Published 2 Feb 2022
လာမယ့်၁၀နှစ်အတွင်းမှာ သူ့ရဲ့နိုင်ငံ ကော့စတာရီကာဟာ ခြားနားပြောင်းလဲသွားလိမ့်မယ်လို့ အာကသယာဉ်မှူးဟောင်း ဖရန်ကလင်ချန်းက ယုံကြည်နေပါတယ်။ သူက နိုင်ငံကို ပိုပြီးကြွယ်ဝလာကာပိုပြီးသန့်ရှင်းလာဖို့ စိတ်အားထက်သန်နေပါတယ်။ ၂၀၁၁ခုနှစ်ကတည်းက သူလေ့လာဆောင်ရွက်နေတဲ့ သန့်စင်တဲ့ဟိုက်ဒရိုဂျင်နည်းပညာကို ကျေးဇူးတင်ရမှာပါ။
Source AFP
#WorldWildlife
Published - 2 February 2022
သားရဲငှက်တွေကို ကူညီကယ်ဆယ်ဖို့ ဆုံးဖြတ်ချက်ချထားတဲ့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ ညီအစ်ကိုနှစ်ဦးဟာ သေလုနီးပါးဖြစ်နေတဲ့ ကြောက်မက်ဖွယ်ရာ လင်းတတစ်ကောင်ကို ၂ ပတ်ကြာကုသပေးပြီးတဲ့အခါမှာတော့ လင်းတငှက်ကြီးဟာ အတောင်ပံခတ်ပြီး ကောင်းကင်သို့ ပျံတက်သွားနိုင်ခဲ့ပါတယ်။
#Yangon_Media_Group
Published 2 February 2022
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗရော့ဗ်က မော်စကိုရဲ့ လုံခြုံရေးဆိုင်ရာစိုးရိမ်ပူပန်မှုနှင့်ပတ်သက်လို့ ဝါရှင်တန်က ဆွေးနွေးဖို့အဆင်သင့်ရှိနေတယ်လို့ပြောကြားလိုက်ပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်နှင့် ဖုန်းပြောဆိုအပြီးမှာ သူကထုတ်ဖော်ပြောကြားလိုက်တာပါ။ ရုရှားက သူတို့တောင်းဆိုချက် အပေါ် ဆက်လက်ကိုင်စွဲရပ်တည်သွားမယ်လို့လည်းသူကပြောပါတယ်။
Source AFP
#WorldPolitics
Published - 2 February 2022
အမေရိကန်တို့က စစ်ပွဲဖြစ်လာစေရန် ရည်ရွယ်ချက်ရှိရှိ ဖန်တီးလုပ်ကြံနေပြီး ယူကရိန်းအရေးနဲ့ပတ်သက်၍လည်း ရုရှားရဲ့လုံခြုံရေးကိစ္စရပ်များကို လျစ်လျူရှုထားကြောင်း ရုရှားသမ္မတ'ဗလက်ဒီမီယာပူတင်'က အနောက်နိုင်ငံကို အင်္ဂါနေ့က စွပ်စွဲပြောကြားလိုက်ပါတယ်။
၆ ပတ်နီးပါးကြာမြင့်နေပြီဖြစ်တဲ့ ယူကရိန်းအရေးကိစ္စတွင် ပူတင်က ပထမဆုံးလူသိရှင်ကြားကြေညာချက်ကို တိုက်ရိုက်ပြောဆိုခဲ့ရာမှာ သူတောင်းဆိုထားတဲ့ လုံခြုံရေးကိစ္စရပ်တွေကို အလျှော့ပေးမယ့်ပုံမရှိကြောင်း ထင်သာနေပါတယ်။
ရုရှားတို့တောင်းဆိုထားတဲ့ ကိစ္စရပ်တွေဟာ သင့်လျော်ခြင်းမရှိဘဲ ကျူးကျော်မှုပြုလုပ်ဖို့ အကြောင်းပြချက်သက်သက်သာဖြစ်ကြောင်း အမေရိကန်တို့က သတ်မှတ်ခဲ့ပါတယ်။
ရုရှား-အမေရိကန်ပြဿနာ ကြီးထွားလာနေတာကြောင့် ကြားဝင်ဖြေရှင်းဖို့ကြိုးပမ်းနေတဲ့ နေတိုး(NATO)တပ်ဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဟန်ဂေရီဝန်ကြီးချုပ်ဆီ အလည်အပတ်သွားရင်း မီဒီယာရှင်းလင်းပွဲတစ်ခုမှာ ပူတင်ပြောကြားခဲ့ရာမှာ "ရုရှားဘက်က တောင်းဆိုတဲ့ လုံခြုံရေးကိစ္စရပ်တွေက လုံးဝလျစ်လျူရှုခြင်းခံထားရတယ်ဆိုတာ ရှင်းနေပါပြီ" လို့ ဆိုခဲ့ပါတယ်။
ယူကရိန်းက နေတိုးအဖွဲ့ဝင်ဖြစ်လာမယ်ဆိုရင် ၂၀၁၄ ခုနှစ်က ရုရှားတို့ သိမ်းပိုက်ခဲ့တဲ့ ခရီမီယာကျွန်းဆွယ်ကို ယူကရိန်းတို့ပြန်လည်သိမ်းပိုက်ဖို့ ကြိုးပမ်းလာနိုင်ကြောင်း ပူတင်က ခန့်မှန်းပုံဖော်လိုက်ပါတယ်။
"ယူကရိန်းက နေတိုးအဖွဲ့ဝင်ဖြစ်လာပြီး စစ်ဆင်ရေးတွေ စတင်ပြုလုပ်လာပြီဆိုပါစို။ အဲဒီအခါကျရင် ကျုပ်တို့က နေတိုးအဖွဲ့ အစည်းကြီးနဲ့ စစ်ဖြစ်ရတော့မှာလား။ အဲဒီလိုတွေးမိတဲ့သူရှိလား" လို့ ပူတင်ကပြောကြားလိုက်ပါတယ်။
ယူကရိန်းနယ်စပ်မှာ ရုရှားစစ်အင်အား ၁ သိန်းကျော် နေရာချထားခြင်းကြောင့် ပူတင်အနေနဲ့ ကျူးကျော်မှုပြုလုပ်လာမှာကို အနောက်နိုင်ငံတွေက စိုးရိမ်နေကြပါတယ်။
ရုရှားဘက်ကတော့ ကျူးကျော်မယ့်အစီအစဉ်မရှိဘူးလို့ ငြင်းဆိုထားပေမယ့် လုံခြုံရေးတောင်းဆိုချက်တွေကို မလိုက်လျောဘူးဆိုရင်တော့ စစ်ရေးဆောင်ရွက်မှုတွေ ပြုလုပ်ရလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။
ရုရှားအနေနဲ့ မည်သည့်ကျူးကျော်မှုပြုလုပ်သည်ဖြစ်စေ ဒဏ်ခတ်ပိတ်ဆိုမှုတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ကြောင်း အနောက်နိုင်ငံတွေက သတိပေးထားပါတယ်။
အခုပြဿနာအကျပ်အတည်းရဲ့ အရင်းအမြစ်က ၁၉၉၉ သဘောတူညီချက်အရ အခြားနိုင်ငံတွေအပေါ် အသုံးချပြီး ကိုယ်ပိုင်လုံခြုံရေးတောင့်တင်းအောင် ဆောင်ရွက်ခြင်းမပြုဖို့ ကို ရုရှားတို့ က အလိုရှိနေတာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး 'ဆာဂျီလက်ဗ်ရော့ဗ်'က ပြောကြားလိုက်ပါတယ်။
"သမ္မတပူတင်သာ စစ်ပွဲမဖြစ်ချင်ဘူးဆိုရင် စစ်တပ်တွေနဲ့ လက်နက်ကြီးတွေနေရာချထားတာကို တပ်ဆုတ်ပြီး အသေအချာဆွေးနွေးတိုင်ပင်ဖို အချိန်ကျပါပြီ" လို့ နိုင်ငံခြားရေးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။
ရုရှားအခြေစိုက်စခန်းအချို့ရှိ ဒုံးကျည်လက်နက်အချက်အလက်တွေကို ရုရှားတို့မျှဝေထုတ်ဖော်ပေးပါက ရိုမေးနီးယားနဲ့ပိုလန်တို့ ရှိ နေတိုးအခြေစိုက်စခန်းတွေမှာ တော်မာဟော့ခ်ပဲ့ထိန်းဒုံးကျည်များ မထားရှိကြောင်း စစ်ဆေးနိုင်ဖို့ အမေရိကန်တို့ ဘက်က ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။
အိမ်ဖြူတော်နဲ့ နိုင်ငံခြားရေးဌာနတို့က မှတ်ချက်ပြုဖြေကြားပေးဖို့ကို ချက်ချင်းအကြောင်းမပြန်သေးပေမယ့် စစ်လက်နက်ထိန်းချုပ်ကန့်သတ်ရေးနဲ့ ရုရှားတို့ရဲ့ စိုးရိမ်မှုတွေအကြောင်းကိုသာ အမေရိကန်တို့ က ဆွေးနွေးဖို့ ကမ်းလှမ်းခဲ့ကြောင်း ခိုင်မာတဲ့သတင်းအရင်းအမြစ်က ဖော်ပြထားပါတယ်။
Source: Reuters
#Yangon_Media_Group
#WorldHealth
Published - 02 February 2022
ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဒယ်လ်တာမျိုးဗီဇကွဲဟာ ဟမ်းစတားကြွက်တွေကနေ တဆင့် ဟောင်ကောင်ကို ပြန်လည်ရောက်ရှိလာပြီဖြစ်ပါတယ်။တိရိစ္ဆာန်တွေကနေ လူတွေဆီ ကိုဗစ်ရောဂါကူးစက်စေနိုင်တဲ့အထဲမှာ မြွေပါကတိုးတွေအပြင် အခုအခါ ဟမ်းစတားကြွက်တွေပါ ပါဝင်လာပြီဖြစ်ပါတယ်။
လေ့လာတွေ့ရှိချက်အသစ်အရ ကိုဗစ်ရောဂါဖြစ်ပွားစေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဒယ်လ်တာမျိုးဗီဇကွဲဟာ လူသားတွေဆီကနေ ဟမ်းစတားကြွက်တွေထံသို့ ကူးစက်စေနိုင်ပြီး အဲဒီနောက် လူသားတွေထံသို့ ပြန်လည်ကူးစက်စေနိုင်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဟာ ၂၀၁၉ နှောင်းပိုင်းမှာ တရုတ်နိုင်ငံ ဝူဟန်မြို့ကနေစတင်ပျံ့ပွားလာခဲ့ပြီး ကမ္ဘာတဝန်းလုံးကူးစက်စေခဲ့ကာ ဗိုင်းရပ်စ်ကြောင့် လူသန်းပေါင်းများစွာ အသက်သေဆုံးခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်အစပြုရာနဲ့ ပတ်သက်ပြီး အငြင်းပွားစရာတွေ ရှိနေသေးပေမယ့် တိရိစ္ဆာန်တွေ အထူးသဖြင့် လင်းနို့တွေကနေ အစပြုတယ်လို့ အများအပြားယူဆထားကြပါတယ်။
The Lancet ဂျာနယ်မှာဖော်ပြထားတဲ့ လေ့လာချက်အရ ဟမ်းစတားကြွက်တွေဟာလည်း လူသားတွေထံ ကိုရိုနာဗိုင်းရပ်စ်ကူးစက်စေတဲ့ တိရိစ္ဆာန်တစ်မျိုးဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ဟမ်းစတားကြွက်တွေ ကိုရိုနာဗိုင်းရပ်စ်ကူးစက်နိုင်တယ်ဆိုတဲ့အချက်က အထူးအဆန်းတော့မဟုတ်ပါဘူး။လူသားတွေဆီကနေ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ အခြားတိရိစ္ဆာန်တွေလည်း ရှိနေပြီး ကြောင်၊ ခွေး၊ မြွေပါကတိုး၊ ကြွက်၊ သမင်၊ မျောက်ဝံ၊ ဝက်၊ ဖျံ တို့ပါဝင်ပါတယ်။
ဒါပေမဲ့ သတ္တဝါတစ်မျိုးနဲ့တစ်မျိုး ကိုရိုနာဗိုင်းရပ်စ်ကို တုန့်ပြန်ပုံချင်း မတူကြပါဘူး။
ဥပမာအားဖြင့် ကြောင်တွေဆိုရင် ကူးစက်ခံရမှုမှ အလျင်အမြန်သက်သာလာတတ်ပါတယ်။
သမင်တွေဆိုရင် ရောဂါလက္ခဏာမပြပေမယ့် တစ်ကောင်ကနေ တစ်ကောင်ကူးစက်တတ်ပါတယ်။
ဝက်တွေဆိုရင် ရောဂါလက္ခဏာလုံးဝမပြတဲ့အပြင် နောက်ထပ်ကူးစက်မှုလည်း မဖြစ်စေတတ်ပါဘူး။ဒီလေ့လာချက်ရဲ့ ထူးခြားချက်က ဟမ်းစတားကြွက်တွေကနေ လူတွေဆီ ပြန်လည်ကူးစက်စေနိုင်တာပဲ ဖြစ်ပါတယ်။
လူတွေထံသို့ ကိုရိုနာဗိုင်းရပ်စ်ပြန်လည်ကူးစက်စေတဲ့ နောက်ထပ်သတ္တဝါကတော့ မြွေပါကတိုးတွေဖြစ်ပြီး ဒိန်းမတ်ရှိ မွေးမြူရေးခြံတွေမှာ ကူးစက်မှုတွေဖြစ်ခဲ့ပါတယ်။
ဟောင်ကောင်မှ လူနှစ်ယောက်ဟာ ဟမ်းစတားကြွက်တွေဆီကနေ ကိုရိုနာကူးစက်ထားပြီး အဲဒီကနေတဆင့် လူလူချင်းကူးစက်သူ တစ်ယောက်ကိုလည်းတွေ့ရှိထားကြောင်း အတည်ပြုထားပါတယ်။
Source: The Jerusalem Post
#WorldHealth
Published - 02 February 2022
ကိုဗစ်ကပ်ရောဂါကို တိုက်ဖျက်နိုင်မယ့် ဆေးဝါးအဖြစ်သတ်မှတ်ခဲ့ဖူးတဲ့ မာ့ခ်ကုမ္ပဏီထုတ် ကိုဗစ်ကုသရေးသောက်ဆေးဟာ ထိရောက်မှုနည်းပြီး ဘေးကင်းစိတ်ချရမှုနည်းပေမယ့် အသက်အန္တရာယ်စိုးရိမ်ရတဲ့ ကိုဗစ်လူနာတွေအတွက် အသုံးပြုနိုင်တဲ့ ကုသနည်း ၄ မျိုးထဲက နောက်ဆုံးရွေးချယ်စရာဖြစ်ကြောင်း အမေရိကန်မှ ဆရာဝန်များ၊ ကျန်းမာရေးစောင့်ရှောက်မှုစင်တာများနဲ့ ဆေးဆိုင်များက ရိုက်တာသတင်းဌာနကို ပြောကြားလိုက်ပါတယ်။
မာ့ခ်ကုမ္ပဏီနဲ့အပြိုင်ဖြစ်တဲ့ ဖိုင်ဇာကုမ္ပဏီမှထုတ်လုပ်တဲ့ ပက်ဇ်လိုဗစ် (Paxlovid) ဆေးကို အသုံးပြုချင်သူတွေများနေပြီး သူ့နောက်မှာ GlaxoSmithKline နဲ့ Vir Biotechnology မှထုတ်တဲ့ အကြောသွင်း antibody ကုသနည်းလည်း ရှိနေပါတယ်။
အဆိုပါဆေးတွေ ထုတ်လုပ်ဖို့ရှားပါးခက်ခဲနေစဉ် အိုမီခရွန်ကူးစက်မှုကလည်း မြင့်တက်နေတဲ့အချိန်မှာတော့ Gilead Sciences မှထုတ်တဲ့ ရမ်ဒီဆီဗီယာ remdesivir ကို အသုံးပြုလာကြရပါတယ်။
ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းမှာ မာ့ခ်ကုမ္ပဏီနဲ့ မိတ်ဖက် ရစ်ဂ်ျဘက်ဇီဝဆေးဝါးကုမ္ပဏီတိုက သူတိုထုတ်လုပ်တဲ့ မော်နျူပီရာဗီယာ ဆေးဝါးဟာ ဆေးရုံတက်ကုသခံယူရမှုကို တဝက်အထိလျှော့ချနိုင်ပြီး အိမ်မှာတင်သောက်သုံးနိုင်တဲ့ဆေးဖြစ်တာကြောင့် ကိုဗစ်ရောဂါကိုကုသအောင်မြင်နိုင်တော့မယ်လို့ အစက ကြေညာခဲ့ပါတယ်။
လက်တွေ့ကုသရာမှာတော့ ထိရောက်မှု ၃၀ ရာခိုင်နှုန်းသာရှိတဲ့အတွက် ဒီဆေးအပေါ် မျှော်လင့်ချက်တွေ လျော့နည်းခဲ့ရပါတယ်။
ပက်ဇ်လိုဗစ်ဆေးက ဆေးရုံတက်ကုသခံယူရမှုကို ၉၀ ရာခိုင်နှုန်း၊ GlaxoSmithKline ရဲ့ ဆိုထရိုဗီမက်က ၈၅ ရာခိုင်နှုန်းနဲ့ Gilead ရဲ့ ရမ်ဒီဆီဗီယာက ၈၇ ရာခိုင်နှုန်း အသီးသီးလျှော့ချနိုင်ကြောင်း ထွက်ပေါ်လာတဲ့အချိန်မှာတော့ မာ့ခ်ရဲ့ဆေးဟာ ပိုပြီးဆိုးရွားသွားခဲ့ပါတယ်။
အမေရိကန်လူမှုကျန်းမာရေးဝန်ဆောင်မှုဌာနရဲ့ အချက်အလက်တွေအရ ပက်ဇ်လိုဗစ်ဆေးပေါင်း ၂၆၅,၀၀၀ နဲ့ မော်နျူပီရာဗီယာ ၁၁ သန်းခန့် ဖြန့်ဝေထားပြီးဖြစ်ပါတယ်။
မာ့ခ်ကုမ္ပဏီရဲ့ဆေးဝါး သိန်းပေါင်းများစွာကို ဆေးရုံနဲ့ ဆေးဆိုင်တွေမှာ အသုံးမပြုဘဲကျန်နေကြောင်း အစောပိုင်းမှာ ဖော်ပြထားပါတယ်။
လော့စ်အိန်ဂျလိစ်ရှိ စိန့်ဂျွန်ဝဲလ်ဆေးကုသစင်တာမှ ဥက္ကဌ ဂျင်မ်မန်ဂျီယာက အစိုးရထံမှ ရရှိထားတဲ့ မော်နျူပီရာဗီယာဆေး ၂၀၀ ခန့်က အသုံးမပြုရဘဲ ပက်ဇ်လိုဗစ်ဆေးကိုသာ မှာယူနေကြကြောင်း၊ အခြားရွေးချယ်စရာဆေးတွေမရှိမှသာ မော်နျူပီရာဗီယာကို အကန့်အသတ်နဲ့ ပေးကြောင်း ရိုက်တာကို ပြောကြားခဲ့ပါတယ်။
လက်တွေ့အသုံးပြုကြပြီးတော့မှ မော်နျူပီရာဗီယာကို လိုချင်သူတွေ များလာမှာဖြစ်ကြောင်း မာ့ခ်ကုမ္ပဏီမှ ပြောကြားလိုက်ပါတယ်။
မာ့ခ်နဲ့ ဖိုင်ဇာတို့မှထုတ်လုပ်တဲ့ ဆေးဝါးတွေကို ရောဂါလက္ခဏာပေါ်ပြီးအစောပိုင်းမှာ ၅ ရက် သောက်သုံးရမှာဖြစ်ကာ အိမ်မှာတင်ကုသနိုင်မှာဖြစ်ပါတယ်။
မာ့ခ်ရဲ့ဆေးဝါးကိုထုတ်လုပ်ပြီး ဆင်းရဲတဲ့နိုင်ငံတွေမှာ ဖြန့်ချီနိုင်ဖို့ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီတွေများစွာ ရှိနေပေမယ့် မသေချာမှုတွေ ရှိလာပါတယ်။
Source: Reuters.
Published 1 Feb 2022
မြောက်ကိုရီးယားနိုင်ငံသားတွေဟာ ကွယ်လွန်သွားကြပြီဖြစ်တဲ့ နိုင်ငံ့ခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ ကင်အီလ်ဆွန်းနှင့် ကင်ဂျုန်အီလ်တို့ရဲ့ ရုပ်တုတွေထံ သွားရောက်ကြပါတယ်။ အဲဒီနောက်ရုပ်တုကြီးတွေရဲ့ခြေရင်းမှာ လွမ်းသူ့ပန်းစည်းတွေ ချထားပြီး ဂုဏ်ပြုခဲ့ကြပါတယ်။ခေါင်းဆောင်နှစ်ဦးရဲ့ အဲဒီရုပ်တုကြီးတွေဟာ မြို့တော်ပြုံယမ်းမှာတည်ရှိပါတယ်။ အခုအချိန်ဟာ လနှစ်သစ်ကူးကာလဖြစ်ပြီး ထူထဲတဲ့နှင်းလွှာကြီးတွေက ပြုံယမ်းမှာ လွှမ်းခြုံနေတဲ့အချိန်လည်းဖြစ်ပါတယ်။
Source AFP
Page 855 of 856