#WorldHealth
Published 19 April 2022
မိမိအိပ်ရေးမဝခဲ့ဘူးလို့ တစ်စုံတစ်ယောက်ကိုပြောမိတာနဲ့ ဘယ်လိုဘယ်ပုံအိပ်စက်သင့်ကြောင်း ဆရာလုပ်ကြတာမျိုး ကြုံတွေ့ရဖူးမှာပါ။
"နောက်ကျမှအိပ်ရာဝင်လို့လား? မအိပ်ခင်အစားစားလိုက်လို့လား? မင်းအိပ်ခန်းက ပူလွန်းနေလား အေးလွန်းနေလား အရမ်းလင်းနေလား?"စသဖြင့် မေးကြပါလိမ့်မယ်။
ခေါင်းအုံးနားမှာ လက်ကိုင်ဖုန်းမထားဖို့၊ နံနက်ခင်းမှာ ဖြည့်စွက်အားဆေးသောက်ဖို့၊ စားသောက်နည်းပုံစံပြောင်းလဲဖို့လိုအပ်ကြောင်း ပြောကြမှာဖြစ်ပါတယ်။
အိပ်ရေးဝဖို့ တစ်ယောက်နဲ့တစ်ယောက် လိုအပ်ချက်တွေမတူပေမယ့် ယေဘုယျအားဖြင့် အယူမှားတွေနဲ့ အယူအဆမှန်နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။
(၁) အိပ်ရာစောစောဝင်သင့်တယ်ဆိုတဲ့အယူမှား
အိပ်စက်ခြင်းကျွမ်းကျင်ပညာရှင်'ဂျိမ်းစ်ဝီလ်ဆန်'က "သင်ဟာ စောစောအိပ်ရာထတတ်တဲ့သူမဟုတ်ဘူးဆိုရင် အိပ်ရာစောစောဝင်ခြင်းက ပိုမိုဆိုးရွားစေနိုင်ပါတယ်"လို့ ဆိုပါတယ်။
လူအများစုအနေနဲ့ ည ၁၀ နာရီအိပ်ရာဝင်ခြင်းက စောလွန်းတယ်လို့ သူကသတ်မှတ်ထားပါတယ်။
"စောစောအိပ်ရာထဲဝင်လို့ အိပ်မပျော်ဘူးဆိုရင် စိတ်ဖိစီးမှုများလာပြီး အိပ်ပျော်တော့မှာမဟုတ်ပါဘူး"
(၂) ညတိုင်း ၈ နာရီပြည့်အောင်အိပ်စက်စရာမလို
တစ်နေ့တာအိပ်စက်ခြင်းမှာ ၈ နာရီပြည့်အောင် အိပ်စက်ဖို့အရေးကြီးပါတယ်။
ဒါပေမဲ့လည်း တကယ်တမ်းတော့ ၈ နာရီပြည့်အောင် မအိပ်ရတဲ့ညတွေက ပိုများပါတယ်။
ဒါဟာစိတ်ပူစရာတော့မလိုပါဘူး။ ၈ နာရီပြည့်အောင် အိပ်စရာမလိုပါဘူး။
အိပ်ရေးဝ/မဝဆိုတာက မနက် ၁၀ နာရီ ၁၁ နာရီလောက်ရောက်တဲ့အခါ နွမ်းနယ်နေလား တက်တက်ကြွကြွရှိနေလားဆိုတာကိုကြည့်ပြီး ဆုံးဖြတ်လို့ရပါတယ်။
(၃) တီဗီကြည့်ခြင်းက အိပ်ချင်စိတ်ဖြစ်ပေါ်လာစေတယ်ဆိုတဲ့ အယူမှား
တီဗီနဲ့ လက်ကိုင်ဖုန်းကြည့်ခြင်းက အိပ်ပျော်စေတဲ့ မယ်လတိုနင်ဟော်မုန်းထွက်ရှိမှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။
အိပ်ရာမဝင်ခင် တီဗီကြည့်ခြင်းက စိတ်ပြေလက်ပျောက်အနားရစေပေမယ့် စိတ်ဖိစီးမှုပမာဏများပြားလာစေပါတယ်။
(၄) ပင်ပန်းလာရင် နေ့ခင်းဘက်တရေးအိပ်သင့်တယ်ဆိုတဲ့ အယူမှား
ညဘက်အိပ်ရေးပျက်လို့ နေ့ခင်းဘက်တရေးတမောအိပ်စက်ခြင်းဖြင့် ညဘက်မှာအိပ်စက်ချင်တဲ့စိတ်လျော့နည်းစေပါတယ်။
"တရေးတမောအိပ်ခြင်းက အဆင်ပြေတယ်ဆိုပေမယ့် ညဘက်မအိပ်ချင်တာမျိုးဖြစ်ပေါ်လာနိုင်ပါတယ်" လို့ 'ဂျိမ်းစ်'ကဆိုပါတယ်။
(၅) အရက်သေစာသောက်စားခြင်းက အိပ်ရေးမဝစေနိုင်
ညမအိပ်ခင် တစ်ခွက်တလေသောက်သုံးလေ့ရှိကြပေမယ့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေမှာမဟုတ်ပါဘူး။
အရက်သေစာသောက်ခြင်းက အိပ်ပျော်ရာမှာအထောက်အကူဖြစ်ပေမယ့် နှစ်ခြိုက်စွာအိပ်ပျော်စေနိုင်မှာမဟုတ်ပါဘူး
(၆) ရုံးပိတ်ရက်တွေကျမှ အတိုးချအိပ်စက်လို့ရတယ်ဆိုတဲ့ အယူမှား
တနင်္လာနေ့မှ သောကြာနေ့အထိ မနက်တိုင်း ၇ နာရီထလို့ ပိတ်ရက်တွေမှာ ၁၀ နာရီမှအိပ်ရာထတာက ပိုမိုအိပ်ရေးဝစေမှာမဟုတ်ပါဘူး။
တနင်္ဂနွေနေ့မှာ နောက်ကျမှအိပ်ရာထတဲ့အတွက် ညဘက်ကျမအိပ်ချင်ဘဲဖြစ်နေတတ်ပါတယ်။
(၇) စောင်ထူခြုံခြင်းက ပိုမိုအိပ်ပျော်စေတယ်ဆိုတဲ့ အယူမှား
စောင်ခြုံထားတဲ့အလေးချိန်ကြောင့် အိပ်ပျော်လွယ်စေတယ်လို့ ယူဆတဲ့သူတွေရှိပါတယ်။
ဟိုတယ်မှာ စောင်တွေညပ်ထားတာကိုထုတ်ပြီး အိပ်တတ်တဲ့သူဆိုရင် စောင်ထူကြီးနဲ့အိပ်ရင် ကောင်းကောင်းအိပ်ပျော်မှာမဟုတ်ပါဘူး။
(၈) တစ်နေ့ကို ၅ နာရီထက်ပိုမိုအိပ်စက်သင့်
အိပ်ချိန် ၃ နာရီထက်ပိုမအိပ်ရပေမယ့် ပုံမှန်လုပ်ကိုင်နိုင်သေးတယ်လို့ ပြောနေတဲ့သူတွေကို မယုံစားလိုက်ပါနဲ့။
တစ်နေ့ကို အိပ်ချိန် ၅ နာရီအောက်ပဲရှိတယ်ဆိုရင် နှလုံးရောဂါ၊ လေဖြတ်ခြင်နဲ့ ပျမ်းမျှသက်တမ်းတိုတောင်းခြင်းတို့ ဖြစ်ပေါ်လာနိုင်ပါတယ်။
(၉) ဟောက်ခြင်းက အန္တရာယ်မဖြစ်စေနိုင်ဘူးဆိုတဲ့ အယူမှား
ဘေးမှာအိပ်နေတဲ့သူ ဟောက်တတ်တယ်ဆိုရင် တကယ်ကိုစိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။
ဒါဟာ အိပ်ပျော်နေစဉ်အသက်ရှူကြပ်ခြင်းလက္ခဏာ ဖြစ်ပေါ်တာဖြစ်ပြီး နှလုံးခုန်ရပ်ခြင်း၊ အဝလွန်ခြင်း၊ သွေးတိုးခြင်းစတဲ့ဝေဒနာတွေနဲ့ ဆက်စပ်နေပါတယ်။
(၁၀) အိပ်ရာမထခင်မှိန်းမောခြင်းက ပိုမိုအိပ်ရေးဝစေမှာမဟုတ်
အိပ်ရာနှိုးစက်ကို စောစောပေးပြီး ဆက်လက်မှိန်းမောခြင်းကို ပြုလုပ်တတ်ကြတာဟာ တကယ်တော့အကျိုးမရှိပါဘူး။
ဆက်ပြီးမှိန်းမှောနေတာဟာ အိပ်ပျော်သွားတယ်ဆိုရင်တောင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တာမျိုးမဟုတ်ပါဘူး။
Source: The US Sun
#Yangon_Media_Group
#WorldHealth
Published 19 April 2022
အသက်ရှူထုတ်လိုက်တဲ့ လေကိုအသုံးပြုပြီး SARS-CoV-2 ဗိုင်းရပ်စ်ကို စမ်းသပ်စစ်ဆေးတဲ့ ပထမဦးဆုံး ကိုဗစ်စမ်းသပ်ပစ္စည်းကို FDA ကအရေးပေါ်အသုံးပြုခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။
InspectIR ကိုဗစ်စမ်းသပ်ပစ္စည်းဟာ အချိန် ၃ မိနစ်တည်းဖြင့် အဖြေသိရှိနိုင်မှာဖြစ်ပါတယ်။
အခုလိုအသိအမှတ်ပြုလိုက်ခြင်းက ကိုဗစ်ရောဂါရှာဖွေရေးမှာ နောက်ထပ်တီထွင်ဖန်တီးမှုတစ်ခုဖြစ်ကြောင်း FDA စက်ပစ္စည်းနှင့်ဓာတ်ရောင်ခြည်ဌာနမှ ညွှန်ကြားရေးမှူး'ဂျက်ဖ်ရှုရန်'က ပြောကြားလိုက်ပါတယ်။
ဒီစမ်းသပ်ပစ္စည်းကို အသိအမှတ်ပြုဖို့ စမ်းသပ်စစ်ဆေးရာမှာ ကိုဗစ်ရောဂါလက္ခဏာရှိသူတွေရော မရှိသူတွေပါ ပါဝင်တဲ့အယောက် ၂,၄၀၀ ကိုစမ်းသပ်ခဲ့တာဖြစ်ပါတယ်။
အဆိုပါစမ်းသပ်မှုမှာ ရောဂါသိရှိမှုနှုန်း ၉၁.၂ ရာခိုင်နှုန်း၊ တိကျမှုနှုန်း ၉၉.၃ ရာခိုင်နှုန်း၊ ရောဂါပိုးမရှိကြောင်းခန့်မှန်းတိကျမှုနှုန်း ၉၉.၆ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။
ထို့နောက် အိုမီခရွန်မျိုးဗီဇကွဲကို အဓိကထားပြီး နောက်ထပ်စမ်းသပ်မှုပြုလုပ်ခဲ့ကြပါတယ်။
InspectIR ကိုဗစ်စမ်းသပ်ပစ္စည်းမှာ ဓာတ်ငွေ့ခွဲခြားခြင်းနည်းပညာကိုအသုံးပြုထားပြီး SARS-CoV-2 ပါဝင်တဲ့ အငွေ့ပျံအော်ဂဲနစ်ဒြပ်ပေါင်းတွေကို ရှာဖွေပေးနိုင်တာဖြစ်ပါတယ်။
ဒီစမ်းသပ်ပစ္စည်းကို ကုသဖို့အခြေခံကျတဲ့နည်းလမ်းအဖြစ် မယူဆသင့်ဘဲ မော်လီကျူးစမ်းသပ်နည်းဖြင့် ရောဂါပိုးတွေ့ရှိဖို့အတည်ပြုသင့်ကြောင်း၊ ရောဂါပိုးမတွေ့ရှိကြောင်းကိုတော့ လတ်တလောထိတွေ့ဆက်ဆံမှု၊ ကိုဗစ်ရောဂါဖြစ်ပွားခဲ့မှုသမိုင်းကြောင်းနဲ့ ရောဂါလက္ခဏာတွေရှိ/မရှိကိုကြည့်ပြီး ဆုံးဖြတ်သင့်ကြောင်း FDA က ဖော်ပြထားပါတယ်။
ထုတ်လုပ်ရေးကုမ္ပဏီအနေနဲ့ တစ်ပတ်ကို ပစ္စည်း ၁၀၀ ခန့်ထုတ်လုပ်နိုင်ဖို့ မျှော်လင့်ထားပါတယ်။
ပစ္စည်းတစ်ခုဟာ တစ်နေ့ကို အသက်ရှူထုတ်စစ်ဆေးခြင်းအကြိမ်ပေါင်း ၁၆၀ ခန့် ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
စမ်းသပ်စစ်ဆေးရမည့်အရေအတွက်က တစ်လကို ၆၄,၀၀၀ လောက် ပိုမိုများပြားလာနိုင်ကြောင်း ခန့်မှန်းထားရပါတယ်။
Source: Healio.
#Yangon_Media_Group
Published 19 April 2022
ပြီးခဲ့တဲ့ အောက်တိုဘာက သူတို့အမြွှာရင်သွေးကလေးတွေရတော့မယ်လို့ကြေညာခဲ့တဲ့ ပေါ်တူဂီရှေ့တန်းတိုက်စစ်မှူး ခရစ်တီယာနိုရော်နယ်ဒိုနှင့်သူ့ရဲ့ပါတနာ ဂျော်ဂျီနာ ရိုဒရီဂက်စ်တို့က သူတို့ရဲ့အမြွှာထဲက တစ်ယောက် ကွယ်လွန်သွားပြီလို့ တနင်္လာနေ့က ကြေညာခဲ့ပါတယ်။
“ ကျွန်တော်တို့ရဲ့ သားကလေးတစ်ယောက် ကွယ်လွန်သွားတဲ့အကြောင်း အထူးဝမ်းနည်းစွာပြောပါတယ်” လို့ သူတို့က ပူးတွဲကြေညာချက်တစ်စောင်ကို ဆိုရှယ်မီဒီယာမှာ ထုတ်ပြန်ပါတယ်။
“ ဘယ်မိဘမဆို ခံစားနိုင်တဲ့ အကြီးမားဆုံးထိခိုက်နာကျင်မှုဖြစ်ပါတယ်” လို့ သူတို့ကပြောပါတယ်။
“ဒီအခိုက်အတန့်မှာ မျှော်လင့်ခြင်းတွေ ပျော်ရွှင်ခြင်းတွေနှင့် ကျွန်တော်တို့နေနိုင်ဖို့ သမီးလေးကပဲ ခွန်အားတွေပေးနေပါတယ်” လို့ သူတို့က သတင်းထုတ်ပြန်ပါတယ်။
ဒီလိုခက်ခဲတဲ့အချိန်မှာ သူတို့ကိုယ်ရေးကိုယ်တာ လျှို့လျှို့ဝှက်ဝှက်နေထိုင်မှုအတွက် သူတို့က တောင်းဆိုပြီး ကုသမှုနှင့် အားပေးမှုတွေပြုလုပ်ခဲ့ကြတဲ့ ဆရာဝန်တွေ၊သူနာပြုတွေနှင့် ပညာရှင်တွေကို သူတို့အတွဲက ကျေးဇူးတင်ကြောင်းပြောပါတယ်။
အသက် ၃၇နှစ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ ကမ္ဘာ့အကောင်းဆုံးကစားသမား (၅)ကြိမ်ရရှိထားပါတယ်။ရီယဲလ်မက်ဒရစ်နှင့် ဂျူဗင်တပ်စ်တို့မှာ ဆုဖလားတွေ အများကြီးနှင့် နိုင်ပွဲတွေကစားပေးပြီးနောက် သူဟာ ပြီးခဲ့တဲ့ နှစ်က မန်ချက်စတာယူနိုက်တက်မှာ ပြန်ကစားခဲ့ပါတယ်။
Source Reuters
#WorldArts
Published 18 April 2022
တရုတ်နိုင်ငံမှဓာတ်ပုံဆရာတစ်ဦးဟာ အသက်(၇၀)အရွယ်သူ့ရဲ့အဖွားကို ဓာတ်ပုံမော်ဒယ်အဖြစ်သရုပ်ဆောင်စေခဲ့ပါတယ်။ အဖွားကတော့ အင်တာနက်မှာဆယ်လီဖြစ်လာပြီး သူ့ရဲ့ဓာတ်ပုံလက်ရာတွေကလည်း မေတ္တာတရားတွေနဲ့ထူးခြားဆန်းပြားနေခဲ့ပါတယ်။
#Yangon_Media_Group
Published 18 April 2022
အာရှပစိဖိတ်ဒေသဟာ အင်အားကြီးနိုင်ငံတွေရဲ့ ကစားပွဲအတွက် စစ်တုရင်ခုံမဟုတ်ဘူးလို့ တရုတ်နိုင်ငံကပြောပါတယ်။ အာဆီယံနိုင်ငံတွေဟာ ပထဝီနိုင်ငံရေး ယှဉ်ပြိုင်မှုမှာ နယ်ရုပ်တွေမဟုတ်ဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဝမ်ဝေဘင်က ဧပြီ ၁၈ရက်နေ့ တနင်္လာနေ့က ပြောပါတယ်။
ဝါရှင်တန်ဒီစီတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အာဆီယံခေါင်းဆောင်များနှင့် မေ၁၂ရက်နှင့် ၁၃ရက်များတွင် တွေ့ဆုံ၍ ထိပ်သီးဆွေးနွေးပြုလုပ်မည့်အစီအစဉ်နှင့်ပတ်သက်၍ ဝမ်ဝေဘင်းက ပုံမှန်သတင်းစာရှင်းလင်းပွဲတစ်ခုတွင် မှတ်ချက်ပေးခဲ့ခြင်းဖြစ်ပါတယ်။
Source AFP
Published 18 April 2022
၂၂ကြိမ်မြောက် “ထရန်ဗာစီဒီပဲရစ်” ပွဲအတွက် ဂန္ထဝင်ကားများက ပါရီမြို့လမ်းတွေပေါ် ဧပြီ(၁၇)ရက်က အလှပြ မောင်းနှင် ခဲ့ကြရာ ကားချစ်သူတွေ သဘောကျခဲ့ကြပါတယ်။
ပါရီကိုဖြတ်သန်းမောင်းနှင်ခြင်း လို့ အဓိပ္ပါယ်ရတဲ့ အဲဒီကားမောင်းပွဲမှာ ရှေးဟောင်း ဂန္ထဝင်ကားမျိုးစုံ ဝင်ရောက် မောင်းနှင်ကြမှာ ဖြစ်ပါတယ်။
Source AFP
#WorldPolitics
Published 18 April 2022
အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒန်'က အရှေ့တောင်အာရှနိုင်ငံများအဖွဲအစည်း(ASEAN)မှခေါင်းဆောင်များနဲ့ မေလလယ်မှာ လက်ခံတွေ့ဆုံဆွေးနွေးသွားမှာဖြစ်ကြောင်း ဧပြီ(၁၆)ရက်နေ့က ကြေညာလိုက်ပါတယ်။
အစည်းအဝေးပွဲမှာ ဦးစားပေးဆွေးနွေးသွားနိုင်မယ့်အကြောင်းအရာတွေက အရှေ့တောင်အာရှဒေသအတွင်း တရုတ်အင်အားချဲ့ထွင်လာမှုအကြောင်း၊ အာဆီယံအပေါ် အမေရိကန်ရဲ့အလေးထားဂရုစိုက်မှုအကြောင်း၊ အမေရိကန်အစိုးရက အာဆီယံအတွက်ယုံကြည်စိတ်ချအားကိုးရဖို့ ဦးစားပေးဆောင်ရွက်ချက်အကြောင်းတွေ ပါဝင်နိုင်တယ်လို့ အိမ်ဖြူတော်စာနယ်ဇင်းတာဝန်ခံ'ယန်ဆာကီ'က ထုတ်နုတ်ဖော်ပြထားပါတယ်။
ဒီအစည်းအဝေးပွဲဟာ မတ်လ ၂၈ ရက်နဲ့ ၂၉ ရက်တွေမှာ ပြုလုပ်သွားဖို့ အစကစီစဉ်ခဲ့ပေမယ့် နှောင့်နှေးမှုများရှိခဲ့ရာ ယခုအခါ မေလ ၁၂ ရက်နဲ့ ၁၃ ရက်တို့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။
ယူကရိန်းစစ်ရေးအခြေအနေဆိုးရွားလာခြင်းနဲ့ ပဋိပက္ခတွေကြောင့် အာဆီယံခေါင်းဆောင်အချို့ အချိန်မီတက်ရောက်နိုင်ဖို့ အခက်အခဲရှိလာနိုင်ကြောင်း အကြောင်းကြားခဲ့ကြပြီး အစည်းအဝေးကို ရွှေ့ဆိုင်းလိုက်ကြပါတယ်။
အာရှနဲ့ဆက်ဆံရေးရင်းနှီးကောင်းမွန်ဖို့က နိုင်ငံခြားရေးဦးစားပေးမူဝါဒဖြစ်ကြောင်း အမေရိကန်တို့က ယခင်ကတည်းကအစဉ်တစိုက်ပြောကြားလာခဲ့ပါတယ်။
မတ်လ ၂၉ ရက်နေ့က 'ဘိုင်ဒန်'ဟာ စင်ကာပူဝန်ကြီးချုပ်'လီရှန်လောင်'နဲ့ အိမ်ဖြူတော်မှာတွေ့ဆုံခဲ့ရာမှာ နိုင်ငံတကာကုန်သွယ်ရေးလမ်းကြောင်းတွေမှာ တရုတ်တို့အင်အားချဲ့ထွင်ပြီး ခြယ်လှယ်လာဖို့ကြိုးပမ်းနေကြတယ်လို့ ထင်မြင်မိတဲ့အတွက် အာဆီယံဒေသအတွင်း လွတ်လပ်ပွင့်လင်းစွာလုပ်ကိုင်တည်မြဲနိုင်ရေးကို လိုလားကြောင်း 'ဘိုင်ဒန်'ကပြောကြားခဲ့ပါတယ်။
'ဘိုင်ဒန်'ဟာ ပြီးခဲ့တဲ့အောက်တိုဘာလကလည်း အာဆီယံခေါင်းဆောင်တွေနဲ့ ထိပ်သီးအစည်းအဝေးကို အွန်လိုင်းဗီဒီယိုကနေ ပြုလုပ်ခဲ့ပါသေးတယ်။
ထိုအစည်းအဝေးပွဲတုန်းက ကိုဗစ်ကပ်ရောဂါကိစ္စ၊ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ အခြားကိစ္စတွေအကြောင်းဆွေးနွေးခဲ့ကြကာ အမေရိကန်နဲ့အာဆီယံတို့ကြား ထိတွေ့လုပ်ကိုင်ရေးတိုးချဲ့ဖို့ ကနဦးလုပ်ဆောင်ချက်များကို ကြေညာသွားခဲ့ပါတယ်။
အမေရိကန်တို့အနေနဲ့ အာဖဂန်နစ္စတန်မှတပ်ဆုတ်လာမှုနဲ့ ယူကရိန်းစစ်ပွဲအရေးတွေရှိနေတဲ့အပြင် တရုတ်နဲ့ယှဉ်ပြိုင်နေရခြင်းကလည်း အမေရိကန်အတွက်အကြီးမားဆုံးနိုင်ငံခြားရေးဝါဒစိန်ခေါ်မှုကြီး ဖြစ်နေပါတယ်။
အာဆီယံအဖွဲ့ဝင်တွေထဲမှာ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့ ပါဝင်ပြီး တော်တော်များများက တရုတ်နဲ့တင်းမာမှုတွေရှိနေပါတယ်။
Source: CNA
#Yangon_Media_Group
Page 854 of 928