုမြှင့်တင်ပေးပါတယ်။
SARS-CoV-2 ဗိုင်းရပ်စ်ကူးစက်မှုကိုတုန့်ပြန်တဲ့ ဆဲလ်ခုခံအားစွမ်းအားကိုလည်း မြှင့်တင်ပေးကြောင်း ဖော်ပြထားပါတယ်။
အခုအချိန်မှာ အသက် ၁၈ နှစ်အထက်လူများကို နှာခေါင်းအစက်ချကာကွယ်ဆေးထိုးပေးဖို့ ရည်ရွယ်ထားပါတယ်။
ဒါ့အပြင် နှာခေါင်းအစက်ချကာကွယ်ဆေးကို အားမြှင့်ကာကွယ်ဆေး(booster)အဖြစ်လည်း ထိုးနှံပေးဖို့ရှိနေကြောင်း ရုရှားကျန်းမာရေးဝန်ကြီး'မစ်ခေးလ်မူရက်ရှ်ကို'က အစောပိုင်းကပြောကြားထားပါတယ်။
Source: TASS.
#WorldNews
Published - 05 April 2022
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို အနည်းဆုံး ၈၇ ကြိမ်ထိုးနှံခဲ့တယ်လို့ယူဆရတဲ့ ဂျာမနီလူမျိုးတစ်ဦးကို အာဏာပိုင်များကစုံစမ်းမေးမြန်းလျက်ရှိကြောင်း Freie Presse သတင်းစာမှာ သောကြာနေ့ကဖော်ပြခဲ့ပါတယ်။
အဆိုပါဖော်ပြချက်အရ အသက် ၆၁ နှစ်အရွယ်အမျိုးသားတစ်ဦးဟာ ဂျာမနီအရှေ့ပိုင်းဒေသများဖြစ်တဲ့ ဆက်ဆိုနီနဲ့ ဆက်ဆိုနီအန်ဟော့တို့ရှိ ကာကွယ်ဆေးထိုးနှံရေးစင်တာအများအပြားကို သွားရောက်ခဲ့တယ်လို့ သိရှိရပါတယ်။
ထိုလူက ကာကွယ်ဆေးစင်တာတွေမှာ တစ်နေ့ကို ၃ ကြိမ်ထိုးနှံခဲ့ပြီး ဆက်ဆိုနီပြည်နယ်တစ်ခုတည်းမှာတင် ကိုဗစ်ကာကွယ်ဆေး ၈၇ ကြိမ်ထိုးနှံခဲ့တယ်လို့ ယူဆရပါတယ်။
ဒရက်စ်ဒန်မြို့ ကာကွယ်ရေးစင်တာတစ်ခုမှဝန်ထမ်းတစ်ဦးက ထိုလူကိုမှတ်မိသွားခဲ့ပြီး စတင်သံသယဝင်ခဲ့တာဖြစ်ကြောင်း ဂျာမနီကြက်ခြေနီအဖွဲ့မှ 'ကိုင်ခရာနစ်ချ်'က သတင်းဌာနကိုပြောကြားခဲ့ပါတယ်။
နောက်တစ်ကြိမ် လိုက်ပ်ဇစ်မြို့ပြင်အိုင်လင်ဘာ့ဂ်ရှိ ကာကွယ်ဆေးစင်တာတစ်ခုကို ဝင်သွားခဲ့ရာမှာတော့ ဝန်ထမ်းကရဲကိုအကြောင်းကြားခဲ့ကာ ဖမ်းဆီးထိန်းသိမ်းလိုက်ရပါတယ်။
ကာကွယ်ဆေးထိုးပြီးကြောင်းထောက်ခံစာတွေကို ရောင်းစားမှုမှာပါဝင်တယ်ဆိုပြီး ထိုလူကို ဂျာမနီကြက်ခြေနီအဖွဲ့က တရားစွဲဆိုလိုက်ပါတယ်။
ဆက်ဆိုနီပြည်နယ်မှာ ရာဇဝတ်စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပြီး အခြားပြည်နယ်များမှအာဏာပိုင်တွေကလည်း ထိုလူကိုစုံစမ်းစစ်ဆေးလျက်ရှိပါတယ်။
အဆိုပါဂျာမနီလူမျိုးဟာ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးဘယ်နှကြိမ်ထိုးခဲ့လဲဆိုတာကို အတိအကျမသိရသေးပေမယ့် အနည်းဆုံး ၈၇ ကြိမ်ထက်များမယ်လို့ ခန့်မှန်းရပါတယ်။
သတင်းတင်ပို့ချက်များအရ ထိုလူဟာ ကာကွယ်ဆေးထိုးနှံဖို့ဝင်ရောက်သွားတိုင်း ကာကွယ်ဆေးစာရွက်စာတမ်းအလွတ်ကို ယူဆောင်သွားကြောင်း၊ ကာကွယ်ဆေးထိုးပြီးတဲ့အခါ ကာကွယ်ဆေးအမှတ်စဉ်အကြောင်းအရာများပါဝင်တဲ့နေရာကို ဖျက်ပစ်ပြီး ကာကွယ်ဆေးမထိုးထားတဲ့သူတွေကို ရောင်းချခဲ့ကြောင်း သိရှိရပါတယ်။
ကာကွယ်ဆေးထိုးနှံဖို့စာရင်းသွင်းရာမှာ သူ့ရဲ့ကျန်းမာရေးအာမခံကတ်ကိုမပြသဘဲ နာမည်အစစ်နဲ့မွေးရက်အစစ်အတိုင်း စာရင်းပေးသွင်းခဲ့တာကြောင့် သူ့ရဲ့လုပ်ရပ်တွေ မကြာခင်မှာပဲပေါ်သွားခဲ့တာဖြစ်ပါတယ်။
ဒီဖြစ်ရပ်က ကျန်းမာရေးကဏ္ဍမှာ ဒီဂျစ်တယ်စနစ်အသုံးမပြုတဲ့ ဂျာမနီနိုင်ငံကျန်းမာရေးစောင့်ရှောက်မှုစနစ်ရဲ့လိုအပ်ချက်ကို ပေါ်လွင်စေခဲ့ပါတယ်။
ဂျာမနီနိုင်ငံမှာ ကိုဗစ်ရောဂါကူးစက်မှုများပြားလျက်ရှိပြီး အခြားဥရောပနိုင်ငံတွေနဲ့ယှဉ်ရင် ကာကွယ်ဆေးထိုးနှံမှုနှုန်းနည်းပါးနေပါတယ်။
ထိုးနှံခွင့်ရှိတဲ့လူဦးရေ ၇၅ ရာခိုင်နှုန်းကျော် ကာကွယ်ဆေးအပြည့်ထိုးနှံထားပြီး ၅၈ ရာခိုင်နှုန်းကတော့ အားမြှင့်ကာကွယ်ဆေး(booster)ထိုးနှံပြီးသားဖြစ်ပါတယ်။
ဂျာမနီအရှေ့ပိုင်းပြည်နယ်တွေမှာ ပိုမိုနည်းပါးလျက်ရှိပြီး ဆက်ဆိုနီပြည်နယ်မှာ ၆၄.၅ ရာခိုင်နှုန်းသာ ကာကွယ်ဆေးအပြည့်ထိုးနှံရပါသေးတယ်။
Source: DW.
#WorldClimbing
Published 04 April 2022
ပြင်သစ်နိုင်ငံမှ အသက် ၇၀ နှစ်အရွယ်တောင်တက်သမားကြီး 'မာ့ခ်ဘာတာ့ဒ်'ဟာ ဧဝရတ်တောင်ပေါ်ကို ပိုမိုဘေးကင်းစိတ်ချရတဲ့ လမ်းကြောင်းအသစ်ကနေတက်သွားဖို့ ပြင်ဆင်နေပြီး အောက်ဆီဂျင်အထောက်အကူမပါဘဲ ဧဝရတ်တောင်ပေါ်တက်တဲ့ အသက်အကြီးဆုံးလူသားဖြစ်လာဖို့ ရည်မှန်းထားပါတယ်။
#Yangon_Media_Group
Published 4 April 2022
အိမ်မွေးတိရိစ္ဆာန်တွေအတွက် ကျန်းမာရေးထုတ်ကုန်များ နိုင်ငံတကာကုန်စည်ပြပွဲကို ဂျပန်နိုင်ငံ တိုကျိုမြို့တော်မှာ ဧပြီ ၃ ရက်က ဖွင့်လှစ်ခဲ့ရာမှာ ပြပွဲလာသူတွေဟာ များပြားလှတဲ့ ထုတ်ကုန်တွေကြောင့် သဘောကျနှစ်ချိုက်နေခဲ့ကြပါတယ်။
ဂျပန်နှင့် နိုင်ငံရပ်ခြားက ကုမ္ပဏီ ၄၀၀ကျော်တို့ဟာ ထောင်ပေါင်းများစွာရှိတဲ့ တိရိစ္ဆာန်ကျန်းမာရေးထုတ်ကုန်တွေကို လာရောက်ပြသခဲ့ကြပြီး ပြပွဲဟာ (၃)ရက်ကြာမြင့်မှာဖြစ်ပါတယ်။
အဲဒီထုတ်ကုန်တွေထဲမှာ အိမ်မွေးတိရစ္ဆာန်အစားအစာတွေ၊အဝတ်အထည်တွေ၊ အလှအပနှင့် ဆေးဝါးထုတ်ကုန်တွေ ပါဝင်ပါတယ်။ အများစုကတော့ ကျန်းမာရေးနှင့်ညီညွတ်တဲ့ အိမ်မွေးတိရိစ္ဆာန်အစားအစာတွေဖြစ်ကြပြီး ဝယ်ယူသူတွေ သဘောကျနေကြပါတယ်။
သူ့အိမ်က ခွေးလေးက အစားဂျီးများလို့ အသည်းအားတိုးတဲ့ အစားအစာတွေအဓိကဝယ်ဖြစ်တယ်လို့ တစ်ဦးကပြောပါတယ်။
ဂျပန်မှာ ကလေးမွေးနှုန်းကျဆင်းနေပေမယ့် အိမ်မွေးတိရိစ္ဆာန်အရေအတွက်က ထိုးထောင်တက်နေပါတယ်။ခွေးတွေ ကြောင်တွေရဲ့ အရေအတွက်ဟာ အသက်၁၅နှစ်အောက်အရွယ် လူဦးရေထက် များနေပါတယ်။
ဂျပန်မှာ အိမ်မွေးတိရိစ္ဆာန်ထုတ်ကုန်ဈေးကွက်ရဲ့ အရွယ်အစားဟာ တိုးတက်နေပြီး ၂၀၂၂ခုနှစ်မှာ ၅၀၀ဘီလျံယန်းငွေ(အမေရိကန်ဒေါ်လာ ၄,၀၈ ဘီလီယံ)အထိရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။
Source CMG
Published 4 April 2022
တရုတ်နိုင်ငံရဲ့ ကုန်းလမ်း-ရေလမ်း လမ်းကြောင်းသစ်တစ်ခုအဖြစ် ရန်ကုန်ကို ခရီးဆုံးထားရှိကာ အိန္ဒိယသမုဒ္ဒရာကို တိုက်ရိုက်ရောက်အောင် ကုန်စည်ပို့ဆောင်တဲ့ တရုတ်-မြန်မာ အိန္ဒိယသမုဒ္ဒရာ အပြည်ပြည်ဆိုင်ရာ ပူးတွဲပို့ဆောင်ရေးရထား (ချုံချင့်-ရန်ကုန်- အိန္ဒိယသမုဒ္ဒရာ)ဟာ ဧပြီ ၂ရက်နေ့ စနေနေ့က ချုံချင့် မီးရထား ကွန်တိန်တာ စင်တာကနေ ထွက်ခွာ ခုတ်မောင်းခဲ့ပါတယ်။
ချုံချင့်ကထုတ်လုပ်တဲ့ မော်တော်ဆိုင်ကယ် အစိတ်အပိုင်းတွေ သယ်ဆောင်လာတဲ့ အဲဒီ အပြည်ပြည်ဆိုင်ရာပူးတွဲသယ်ယူပို့ဆောင်ရေးရထားဟာ ယူနန်ပြည်နယ် မိုဟန်မှတစ်ဆင့် လာအိုနိုင်ငံတွင်းသို့ ဝင်ရောက်ပြီးနောက် ဗီယင်ကျန်းမှာ ကုန်းလမ်းပို့ဆောင်ရေးအဖြစ် ပြောင်းလဲကာ ထိုင်းနိုင်ငံကို အဝေးပြေးလမ်မကြီးမှ တစ်ဆင့် ဖြတ်သန်းပြီး နောက်ဆုံးတွင် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ရောက်ရှိမှာဖြစ်ပါတယ်။
ယခုသယ်ယူပို့ဆောင်မှုအသစ်အရ ရန်ကုန်ကိုရောက်ရှိဖို့ ရက်ပေါင်း ၁၀ရက်မှ ၁၄ရက်အထိ ကြာမြင့်မှာဖြစ်ပါတယ်။ တကယ်လို့ ယန်စီမြစ်ကနေတစ်ဆင့် အရှေ့ပိုင်းကမ်းခြေမြို့အထိသွားကာ အဲဒီကမှတစ်ဆင့် ပင်လယ်ထဲထွက်တဲ့ သမားရိုးကျ လမ်းကြောင်းအရဆိုရင် ရက်ပေါင်း ၂၀ကျော် ကြာမြင့်တာပါ။ ယခုလမ်းကြောင်းသစ်အရ သယ်ယူပို့ဆောင်ရာမှာ ကြာမြင့်ချိန်ကို ဖြတ်တောက်ပေးနိုင်မှာဖြစ်ပါတယ်။
ဒီနှစ်အကုန်မှာ အဲဒီလမ်းကြောင်းကနေ ကမ္ဘာအနှံ့ နိုင်ငံပေါင်း၁၀၇နိုင်ငံက ဆိပ်ကမ်းပေါင်း ၃၁၅ ခုအထိ ရောက်ရှိနိုင်မယ်လို့ သိရပါတယ်။
၂၀၂၁ခုနှစ်မှာ ချုံချင့်ကနေသွားတဲ့ ရထား-ပင်လယ်ကုန်သယ်ယူမှု၊ နယ်စပ်ဖြတ်ကျော်ပြီး လွန်းပျံ ဘတ်စ်ကားများနှင့်ပို့ဆောင်မှုနှင့် နိုင်ငံတကာရထားလမ်းကြောင်းအသုံးပြုမှုတို့ဟာ စုစုပေါင်းကုန်စည်တွေရဲ့ ၆၀ရာခိုင်နှုန်း၊၁၇ရာခိုင်နှုန်းနှင့် ၃၀ရာခိုင်နှုန်းအသီးသီးရှိခဲ့ပါတယ်။
တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာ အပြည်ပြည်ဆိုင်ရာပူးတွဲသယ်ယူပို့ဆောင်ရေးရထား အောင်မြင်စွာ စတင်ထွက်ခွာနိုင်တဲ့အတွက် ကုန်းလမ်း-ရေကြောင်းလမ်းကြောင်းသစ်တစ်ခုအဖြစ် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံနှင့် အိန္ဒိယသမုဒ္ဒရာသို့ ရောက်ရှိသော အပြည်ပြည်ဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းသစ်ကို ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး အဲဒါဟာ ကုန်းလမ်း-ရေကြောင်းလမ်းကြောင်းသစ် အောင်မြင်မှုတစ်ခုဖြစ်တယ်လို့ ရန်ကုန်အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
Source CMG
#DailyNews
Published -4 April 2022
၁။ မြန်မာနိုင်ငံအတွင်း ငါးသလောက်ထိန်းသိမ်းဧရိယာရေပြင် ၆ သိန်းကျော် သတ်မှတ်ထိန်းသိမ်း
၂။ ရွှေလီ-ကျယ်ဂေါင်မြို့များကို ရောဂါကူးစက်မှုအနိမ့်ဆုံးဇုန်အဖြစ် တရုတ်အာဏာပိုင်များသတ်မှတ်
၃။ မိုးလေဝသ သတင်း
၄။ အသက်၇၀အရွယ် ပြင်သစ်မတောင်တက်သမားကြီး ဧဝရတ်တောင်ကိုလမ်းကြောင်းအသစ်မှတက်ရောက်၍ စံချိန်တင်နိုင်ရန်ကြိုးစားသွားမည်...အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published 4 April 2022
ထိုင်းနိုင်ငံတွင် ပထမဆုံးတွေ့ရှိသော အိုမီခရွန် XEကိုဗစ်-၁၉ မျိုးဗီဇကွဲနှင့်ပတ်သက်ပြီး ထိတ်ထိတ်ပျာပျာမဖြစ်ကြဖို့ အစိုးရ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။ ဒါဟာ အရင်သန္ဓေပြောင်းတွေလိုပဲ ရောဂါသစ်တွေထပ်ဖြစ်လိမ့် မယ်လို့ မယုံကြည်ရဘူးလို့လည်း ပြောပါတယ်။
ရာမသီဘိုဒီဆေးရုံက လူနာတစ်ဦးကို XEကူးစက်ခံထားရတာတွေ့ရှိခဲ့ရတာဖြစ်ပြီး အဲဒီလူနာဟာ ယခု အပြည့်အဝပြန်လည် ကောင်းမွန်သွားပြီလို့ အဲဒီဆေးရုံရဲ့ Centre for Medical Genomics (CMG) ဌာနမှူးက ပြောပါတယ်။
XEဟာ အိုမီခရွန်ကနေထပ်ခွဲလာတဲ့ BA.1 နှင့် BA.2 တို့ပေါင်းစပ်မိသွားပြီး ထပ်ပေါ်လာတဲ့ မျိုးခွဲဖြစ်ပါတယ်။ XE ကူးစက်ခံရတဲ့ လူနာတစ်ဦးတွေ့ရတဲ့အကြောင်း CMG က စနေနေ့ သတင်းထုတ်ပြန်ပေးခဲ့တာပါ။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း XEအိုမီခရွန် မျိုးခွဲနှင့်ပတ်သက်ပြီး စနေနေ့က သတိပေးချက်တစ်ရပ်ထုတ်ပြန်ခဲ့ပါတယ်။ ယင်းဟာ လက်ရှိမှာ ကူးစက်မှုအမြန်ဆုံး မျိုးခွဲဖြစ်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောပါတယ်။
XE ကို ယူကေမှာ ဇန်နဝါရီ၁၉ရက်က ပထမဆုံးတွေ့ရှိခဲ့ရပြီး ယခုထက်ထိကူးစက်မှု ၆၀၀အောက်ပဲရှိသေးတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောဆိုထားပါတယ်။
ကူးစက်ခံရပြီ့း တစ်ပတ်လောက်ကြာမှ စစ်ဆေးမယ့် ဗိုင်းရပ်စ်နမူနာက ပုံမှန်အားဖြင့် ရရှိလေ့ရှိတာကြောင့် အဖြေသိရတဲ့အချိန်မှာ လူနာအများစုဟာ နေကောင်းသွားကြပြီဖြစ်တယ်လို့ CMG ဌာနမှူး ဝါဆွန်ချန်တရက်တီတာက ပြောပါတယ်။
XEဟာ လက်ရှိကူးစက်မှုအမြန်ဆုံးဖြစ်တဲ့ B.A2 ထက် ကူးစက်မှုနှုန်း ၁၀ရာခိုင်နှုန်းပိုမြန်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောထားပါတယ်။
Source BK Post
Page 865 of 926