Published 24 April 2022
မော်စကိုက တောင်ပိုင်းမြို့ မာယီယူပူးလ်ကို သိမ်းပိုက်ကြောင်းနှင့် စက်ရုံကိုသိမ်းရန်မလိုကြောင်းကြေညာခဲ့ပြီးနောက် ရက် အနည်းငယ်မှာ ရုရှားတပ်တွေက ယူကရိန်းရဲ့ နောက်ဆုံးခုခံကာကွယ်သူတွေရှိနေကြတဲ့ သံမဏိစက်ရုံကြီးကို ပြန်လည် တိုက်ခိုက်မှုတွေ ဧပြီ၂၄ ရက်က စတင်လာကြပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလင်စကီးက ယူကရိန်းစစ်တပ်ဟာ မာယီယူပူးလ်ဆိပ်ကမ်းမြို့ကို ပြန်သိမ်းယူဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ပြောပါတယ်။
ဒါပေမယ့် အမေရိကန်က ထိပ်တန်းသံတမန်တွေဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်၊ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်တို့ ဧပြီ၂၄ ရက်(တနင်္ဂနွေ)နေ့မှာ ကိဗ်ကိုလာရောက်ကြမှာဖြစ်ပြီး ရုရှားကျူးကျော်မှုတတိယပတ်ထဲ ရောက်လာတဲ့အချိန်မှာ ယူကရိန်းဟာ ဘယ်လိုလက်နက်တွေလိုအပ်တယ်ဆိုတာ ဆွေးနွေးကြမယ်လို့ သူက ပြောပါတယ်။
“ ကျွန်တော်တို့ လက်နက်တွေပိုရလာတာနှင့်အမျှ လက်နက်တွေလုံလောက်ပြီဆိုတာနှင့် ယာယီသိမ်းပိုက်ခံထားရတဲ့ ဒီနယ်မြေကို ချက်ခြင်းပြန်သိမ်းပိုက် မှာပါ။ကျွန်တော့်ကိုယုံပါ” လို့ ဇီလင်စကီးက စနေနေ့ညနေခင်းသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဘလင်ကင်နှင့်အော်စတင်တို့ရဲ့ ခရီးနှင့်ပတ်သက်လို့ အိမ်ဖြူတော်က အတည်ပြုချက်မပေးပါဘူး။ နိုင်ငံခြားရေးဌာနနှင့် ပင်တဂွန်ကလည်း မှတ်ချက်ပေးဖို့ငြင်းဆန်ပါတယ်။
မာရီယူပူးလ်ကို တိုက်ခိုက်မှုတွေဟာ ရက်သတ္တပတ်များစွာ ပစ်ခတ်နေပြီး ပဋိပက္ခအတွင်း အကြီးကျယ်ဆုံးဖြစ်ပါတယ်။ ဒီမြို့ကို သိမ်းပိုက်မှုဟာ အရှေ့ပိုင်းဒွန်ဘတ်ဒေသနှင့် ၂၀၁၄မှာ မော်စကိုက သိမ်းပိုက်ထားတဲ့ ပင်လယ်နက်ကျွန်းဆွယ်က ခရိုင်းမီးယားကို ချိတ်ဆက်နိုင်မယ့် ရုရှားရဲ့ မရှိမဖြစ်လိုအပ်တဲ့ ဆောင်ရွက်မှုဖြစ်ပါတယ်။
မော်စကိုက ထောက်ခံထားတဲ့ ခွဲထွက်ရေးသမားတွေဟာ ဒွန်ဘတ်စ်ဒေသမှာ နှစ်ပေါင်းများစွာ နယ်မြေစိုးမိုးထားပါတယ်။
ပင်လယ်နက်ဆိပ်ကမ်းမြို့ အိုဒီဆာမှာ ဒုံးကျည်တိုက်ခိုက်ခံရမှုကြောင့် လူ(၇)ဦး သေဆုံးခဲ့တယ်လို့ ဇီလင်စကီးကပြောပါတယ်။ ဒုံးကျည်တွေဟာ စစ်ဘက်အဆောက်အဦတစ်လုံးနှင့် လူနေအဆောက်အဦနှစ်လုံး ဖျက်ဆီးခံရတယ်လို့ ယူကရိန်းစစ်တပ်ကပြောပါတယ်။
အသေအပျောက်များနှင့်ပတ်သက်လို့ အတည်ပြုလို့မရသေးပါဘူး။ အိုဒီဆာကို နောက်ဆုံးအကြီးအကျယ်တိုက်ခိုက်ခဲ့တာဟာ ဧပြီလစောစောပိုင်းမှာဖြစ်ပါတယ်။
ရုရှားဟာ ယူကရိန်းကို သူတို့ရဲ့ ဒုံးကျည်အများဆုံး ပစ်ခတ်ပြီးပြီလို့ ဇီလင်စကီးကပြောပါတယ်။ “ သူတို့မှာ ကျန်သေးတာပေါ့။ အဲဒါကြောင့်လည်း သူတို့ ကျွန်တော်တို့ပြည်သူတွေကို ဒုံးကျည်နှင့်အကြမ်းဖက်မှုတွေ ဆက်လုပ်နိုင်ကြတာပေါ့” လို့ သူကပြောပါတယ်။
ရုရှားကတော့ အရပ်သားတွေပစ်မှတ်ထားတိုက်ခိုက်တယ်ဆိုတာတွေကို ငြင်းဆိုထားပါတယ်။
သူတို့ရဲ့ ပစ်မှတ်တိကျတဲ့ ဒုံးကျည်တွေဟာ အမေရိကန်နှင့် ဥရောပနိုင်ငံတွေက ပေးပို့ထားတဲ့ လက်နက်တွေရှိနေတဲ့ အိုဒီဆာက ထောက်ပို့ရုွတစ်ခုကို ဖျက်ဆီးပစ်လိုက်နိုင်တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
အဲဒီအပြင် ယူကရိန်းတပ်သား၂၀၀အထိ သတ်ပစ်ခဲ့ပြီး နှင့် ယန္တယားပေါင်း ၃၀ကျော်ကို ဖျက်ဆီးခဲ့တယ်လို့လည်း ရုရှားက ပြောပါတယ်။
Source Reuters
#WorldHealth
Published 24 April 2022
ကုလကျန်းမာရေးအေဂျင်စီရဲ့ လေ့လာသုံးသပ်ချက်အရ ဖိုင်ဇာ(Pfizer)မှထုတ်လုပ်တဲ့ ကိုဗစ်ကုသဆေးဟာ ဆေးရုံတက်ကုသခံယူရမှုနှုန်းကိုလျှော့ချနိုင်ကြောင်း တွေ့ရှိပြီးနောက် ရောဂါကြောင့် အသက်အန္တရာယ်ရှိနိုင်တဲ့သူတွေမှာ အသုံးပြုနိုင်တယ်လို့ WHO က ကြာသပတေးနေ့က ထောက်ခံလိုက်ပါတယ်။
လတ်တလောမှာ ကိုဗစ်ကူးစက်မှု တဖြည်းဖြည်းလျော့နည်းလာပြီဖြစ်ပေမယ့် ကိုဗစ်ရောဂါကြောင့် အပတ်တိုင်း လူထောင်နဲ့ချီပြီး သေဆုံးနေဆဲဖြစ်ပါတယ်။
လက်ရှိအသုံးပြုနိုင်တဲ့ ကိုဗစ်ကုသဆေးတွေထဲမှာ ဖိုင်ဇာကထုတ်တဲ့ ပက်ဇ်လိုဗစ်(Paxlovid)က အာနိသင်အထိရောက်ဆုံးဖြစ်နေကြောင်း WHO က ဆိုပါတယ်။
အခြားဆေးတွေထဲမှာတော့ Merck ကုမ္ပဏီမှထုတ်တဲ့ Molnupiravir, Gilead Sciences' မှထုတ်တဲ့ remdesivir နဲ့ ပဋိပစ္စည်းဆေးများပါဝင်ပါတယ်။
ပက်ဇ်လိုဗစ်ဆေးဖြင့် လူနာပေါင်း ၃,၁၀၀ ပါဝင်တဲ့ စမ်းသပ်မှုနှစ်ခုကို WHO က လေ့လာဆန်းစစ်ခဲ့ရာမှာ ဆေးရုံတက်ကုသခံယူမှုနှုန်း ၈၅ ရာခိုင်နှုန်းလျှော့ချပေးနိုင်တာကို တွေ့ရှိခဲ့ပါတယ်။
ရောဂါအန္တရာယ်များတဲ့ လူနာ ၁,၀၀၀ မှာ ဆေးရုံတက်ကုသခံယူရမှု ၈၄ ယောက်လျော့နည်းခဲ့ပါတယ်။
"ဒီဆေးတွေက ကိုဗစ်ကာကွယ်ဆေးနေရာမှာ အစားထိုးလိုရမယ့်ဆေးမဟုတ်ပါဘူး။
ရောဂါကူးစက်ပြီး နာတာရှည်ရောဂါရှိသူတွေ၊ ခုခံအားချို့တဲ့သူတွေ၊ ကာကွယ်ဆေးမထိုးရသေးသူတွေအတွက် နောက်ထပ်အသုံးပြုနိုင်တဲ့ကုသနည်းသာဖြစ်ပါတယ်" လို့ WHO မှ 'ဂျဲနတ်ဒီယာ့ဇ်'က ဆိုပါတယ်။
ပက်ဇ်လိုဗစ်ကို အသုံးပြုနိုင်ဖို့အတွက်က ရောဂါပိုးကူးစက်ပြီး အစောပိုင်းရက်အတွင်း အသုံးပြုရမှာဖြစ်သလို ရောဂါပိုးရှိ/မရှိ စစ်ဆေးသိရှိဖို့လည်း လိုအပ်ပါတယ်။
အခြားဆေးဝါးတွေနဲ့ တွဲစပ်အသုံးပြုရာမှာလည်း သတိထားစရာတွေရှိနေပါတယ်။
ဒါ့အပြင် ပက်ဇ်လိုဗစ်ကို ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များ၊ ကလေးများမှာ အသုံးပြုလို့ရ/မရကို မလေ့လာရသေးပါဘူး။
ဒီအချက်တွေကြောင့် အချို့နိုင်ငံတွေမှာ အဆိုပါဆေးတွေရရှိနိုင်ပေမယ့် ဝယ်လိုအားက နည်းပါးနေတာဖြစ်ပါတယ်။
ဖိုင်ဇာကုမ္ပဏီက ၂၀၂၂ ခုနှစ်အတွင်း ပက်ဇ်လိုဗစ်ရောင်းချမှုကနေ ဒေါ်လာ ၂၂ ဘီလီယံရရှိမယ်လို့ခန့်မှန်းထားပါတယ်။
Source: Reuters.
#Yangon_Media_Group
#WorldHealth
Published 24 April 2022
ကိုဗစ်ကပ်ရောဂါစတင်ပျံ့ပွားချိန်ကစလို့ အင်္ဂလန်ရှိ လူ ၁၀ ယောက်မှာ ၇ ယောက်ခန့်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးနေပြီဖြစ်တယ်လို့ မှတ်တမ်းမှတ်ရာများအရ သိရှိရပါတယ်။
လူဦးရေအားလုံးရဲ့ ၇၀.၇ ရာခိုင်နှုန်း သို့မဟုတ် လူနေအိမ်များရှိ လူပေါင်း ၃၈.၅ သန်းဟာ ၂၀၂၀ ဧပြီလနောက်ပိုင်း အနည်းဆုံးတစ်ကြိမ်တော့ ရောဂါကူးစက်ခဲ့ပြီးဖြစ်ပါတယ်။
နိုင်ငံတော်စာရင်းအင်းပြုစုဌာန(ONS)က ကိုဗစ်ရောဂါ ကူးစက်မှုစစ်တမ်းများကိုကြည့်ပြီး ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
အဆိုပါစစ်တမ်းကို အင်္ဂလန်မှာ ၂၀၂၀ ဧပြီလကစပြီး ကောက်ယူခဲ့တာကြောင့် အစောပိုင်းမတ်လက ကူးစက်မှုတွေကိုတော့ ထည့်သွင်းထားခြင်းမရှိပါဘူး။
ဒါပေမယ့် ကိုဗစ်ကပ်ရောဂါပျံ့ပွားမှုကာလတလျှောက်လုံးက ကူးစက်သူအားလုံးနီးပါးပါဝင်ခဲ့တဲ့ ပထမဦးဆုံးစစ်တမ်းဖြစ်နေပါတယ်။
ONS ကကောက်ယူခဲ့တဲ့မှတ်တမ်းများက ၂၀၂၂ ဖေဖော်ဝါရီ ၁၁ ရက်နေ့အထိ ပါဝင်နေပါတယ်။
ယူကေပြည်ထောင်စုမှ နောက်ထပ် ၃ နိုင်ငံရဲ့အချက်အလက်တွေကိုလည်း ဖော်ပြထားပါသေးတယ်။
ဝေးလ်စ်နိုင်ငံမှာ ၂၀၂၀ ဇွန်လ ၃၀ ရက်နေ့မှ ၂၀၂၂ ဖေဖော်ဝါရီ ၁၁ ရက်နေ့အထိ လူဦးရေ ၅၆ ရာခိုင်နှုန်း ကိုဗစ်ရောဂါကူးစက်ခဲ့ပါတယ်။
စကော့တလန်နိုင်ငံမှာ ၂၀၂၀ စက်တင်ဘာ ၂၂ ရက်နေ့မှ ၂၀၂၂ ဖေဖော်ဝါရီ ၁၁ ရက်နေ့အထိ လူဦးရေ ၅၁.၅ ရာခိုင်နှုန်း ကိုဗစ်ရောဂါကူးစက်ခဲ့ပါတယ်။
မြောက်အိုင်ယာလန်နိုင်ငံမှာ ၂၀၂၀ ဇူလိုင် ၂၇ ရက်နေ့မှ ၂၀၂၂ ဖေဖော်ဝါရီ ၁၁ ရက်နေ့အထိ လူဦးရေ ၇၂.၂ ရာခိုင်နှုန်း ကိုဗစ်ရောဂါကူးစက်ခဲ့ပါတယ်။
အထက်ပါမှတ်တမ်းဖော်ပြချက်များမှာ လူနေအိမ်များရှိ ကူးစက်သူအရေအတွက်သာဖြစ်ပြီး ဆေးရုံတက်ရောက်သူများ၊ ကျန်းမာရေးစောင့်ရှောက်မှုစင်တာမှလူများ၊ လူအများနေထိုင်ရာနေရာများမှလူများ မပါဝင်ပါဘူး။
Source: Bloomberg.
#Yangon_Media_Group
Published 23 April 2022
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်ဟာ ယူကရိန်းဝန်ကြီးချုပ် ဒင်နီရှီမားဟဲလ်ကို ဧပြီ ၂၂ရက်က ဝါရှင်တန်ဒီစီမီမှာ လက်ခံတွေ့ဆုံပါတယ်။ နှစ်ဖက်စလုံးက အရာရှိတွေက ရုရှားနှင့်တိုက်တဲ့စစ်ပွဲ အောင်နိုင်လိမ့်မယ် လို့ ပြောကြားကြပါတယ်။
Source AFP
#WorldTourism
Published 23 April 2022
မနက်မိုးသောက်အလင်းရောက်လာတဲ့အချိန်မှာ ကမ္ဘောဒီးယားနိုင်ငံကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားခရီးသွားဧည့်သည်တွေက အန်ကာဝတ်ဘုရားကျောင်းကြီးရဲ့ ရှေးဟောင်းမျှော်စင်တွေအောက်မှာ စုရုံးနေကြပြီဖြစ်ပါတယ်။
#Yangon_Media_Group
Published 23 April 2022
ထိုင်းနိုင်ငံ ဓမ္မကာယ ဗုဒ္ဓဘာသာ ဂိုဏ်းက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေဟာ ဧပြီ ၂၂ရက်ညက ကမ္ဘာမြေနေ့အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ အာကာသယာဉ်သဏ္ဍာန်ရှိတဲ့ ရွှေစေတီတစ်ဝိုက်မှာ ဘုန်းတော်ကြီးတွေဟာ ဆုတောင်းပတ္ထနာပြုကြပြီး LED မီးသီးနှင့် ဖယောင်းတိုင်ပေါင်း သုံးသိန်းကို ကမ္ဘာ့တိုက်ကြီးတွေ အသွင် ထွန်းညှိရင်း ဗုဒ္ဓဘုရားရှင်မြတ်ကို ပူဇော်ခဲ့ကြ ပါတယ်။
Source AFP
#DailyNews
Published -23 April 2022
၁။ မြောက်ဦး နန်းရာကုန်းပတ်ဝန်းကျင်ရှိ ဆိုင်ခန်းများကိစ္စ သက်ဆိုင်ရာက ဆောင်ရွက်ပေးမည်
၂။ ပူတာအိုဒေသ ရေခဲတောင်တက်ခရီးသွားလုပ်ငန်းများ ၈၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့
၃။ မိုးလေဝသ သတင်း
၄။ ကမ္ဘောဒီးယားခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာရေး ပြန်လည်မွမ်းမံထားသည့်
အန်ကာဝတ်ဘုရားကျောင်းက အဓိကမျှော်လင့်ချက်ဖြစ်လာ...အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Page 849 of 928