Published 12 April 2022
ဧပြီ ၁၂ရက် အင်္ဂါနေ့က အမေရိကန်ပြည်ထောင်စု၊နယူးယောက်မြို့အောက်ရထားဘူတာရုံတစ်ခုမှာ လူတော်တော်များများ သေနတ်ပစ်ခံကြရပြီး အနည်းဆုံး ၁၃ဦးခန့်ဟာ ဒဏ်ရာတွေရရှိသွားပါတယ်။ အဲဒီအပြင် မပေါက်ကွဲသေးတဲ့ ဗုံးတွေကိုလည်း အာဏာပိုင်တွေက ရှာတွေ့ခဲ့ကြပါတယ်။
ဘရွတ်ကလင်းဆန်းဆက်ပတ်ခ် ရပ်ကွက်ရဲ့ ၃၆လမ်း မြေအောက်ဘူတာရုံမှာ အင်္ဂါနေ့မနက်က အဆိုပါတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ သတင်းမီဒီယာတွေကပြောပါတယ်။ စီအင်န်အင်န်နှင့် အခြားမီဒီယာတွေကတော့ အနည်းဆုံး လူငါးဦးဟာ သေနတ်နှင့်အပစ်ခံရတယ်လို့ နယူးယောက်မီးသတ်ဌာန သတင်းအရင်းအမြစ်ကို ကိုးကားပြီး သတင်းပေးပို့ကြပါတယ်။
ဒီအပစ်ခံရတဲ့သူတွေဟာ ဒဏ်ရာရသူတွေထဲ ပါမပါတော့ မသဲကွဲပါဘူး။
အရာရှိတွေဟာ အခင်းဖြစ်ရာနေရာကို သွားရောက်တုန့်ပြန်ဆောင်ရွက်နေကြပြီး လူဘယ်နှစ်ဦးအပစ်ခံရတယ်ဆိုတဲ့ အသေးစိတ်မသိရသေးဘူးလို့ နယူးယောက်ရဲဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ရိုက်တာ သတင်းဌာနကိုပြောပါတယ်။
လူတွေအနေနှင့် အဲဒီနေရာတစ်ဝိုက်မှာ မနေကြဖို့ နယူးယောက်ရဲက သတိပေးထားပါတယ်။
Source Reuters
Published 12 April 2022
ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းနိုင်ငံအရှေ့ပိုင်းကို တပ်ဖြန့်မှု ပြီးပြည့်စုံလုနီးပါး ဖြစ်နေပြီလို့ ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက တနင်္လာနေ့က ပြောပါတယ်။
ရုရှားတပ်တွေဟာ ဒွန်းညက်စ်နှင့် လူဟန့်စ်ဒေသတွေကို တပ်တွေ ပေးပို့တာ ပြီးပြည့်စုံလုဖြစ်နေပြီလို့ ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် အိုလက်ဆန်ဒီယာ မိုတူဇိုင်ယာညက်က ပြောပါတယ်။ ယူကရိန်းစစ်တပ်ဟာ ရုရှားတိုက်တွေနှင့် တိုက်ခိုက်ဖို့အတွက် အသင့်ပြင်ဆင်ထားပြီးဖြစ်ပြီး အဲဒါမကြာမီဖြစ်လာလိမ့်မယ်လို့ မျှော်မှန်းထားတယ်လို့ သူကပြောပါတယ်။
တစ်ရက်တည်းမှာပဲ ဒွန်ညက်ဒေသ၊ချာဆစ်ယာမှာရှိတဲ့ ယူကရိန်းစစ်တပ်ရဲ့ ဗဟိုကွပ်ကဲရေးစင်တာကို ရုရှားတပ်ဖွဲ့တွေက ကင်ဇယ်လ်ဟိုက်ပါဆိုးနစ် ဒုံးကျည်တွေနှင့် ဖျက်ဆီးပစ်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် အီဂေါကိုနက်ရှန်ကော့ဗ်က ပြောပါတယ်။
ရုရှားတပ်တွေဟာ တိုချကာ-ယူ ဒုံးကျည်တွေ တာတိုပစ်စနစ်တစ်ခု၊ ယူကရိန်းစစ်တပ်ရဲ့ မာလ်တီဘာရယ်လ် လောင်ချာစနစ်နှစ်ခု ကိုလည်း ဖျက်ဆီးပစ်ခဲ့ပြီး ဒွန်ညက်ဒေသ၊နီလီဒိုဗိုက ယူကရိန်းမျိုးချစ်၄၀ဦးနီးပါးကိုလည်း သတ်ပစ်နိုင်ခဲ့တယ်လို့ သူကပြောပါတယ်။
Source CMG
Published 12 April 2022
စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ပင်န်စီဗေးနီးယားက အမျိုးသားတစ်ဦးဟာ ဂျိုးဘိုင်ဒင် ဆန့်ကျင်ရေး စတစ်ကာတွေကို ဓာတ်ဆီ ဆိုင်ရဲ့ ပန့်တွေမှာကပ်ခဲ့ပြီးနောက် ဒေသရဲတွေနှင့် ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်ပြီးနောက် ဖမ်းဆီးခံခဲ့ရတယ်လို့ နယူး ယောက်စ်ပို့သတင်းစာကရေးသားပါတယ်။
အဲဒီဖြစ်ရပ်ဟာ မတ်၃၁ရက်က ဖြစ်ပွားခဲ့တာဖြစ်ခဲ့တာလို့ ဖြစ်ရပ်ကိုမှတ်တမ်းတင်ခဲ့တဲ့ အာရွန်ဖိလစ်ဆိုသူက ဖေ့စ်ဘုတ်ခ်မှာ ရေးသားဖြန့်ဝေခဲ့ပါတယ်။
ထိုသူဟာ မန်နော်မြို့က အသက်၅၄နှစ်အရွယ် သောမတ်ရစ်ချတ်ဂလေ့ဇ်စကီး ဆိုသူဖြစ်ပြီး ဧပြီ၄ရက်နေ့မှာ သူ့ကို တရား စွဲဆိုခဲ့ပါတယ်။ သူဟာ တာကီးဟေးလ် ဆီဆိုင်က ပန့်တွေမှာ သမ္မတဘိုင်ဒင်ကိုဆန့်ကျင်တဲ့ စတစ်ကာတွေကပ်ခဲ့ပြီးနောက် ဥပဒေချိုးဖောက်မှုများစွာနှင့် တရားစွဲခံခဲ့ရပါတယ်လို့ လန်ကက်စတာ အွန်လိုင်းသတင်း ကရေးသားပါတယ်။
စတစ်ကာမှာ သမ္မတက ဈေးနှုန်းတွေကို လက်ညှိုးထိုးပြတဲ့ပုံနှင့်အတူ “ ဒါငါလုပ်ခဲ့တာ” လို့ စာလုံးအမည်းကြီးတွေနှင့်ရေး ထားပါတယ်။ သူ့လုပ်ဆောင်မှုဟာ အမေရိကန်မှာ လောင်စာဈေးတွေမြင့်တက်နေမှုအပေါ် တစ်နိုင်ငံလုံးရဲ့ ဦးတည်မှု ကြီးထွားလာတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။
ရဲကဖမ်းလို့ ယက်ကန်ယက်ကန်ဖြစ်နေတုန်း သူက ဆဲသံကြားလိုက်ပါတယ်။ အဲဒီနောက်သူဟာ ပန့်တွေဆီရုန်းထွက်ပြေးသွား လိုက်ပြီး စတစ်ကာမှာပါတဲ့ စာသားအတိုင်း“ ငါလုပ်ခဲ့တာ ငါလုပ်ခဲ့တာဟေ့” လို့ ထပ်တူအော်ဟစ်ခဲ့ပါတယ်။
သူဟာအဲဒီနောက် ကားပါကင်ကိုအသွားမှာ ရဲအရာရှိတစ်ဦးက သူ့ကိုလက်ထိပ်ခတ်ဖမ်းဆီးလိုက်ပါတယ်။ နောက်ရဲသုံးဦးက ရဲလှည့်ကင်းကားရဲ့ နောက်ခန်းထဲ တွန်းထိုးလိုက်ပါတယ်။ကျန်နှစ်ဦးက သူ့ကို ခြေထောက်တွေနှင့်ကန်ပါတယ်။
သူဟာ အဖမ်းမခံဘဲခုခံမှု၊ဆူဆူပူပူပြုကျင့်မှု၊အနှောက်အယှက်ပေးမှုနှင့် အကျိုးဖျက်ဆီးမှုရာဇဝတ်မှုတို့ဖြင့် တရားစွဲခံခဲ့ရတာ ဖြစ်တယ်လို့ လန်ကက်စတာအွန်လိုင်းက သတင်းပေးပို့ပါတယ်။
ဓာတ်ဆီတစ်ဂါလံဈေးနှုန်းဟာ အမေရိကန်နိုင်ငံမှာ ပျှမ်းမျှအားဖြင့် ၄.၁၂ ဒေါ်လာရှိနေပြီး ပင်န်စီဗေးနီးယားမှာ ၄.၂၂ ဒေါ်လာ နယူးယောက်မှာ ၄.၂၄ ဒေါ်လာဈေးပေါက်နေပါတယ်။
ဘိုင်ဒင်ရဲ့ “ ငါလုပ်ခဲ့တာ” ဆိုတဲ့ စတစ်ကာတွေကို Mott Haven နှင့် Harlem တို့ကဓာတ်ဆီပန့်တွေမှာ ပြီးခဲ့တဲ့လကတည်းက နယူးယောက်ပို့စ်က တွေ့ခဲ့တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
အဲဒီစတစ်ကာတွေကို အခု၁၀၀ပါတဲ့ တစ်ဘူးကို ၈.၉၅ ဒေါ်လာနှင့် အမေဇုန်မှာ အွန်လိုင်းရောင်းချနေတာဖြစ်ပါတယ်။
Source New York Post
#WorldPolitics
Published 12 April 2022
အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒန်'နဲ့ အိန္ဒိယဝန်ကြီးချုပ်'နရန်ဒရာမိုဒီ'တို့ ယူကရိန်းအရေးကိစ္စနဲ့ပတ်သက်ပြီး ဧပြီ(၁၁)ရက်နေ့က အွန်လိုင်းအစည်းအဝေးပြုလုပ်ကာ နှစ်ဘက်သဘောထားများကို ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ကြကြောင်း အကြီးတန်းအုပ်ချုပ်ရေးအရာရှိတစ်ဦးက အသိပေးခဲ့ပါတယ်။
ရုရှားရဲ့ ကျူးကျော်မှုနဲ့ပတ်သက်ပြီး အိန္ဒိယတို့ကကြားနေအခြေအနေမှာပဲ ရပ်တည်နေတဲ့သဘောထားအပေါ် အမေရိကန်တို့က စိတ်ပျက်လျက်ရှိနေကြပါတယ်။
အစည်းအဝေးပွဲဟာ နာရီချီပြီးကြာမြင့်ခဲ့ပြီး နွေးထွေးရင်းနှီးစွာပြောဆိုခဲ့ကြပေမယ့် စစ်ရေးပဋိပက္ခအပေါ် စည်းလုံးညီညွတ်စွာထောက်ခံရပ်တည်ဖို့အတွက်တော့ တိုးတက်မှုမရခဲ့ဘဲ 'ဘိုင်ဒန်'ကလည်း အိန္ဒိယဘက်ကို တောင်းဆိုချက်များများစားစား မတောင်းဆိုခဲ့ပါဘူး။
အိန္ဒိယနိုင်ငံဟာ အနောက်နိုင်ငံနဲ့ဆက်ဆံရေးဆက်လက်ခိုင်မြဲဖို့ ခက်ခက်ခဲခဲကြိုးပမ်းနေရသလို ရုရှားနဲ့လည်း မကင်းကွာနိုင်ပါဘူး။
ဒါ့အပြင် ရုရှားလောင်စာတွေကို အိန္ဒိယကဆက်လက်ဝယ်ယူနေဆဲဖြစ်တာကြောင့် အမေရိကန်တို့က စောင့်ကြည့်နေကြရပါတယ်။
ရုရှားကို ဝိုင်းဝန်းရှောင်ဖယ်ပြီး အရေးယူပိတ်ဆို့ဖို့ ကမ္ဘာ့ခေါင်းဆောင်တွေကို 'ဘိုင်ဒန်'ကတိုက်တွန်းထားပေမယ့် ယခုအစည်းအဝေးပွဲမှာတော့ ရုရှားလောင်စာဆီတင်သွင်းခြင်းအကြောင်း ရေရေရာရာဆွေးနွေးသွားခြင်းမရှိပါဘူး။
"ရုရှားမှ လောင်စာ၊ ဓာတ်ငွေ့နဲ့ ကျောက်မီးသွေးတွေကို အမေရိကန်မှာတင်သွင်းခွင့် ပြတ်ပြတ်သားသားပိတ်ပင်ထားလိုက်ပါပြီ။ အခြားနိုင်ငံတွေကတော့ သူတို့သဘောနဲ့သူတို့ပဲပေါ့" လို့ ပြောပြသွားပါတယ်။
"အိန္ဒိယက ရုရှားဆီကနေ လောင်စာတွေထပ်မံတင်သွင်းဖို မပြုလုပ်သင့်တော့ပါဘူး။ တင်သွင်းကုန်အမျိုးမျိုးနဲ့ပတ်သက်လို အိန္ဒိယနဲ့ဆွေးနွေးသွားမှာဖြစ်ပြီး အမေရိကန်ကအိန္ဒိယကို ထောက်ပံ့ဖိုအသင့်ရှိနေပါတယ်"
အစည်းအဝေးပွဲအစမှာ 'ဘိုင်ဒန်'က နှစ်နိုင်ငံရဲ့ ရင်းနှီးတဲ့ဆက်ဆံရေးကို အသိအမှတ်လေးစားကြောင်း၊ စစ်ပွဲနဲ့ပတ်သက်ပြီး နီးနီးစပ်စပ်တိုင်ပင်ညှိနှိုင်းသွားချင်ကြောင်း ပြောကြားခဲ့ပါတယ်။
အိန္ဒိယဝန်ကြီးချုပ်က ယူကရိန်းအရေးကိစ္စဟာ အလွန်စိုးရိမ်ပူပန်ရကြောင်းမှတ်ချက်ပြုခဲ့ပြီး ယူကရိန်းကို ဆေးဘက်ဆိုင်ရာအကူအညီများထောက်ပံ့နေခဲ့ကာ ယူကရိန်း-ရုရှားအရေးကိစ္စဆွေးနွေးဖို့ကိုလည်း အိန္ဒိယကထောက်ခံအားပေးကြောင်း ထပ်မံအသိပေးခဲ့ပါတယ်။
မတ်လအစောပိုင်း အမေရိကန်၊ အိန္ဒိယ၊ ဩစတြေးလျ၊ ဂျပန် (၄)နိုင်ငံမဟာမိတ်အစည်းအဝေးပွဲတုန်းက 'ဘိုင်ဒန်'နဲ့'မိုဒီ'တိုဟာ ရုရှားကျူးကျော်စစ်ကိုရှုတ်ချဖို့အရေး သဘောတူညီမှုမရရှိခဲ့ပါဘူး။
Source: CNA
#Yangon_Media_Group
Published 12 April 2022
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီဘလင်ကန်က ရုရှားသမ္မတပူတင်နှင့်ရင်ဆိုင်တဲ့အခါ ဒီမိုကရေစီနိုင်ငံတွေ အတူတကွရပ်တည်သင့်တယ်လို့ အိန္ဒိယပြည်ပရေးရာ ဝန်ကြီး ဆူဘရာမန်ရန် ဂျန်ရှန်ကာ
နှင့် ဧပြီ ၁၁ ရက်က ဝါရှင်တန်မှာပြုလုပ်တဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးကလည်း တကယ်တမ်းတော့ အိန္ဒိယထက် ဥရောပကသာ ရုရှားက စွမ်းအင်တွေ ပိုဝယ်နေတာဖြစ်တယ်လို့ ပြန်လည်ပြောကြားခဲ့ပါတယ်။
Source AFP
#WorldHealth
Published 12 April 2022
ကျန်းမာရေးနဲ့ပတ်သက်လာရင် လုပ်ထုံးလုပ်နည်းအတိုင်းအတာများစွာရှိပေမယ့် အရိုးရှင်းဆုံး ကျန်းမာရေးစောင့်ရှောက်မှုနည်းလမ်းကတော့ မိမိတို့ရဲ့ခါးပတ်လည်အတိုင်းအတာကို မိမိအရပ်အမြင့်အတိုင်းအတာရဲ့ တဝက်နီးပါး ရှိနေစေဖို့ပဲဖြစ်ပါတယ်။
နိုင်ငံတကာမှာ အဝလွန်ဝေဒနာအဖြစ်များလာမှုတွေကြောင့် ဗိုက်ရွှဲခြင်းကိုတိုက်ဖျက်ဖို့ ကျန်းမာရေးတာဝန်ရှိသူတွေက အကြံဉာဏ်ပြုလိုက်တာဖြစ်ပါတယ်။
ခါးနားတဝိုက်မှာ အဆီစုပြုံလာခြင်းဖြင့် ဆီးချိုရောဂါ၊ သွေးတိုး၊ နှလုံးရောဂါများ ဖြစ်ပွားလာနိုင်ကြောင်း ကျွမ်းကျင်သူများကဖော်ပြထားပါတယ်။
ကျန်းမာရေးစောင့်ရှောက်ကွပ်ကဲရေးအဖွဲ့က လူတွေအနေနဲ့ မိမိတို့ရဲ့ ခါးနဲ့ကိုယ်အရပ်အမြင့်အတိုင်းအတာအချိုးအစားတို့ကို တိုင်းတာသင့်ကြောင်း ပထမဆုံးအကြိမ်အကြံဉာဏ်ပေးလိုက်ပါတယ်။
အဆိုပါနည်းလမ်းက မိမိတို့ရဲ့ ကျန်းမာရေးကိုထိန်းသိမ်းစောင့်ရှောက်ဖို့ အရိုးရှင်းအထိရောက်ဆုံးနည်းလမ်းဖြစ်ကြောင်း ဒေါက်တာ'ပေါလ်ခရစ်ပ်'က ပြောပြပါတယ်။
ကျန်းမာတဲ့သူတစ်ယောက်ရဲ့ ခါးနဲ့ကိုယ်အရပ်အမြင့်အချိုးအစားဟာ ၀.၄ ကနေ ၀.၄၉ အတွင်းရှိနေသင့်ပါတယ်။
၀.၅ ကနေ ၀.၅၉ အတွင်းရှိနေပြီဆိုရင် ကျန်းမာရေးပြဿနာတွေရှိလာနိုင်ပြီး ၀.၆ အထက်ဆိုရင်တော့ ကျန်းမာရေးအန္တရာယ်အများဆုံးအခြေအနေလို ပြောလို့ရပါတယ်။
ဥပမာအားဖြင့် အရပ် ၅ ပေ ၄ လက်မရှိတဲ့ အမျိုးသမီးတစ်ယောက်ဟာ ခါးအတိုင်းအတာ ၂၉ လက်မရှိတယ်ဆိုရင် ကျန်းမာရေးနဲ့ညီညွတ်တဲ့အချိုးအစားဖြစ်ပါတယ်။
အကယ်၍ ခါးအတိုင်း ၃၂ လက်မရှိတယ်ဆိုရင်တော့ ကျန်းမာရေးညံ့တဲ့အချိုးအစားဖြစ်သွားပါပြီ။
အရပ် ၅ ပေ ၁၀ လက်မရှိတဲ့အမျိုးသားဟာ ခါးအတိုင်း ၃၆ လက်မရှိတယ်ဆိုရင်ကျန်းမာရေးပြဿနာဖြစ်လာနိုင်ချေရှိနေပါတယ်။
အဆိုပါနည်းလမ်းကို ယောကျ်ားမိန်းမမရွေး လူမျိုးမရွေးတိုင်းတာနိုင်ပြီး ကြွက်သားတောင့်တင်းသန်မာတဲ့လူတွေမှာလည်း အသုံးပြုနိုင်ပါတယ်။
"ခါးတဝိုက်မှာ အဆီစုလာပြီဆိုရင် ကယ်လိုရီတွေစားသုံးမှုလျှော့ချသင့်သလို ကယ်လိုရီများများ လောင်ကျွမ်းသင့်နေပါပြီ။ လူအများစုက ကိုယ့်အရပ်အမြင့်ကိုယ်သိကြတာကြောင့် ခါးအတိုင်းအတာသိရှိဖို့က မခက်ခဲတော့ပါဘူး" လို့ ဂလက်စ်ဂိုတက္ကသိုလ်မှ ပရော်ဖက်ဆာ'နာဗိဆက်တာ'က ပြောပြလိုက်ပါတယ်။
Source: DailyMail
#Yangon_Media_Group
#WorldHealth
Published 12 April 2022
အက်စ်ထရာဇန်နီကာနဲ့ ဂျွန်ဆန်အင်န်ဂျွန်ဆန်ကိုဗစ်ကာကွယ်ဆေးများထိုးပြီးနောက် ရှားပါးဖြစ်ပေါ်လေ့ရှိတဲ့ သွေးခဲခြင်းဖြစ်စဉ်အကြောင်း သုတေသနအသစ်တစ်ခုမှာ ရှင်းလင်းတင်ပြထားပါတယ်။
ကာကွယ်ဆေးထိုးပြီးနောက် သွေးကြောငယ်လေးတွေမှာ သွေးခဲခြင်းဖြစ်ခဲ့တဲ့ လူငါးဦးကိုလေ့လာကြည့်ရာမှာ သွေးခဲခြင်းဖြစ်စဉ်မှာပါဝင်တဲ့ PF4 ပရိုတိန်းကိုတိုက်ဖျက်မယ့် ပဋိပစ္စည်းတွေ ထူးထူးခြားခြားထွက်ပေါ်လာပါတယ်။
ဒါ့အပြင် အဆိုပါ ၅ ယောက်စလုံးမှာ ဒီလိုပဋိပစ္စည်းတွေထုတ်လုပ်နိုင်မယ့် မျိုးဗီဇတစ်မျိုးထွက်ပေါ်လာတာကို တွေ့ရှိခဲ့ကြကြောင်း medRxiv ဝက်ဘ်ဆိုက်မှာ တနင်္လာနေ့ကဖော်ပြခဲ့ပါတယ်။
"မျိုးရိုးဗီဇကွဲနဲ့ ပဋိပစ္စည်းဆင့်ကဲပြောင်းလဲခြင်းတို့ ပူးပေါင်းသွားတဲ့အခါ PF4 ပရိုတိန်းပျက်စီးရာပျက်စီးကြောင်း ဖြစ်ပေါ်လာနိုင်ပြီး နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်ပေါ်လာပါတယ်" လို့ သုတေသီများဖော်ပြခဲ့ပါတယ်။
ဒီလိုမျိုးဗီဇဖြစ်ပေါ်လာနိုင်ချေက အမျိုးမျိုးပြောင်းလဲနိုင်ပြီး ဥရောပမျိုးနွယ်တွေမှာ အဖြစ်အများဆုံးဖြစ်ကြောင်း ဖော်ပြထားပါတယ်။
အခုလိုတွေ့ရှိချက်ကြောင့် ကာကွယ်ဆေးထိုးပြီး နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်ပေါ်လာနိုင်မယ့် မျိုးရိုးဗီဇကွဲသယ်ဆောင်ထားတဲ့လူနာတွေကို မျိုးဗီဇစစ်ဆေးရှာဖွေခြင်းတွေ ပြုလုပ်နိုင်မှာဖြစ်ကြောင်း ဖလိုင်ဒါစ်ဩစတြေးလျတက္ကသိုလ်မှ 'တွမ်ဂေါ်ဒွန်'နဲ့ 'ကျင်ကျင်ဝမ်'တို့က ဖော်ပြခဲ့ကြပါတယ်။
ဒါ့အပြင် ဒီတွေ့ရှိချက်က ဆိုးကျိုးအန္တရာယ်ပေးနိုင်တဲ့ အဆိုပါပဋိပစ္စည်းမျိုးကို တိုက်ဖျက်ပေးနိုင်မယ့်ကုသနည်း ရရှိစေမှာဖြစ်ပါတယ်။
Source: Reuters
#Yangon_Media_Group
Page 859 of 927