#DailyNews
Published - 19 May 2022
၁။ မိုးကြိုးပစ်ခြင်းကြောင့် နှစ်စဉ်လူဦးရေ(၁၀၀)ကျော် သေဆုံး၊ လာမည့်မိုးရာသီတွင် မိုးကြိုးအန္တရာယ်သတိပြုရန်လို
(ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဒေါ်ဖြူလဲ့လဲ့ထွန်း)
၂။ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်းတွေ့ရှိသည့် ဆင်းတုတော်မှာ အေဒီ ၅ ရာစုခန့်ကဟုဆို
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန(စစ်တွေဌာနခွဲ)ညွန်ကြားရေးမှူး ဦးကြည်ခင်
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ယူကရိန်းပဋိပက္ခအတွင်း အစွန်းရောက်များနှင့် အကြမ်းဖက်သမားများကို ကြေးစားများအဖြစ် အမေရိကန်တပ်စုဆောင်းနေသည်ဟု ရုရှားနိုင်ငံခြားထောက်လှမ်းရေးအဖွဲ့စွပ်စွဲ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#WorldNews
Published 19 May 2022
ဗြိတိန်ပြည်ထောင်စု၊ ပေါ်တူဂီ၊ စပိန်နဲ့ အမေရိကန်တို့မှာ မျောက်ကျောက်ရောဂါကူးစက်ပျံ့ပွားလျက်ရှိပါတယ်။
အင်္ဂလန်မှာ ၈ ဦး၊ ပေါ်တူဂီမှာ ၂၀ ဦးအပါအဝင် ဥရောပ ၃ နိုင်ငံမှာ ၃၆ ဦးကူးစက်ထားတာတွေ့ရှိတာကြောင့် ပျံ့ပွားမှုနည်းတယ်လို့ ယူဆရပါတယ်။
ဒါပေမဲ့ မျောက်ကျောက်ရောဂါဗိုင်းရပ်စ်ကို ဘယ်ကနေကူးစက်လာသလဲဆိုတာတော့ ကျန်းမာရေးအရာရှိတွေအတွက် ပဟေဌိဖြစ်နေပါတယ်။
ဗိုင်းရပ်စ်က လူတွေကြားထဲမှာ သိသာထင်ရှားခြင်းမရှိဘဲ ပျံ့နှံနေတာမျိုးဖြစ်နိုင်ပြီး ကူးစက်မှုပုံစံအသစ်ပေါ်ပေါက်လာမှာကို စိုးရိမ်နေရပါတယ်။
ယူကေကျန်းမာရေးလုံခြုံရေးအေဂျင်စီမှ ဆေးပညာအကြံပေးအရာရှိချုပ်’ဆူဆန်ဟော့ပ်ကင်းစ်’က ဒီကူးစက်မှုဟာ ရှားပါးကူးစက်မှုမျိုးဖြစ်ကြောင်း၊ ဘယ်ကနေဘယ်လိုကူးစက်လာသလဲဆိုတာကို အရေးတကြီးစုံစမ်းလေ့လာနေကြကြောင်း တနင်္လာနေ့က ထုတ်ပြန်ခဲ့ပါတယ်။
မျောက်ကျောက်ရောဂါက စိတ်အနှောင့်အယှက်ဖြစ်ရတဲ့ ရောဂါဖြစ်ပြီး ဖျားနာခြင်း၊ ခန္ဓာကိုယ်ကိုက်ခဲခြင်း၊ သားငံရေဖုထွက်ခြင်း၊ တဖြည်းဖြည်းဖြင့် ကျောက်ရောဂါပုံစံဖြစ်လာပြီး မျက်နှာ၊ လက်၊ ခြေထောက်တွေမှာ နာကျင်ရသည့်ရေကြည်ဖုများထွက်ပေါ်ခြင်းတို့ ဖြစ်တတ်ပါတယ်။
မျောက်ကျောက်ရောဂါတစ်မျိုးကတော့ ကူးစက်သူ ၁၀ ရာခိုင်နှုန်းခန့် သေဆုံးနိုင်တဲ့အထိ အန္တရာယ်ရှိနိုင်ပါတယ်။
လက်ရှိအင်္ဂလန်မှာဖြစ်ပွားနေတဲ့ဗိုင်းရပ်စ်ကတော့ အပျော့စားသာဖြစ်ပြီး သေဆုံးနိုင်မှုနှုန်း ၁ ရာခိုင်နှုန်းအောက်သာရှိပါတယ်။ များသောအားဖြင့် ၂ ပတ်မှ ၄ ပတ်အတွင်း သက်သာသွားတတ်ပါတယ်။
ပုံမှန်အားဖြင့် မျောက်ကျောက်ရောဂါကို အာဖရိကအနောက်ပိုင်းနဲ့ အလယ်ပိုင်းတို့ရှိ တိရိစ္ဆာန်များမှ ကူးစက်လာလေ့ရှိပြီး ဗိုင်းရပ်စ်က ထိုလူများမှတဆင့် အခြားနိုင်ငံများသို့ ရောက်ရှိသွားတတ်ပါတယ်။
လူလူချင်းကူးစက်ဖို့က သွေးသားချင်းထိတွေ့မှု၊ ချောင်းဆိုးရာမှသလိပ် ဒါမှမဟုတ် အနာမှပြည်များဖြင့် ထိတွေ့မှုတိုဖြင့်သာ ကူးစက်နိုင်တာကြောင့် သိပ်ပြီးကူးစက်လေ့မရှိပါဘူး။
ဒါပေမဲ့ အင်္ဂလန်မှ ကူးစက်သူ ၈ ယောက်ထဲက ၇ ယောက်ဟာ လတ်တလောအာဖရိကကိုသွားရောက်ထားခြင်း မရှိပါဘူး။
ဒါကြောင့် အင်္ဂလန်ထဲကနေပဲ ကူးစက်တာဖြစ်မယ်လို့ ယူဆနေကြပါတယ်။
ဒ့ါအပြင် ထို ၇ ယောက်ဟာ နိုက်ဂျီးရီးယားကိုသွားထားတဲ့ လူနာနဲ့လည်း ထိတွေ့ခြင်းမရှိပါဘူး။
ထိုကဲ့သို့အချက်အလက်တွေကို ခြုံငုံကြည့်တဲ့အခါ ဗိုင်းရပ်စ်က အင်္ဂလန်နိုင်ငံထဲမှာ မသိမသာပျံ့ပွားနေပြီလို့ ယူဆလိုရပါတယ်။
အမေရိကန် မာဆာချူဆက်စ်မှလူနာဆိုရင် ရောဂါပျံ့ပွားနေတဲ့ နိုင်ငံတွေကိုသွားရောက်ခြင်းမရှိပေမယ့် ကနေဒါကိုတော့ သွားရောက်ခဲ့ပါတယ်။
ဗိုင်းရပ်စ်က ကူးစက်မှုလမ်းကြောင်းအသစ်အဖြစ် လိင်မှတဆင့်ကူးစက်မှုပါဖြစ်နေပြီဟု တွေ့ရှိနေရကြောင်း ကူးစက်ရောဂါပညာရှင်’မက်တီယိုပရိုချက်ဇ်ကာ’က တွစ်တာမှာဖော်ပြထားပါတယ်။
“လိင်တူဆက်ဆံသူတွေအနေနဲ့ အနာဖြစ်ခြင်းမျိုး၊ အဖုအပိန့်ထွက်ခြင်းမျိုးဖြစ်တယ်လို ခံစားရရင် ကျန်းမာရေးစောင့်ရှောက်မှုချက်ချင်းခံယူသင့်ပါတယ်” လို့ ‘ဟော့ပ်ကင်းစ်’က ဖော်ပြထားပါတယ်။
ယခုမျောက်ကျောက်ရောဂါက ပုံမှန်သိထားတာနဲ့ကွဲပြားစွာကူးစက်နေတာကြောင့် အမေရိကန်ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာမှ သိပ္ပံပညာရှင်များက စိုးရိမ်တကြီစောင့်ကြည့်နေကြပါတယ်။
Source: npr.
#Yangon_Media_Group
#WorldHealth
Published 19 May 2022
ကလေးနှစ်ယောက်အမေဖြစ်သူ အသက် ၃၁ နှစ်အရွယ်အမျိုးသမီးဟာ ကိုဗစ်စမ်းသပ်စစ်ဆေးတဲ့ ၆ လက်မအရှည်နှာခေါင်းတိုဖတ်တံကို မတော်တဆမျိုချမိပြီးနောက် အရေးပေါ်ခွဲစိတ်ဖယ်ထုတ်ခဲ့ရပါတယ်။
'ဘော်ဘီလီ'လိုမျိုး ကိုဗစ်စမ်းသပ်ပစ္စည်းအသုံးပြုရင်း ထိခိုက်ဒဏ်ရာရခဲ့တဲ့ အင်္ဂလန်သား တစ်ရာကျော်ရှိလာပြီဖြစ်ကြောင်း MailOnline က ဧပြီလမှာဖော်ပြခဲ့ပါတယ်။
မစ္စ'လီ'ဟာ ညဘက်အလုပ်တာဝန်ချိန်ပြီးဆုံးပြီးနောက် နေမကောင်းဖြစ်လာသလိုခံစားလာရကာ ကိုဗစ်စမ်းသပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။
အဲဒီနောက် တို့ဖတ်တံက ပါးစပ်ထဲဝင်သွားပြီး အာခေါင်ထဲညပ်သွားခဲ့ပါတယ်။
မစ္စ'လီ'က ဘာလုပ်ရမှန်းမသိဘဲ တိုဖတ်တံကိုမျိုချလိုက်ပေမယ့် လည်ချောင်းမှာကန့်လန့်ခံနေခဲ့ပါတယ်။
အရေးပေါ်ဌာနကိုအပြေးသွားခဲ့ရာ ဆေးဝန်ထမ်းတွေကလည်း ဒီလိုအဖြစ်မျိုးတစ်ခါမှမကြုံဖူးကြောင်း ပြောပြလာပါတယ်။
ဒါနဲ့ပဲ နီးစပ်ရာဆေးရုံသို့သွားခဲ့ပြီး အရေးပေါ်ခွဲစိတ်မှုခံယူခဲ့ရပါတယ်။ ခွဲစိတ်ဆရာဝန်များက ကွေးဆန့်လို့ရတဲ့ကင်မရာလေးကို လည်ချောင်းထဲထည့်ကြည့်ရာ တို့ဖတ်တံကိုတွေ့ရှိခဲ့ကြပါတယ်။
"တို့ဖတ်တံက ပါးစပ်ထဲဝင်သွားပြီး လည်ချောင်းအနောက်ဘက်မှာ ညပ်နေခဲ့ပြီး တို့ဖတ်တံတဖက်က အာခေါင်မှာကပ်နေခဲ့ပါတယ်၊ ဖယ်ထုတ်ဖို့လုပ်ပေမယ့် မရခဲ့တာကြောင့် မျိုချလိုက်မယ်လို့တွေးမိလိုက်ပါတယ်၊ အသက်လည်းမရှူနိုင်တော့ပါဘူး၊ အဲဒီနောက်ကားထဲဝင်ပြီး အရေးပေါ်ဌာနကို မောင်းထွက်သွားပါတယ်" လို့ ဆိုပါတယ်။
အရေးပေါ်ဌာနရောက်တဲ့အခါ မစ္စ'လီ'ကဖြစ်စဉ်ကိုရှင်းပြခဲ့ရာ ဆေးဝန်ထမ်းတွေက ဘာလုပ်ရမှန်းမသိခဲ့ပါဘူး။
"တို့ဖတ်တံကိုပါးစပ်ထဲကထုတ်မှရမှာပါ၊ တကယ်လို့အူထဲကိုသာရောက်သွားရင် ပေါက်ထွက်ကုန်နိုင်ပါတယ်" လို့ ခွဲစိတ်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးခဲ့ပါတယ်။
ပြီးခဲ့တဲ့လက MailOnline က စုံစမ်းရာမှာ ယူကေမှာ ကိုဗစ်စမ်းသပ်ပစ္စည်းအသုံးပြုပြီး ထိခိုက်ဒဏ်ရာရခဲ့သူ ၃ ထောင်လောက် အကြောင်းကြားခဲ့ကြကြောင်း တွေ့ရှိခဲ့ကြပါတယ်။
PCR test ပုံစံအဟောင်းတွေက တို့ဖတ်တံကိုလည်ချောင်းအနောက်ဘက်အထိ ထည့်ပြီးတို့ရတာကြောင့် ယခုလိုအဖြစ်မျိုးအင်္ဂလန်မှာ အနည်းငယ်တွေ့ရှိနေရပါတယ်။
အချို့လူတွေမှာလည်း စမ်းသပ်ပြီးနောက် နှာခေါင်းသွေးလျှံခြင်းမျိုးကြုံတွေ့ရကြောင်း အကြောင်းကြားလာကြပါတယ်။
လူအများအပြားကလည်း မတော်တဆထိခိုက်တာမျိုးဖြစ်တဲ့အခါ သက်ဆိုင်ရာကိုအကြောင်းမကြားတတ်ကြဘူးလို့ ယူကေဆေးဝါးဌာနနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပစ္စည်းကွပ်ကဲရေးအေဂျင်စီတို့က ဆိုပါတယ်။
တာဝန်ရှိသူတွေကတော့ ကိုဗစ်စစ်ဆေးရင်းထိခိုက်မှုမျိုးဖြစ်တဲ့အခါ မှတ်တမ်းတင်အကြောင်းကြားဖို့ မှာကြားထားပါတယ်။
ဒီလိုအကြောင်းကြားခြင်းဖြင့် အလားတူအဖြစ်မျိုး၊ ပိုမိုဆိုးရွားခြင်းမျိုးဖြစ်မလာအောင် ဖော်ထုတ်နိုင်မှာဖြစ်တယ်လို့ အကြုံပြုထားပါတယ်။
Source: DailyMail
#Yangon_Media_Group
#WorldHealth
Published 19 May 2022
ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာပေါ်ကပျောက်ကွယ်သွားဖို့လမ်းမမြင်ဘဲ မျိုးဗီဇကွဲတွေဟာ ခန္ဓာကိုယ်ခုခံအားစနစ်ကို ရှောင်ရှားနေပြီဖြစ်ပြီး တစ်နှစ်ကို ကူးစက်မှုလှိင်း ၂ ကြိမ် ၃ ကြိမ်လောက်အထိဖြစ်လာနေပြီမို့လို့ သိပ္ပံပညာရှင်တွေစိုးရိမ်နေရပြီဖြစ်ပါတယ်။
အဓိကပြဿနာက ကိုရိုနာဗိုင်းရပ်စ်ဟာ လူတစ်ယောက်ကိုထပ်ခါထပ်ခါကူးစက်တတ်နေပြီဖြစ်ပါတယ်။
မူလ အိုမီခရွန်ကူးစက်ဖူးသူတွေမှာ အိုမီခရွန်မှထပ်မံကွဲထွက်လာတဲ့ ဗိုင်းရပ်စ်များဖြင့် ထပ်မံကူးစက်ခံနေရကြောင်း အကြောင်းကြားလာကြပါတယ်။
အချို့လူတွေဆိုရင် တစ်နှစ်အတွင်း ၃ ကြိမ် ၄ ကြိမ်လောက်ကူးစက်ခံနေရကြောင်း သုတေသီများက ပြောပြခဲ့ပါတယ်။
အချို့လူအနည်းစုမှာ ကိုဗစ်နောက်ဆက်တွဲလက္ခဏာများကို လတွေနှစ်တွေကြာအောင်ခံစားနေရပါတယ်။
ဒီလိုအခြေအနေတွေက တာရှည်ပြဿနာတွေဖြစ်လာမှာစိုးရိမ်ရတယ်လို့ တောင်အာဖရိကနိုင်ငံ စတယ်လန်ဘော့တက္ကသိုလ်မှ ကူးစက်ရောဂါပညာရှင်'ဂျူးလိယက်ပူလီယမ်'က ပြောပြသွားပါတယ်။
"ဗိုင်းရပ်စ်က ဆက်လက်ပြီးဆင့်ကဲပြောင်းလဲနေပါတယ်၊ လူအများစုအနေနဲ့ ဘဝသက်တမ်းတလျှောက်ထပ်ခါထပ်ခါကူးစက်လာနိုင်ပါတယ်" လို့ ဆိုပါတယ်။
လူတစ်ယောက်အနေနဲ့ ဘယ်နှကြိမ်လောက်အထိကူးစက်နိုင်လဲဆိုတာက ပြောရခက်နေပြီး အကြောင်းကတော့ အခုဆိုရင် ရောဂါကူးစက်သူအများစုက သက်ဆိုင်ရာကိုအကြောင်းမကြားတော့တာကြောင့်ဖြစ်ပါတယ်။
တောင်အာဖရိကမှာကောက်ယူထားတဲ့ အချက်အလက်များအရ အိုမီခရွန်က အခြားမျိုးဗီဇကွဲတွေထက် ပိုပြီးကူးစက်နှုန်းမြင့်မားနေပါတယ်။
ကပ်ရောဂါအစပိုင်းတုန်းက ရောဂါကူးစက်ခြင်း ဒါမှမဟုတ် ကိုဗစ်ကာကွယ်ဆေးထိုးခြင်းတို့မှရရှိတဲ့ ရောဂါခုခံအားက ထပ်မံကူးစက်မှုတွေကိုကာကွယ်ပေးနိုင်မယ်လို့ မျှော်မှန်းခဲ့ကြပါတယ်။
အိုမီခရွန်လက်ထက်မှာ ဒီမျှော်လင့်ချက်တွေပျက်စီးခဲ့ရပြီး အိုမခရွန်နဲ့သူ့ရဲ့မျိုးနွယ်ခွဲဗိုင်းရပ်စ်တွေက လူတွေရဲ့ရောဂါခုခံအားကို ခံနိုင်ရည်ရှိလာကြပါတယ်။
ဒါကြောင့်ပဲ ကာကွယ်ဆေးအကြိမ်ကြိမ်ထိုးထားသူတွေတောင်မှ ရောဂါကိုအကြိမ်ကြိမ်ကူးစက်လာနိုင်တာဖြစ်ပါတယ်။
ဒါပေမဲ့ မည်သည့်မျိုးဗီဇကွဲကူးစက်သည်ဖြစ်စေ ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့အခါ ရောဂါပြင်းထန်မှုလျော့နည်းသွားကြပါတယ်။
တုပ်ကွေးရောဂါကိုကာကွယ်သလိုမျိုး ကိုဗစ်ရောဂါလှိင်းကျရောက်ခါနီးရာသီရောက်တဲ့အခါ ကာကွယ်ဆေးတွေကြိုတင်ထိုးနှံထားဖို့ ပညာရှင်အများအပြားကယူဆထားကြပါတယ်။
တောင်အာဖရိကနဲ့ အမေရိကန်နိုင်ငံတိုမှာ ကာကွယ်ဆေးထိုးပြီးသားလူတွေ ရောဂါကူးစက်ဖူးသူတွေများနေတဲ့အချိန်မှာပဲ နောက်ထပ်ကူးစက်မှုတွေဖြစ်လာကြတာဖြစ်ပါတယ်။
အိုမီခရွန်ကူးစက်မှုမှရရှိတဲ့ ပဋိပစ္စည်းခုခံအားတွေက အားနည်းပြီးတာရှည်မခံပေမယ့် အိုမီခရွန်ကူးစက်ခြင်းတွေကလည်း ရောဂါပြင်းထန်လေ့မရှိပါဘူး။
ဆင့်ကဲပြောင်းလဲလာတဲ့မျိုးဗီဇကွဲတွေကို ကာကွယ်နိုင်ဖို ကိုဗစ်ကာကွယ်ဆေးတွေကို လျင်လျင်မြန်မြန်နဲ့အဆင့်မြှင့်ထုတ်လုပ်ဖို့လိုအပ်လာပါတယ်။
ကိုရိုနာဗိုင်းရပ်မျိုးဗီဇကွဲအသစ်တစ်မျိုးကူးစက်တိုင်း ရောဂါခုခံအားရရှိလာမှာဖြစ်ကြောင်း ပညာရှင်များကအကြံပြုသွားပါတယ်။
Source: New York Times.
#Yangon_Media_Group
#WorldHistory
Published 18 May 2022
၂၀၁၃ ခုနှစ်မှာကွယ်လွန်ခဲ့တဲ့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း'မာဂရက်သက်ချာ'ရဲ့ရုပ်ထုအသစ်ကို မွေးရပ်မြေမှာ စိုက်ထူဆောက်လုပ်ခဲ့ပြီး မကြာခင်မှာပဲ ကြက်ဥဖြင့်ပစ်ပေါက်ခံခဲ့ရတာကြောင့် တနင်္လာနေ့က ခြံစည်းရိုးတပ်ဆင်ထားခဲ့ရပါတယ်။
#Yangon_Media_Group
Published 18 May 2022
မတ်လအတွင်း တရုတ်အရှေ့ပိုင်းလေကြောင်းပိုင်လေယာဉ်ပျက်ကျတာဟာ လေယာဉ်ပေါ်ပါတစ်ဦးဦးရဲ့ တမင်ရည်ရွယ်မှုတစ်ခုဖြစ်တယ်လို့ အမေရိကန်စုံစမ်းစစ်ဆေးသူတွေက ယုံကြည်ထားကြတဲ့အကြောင်း အင်္ဂါနေ့က ဝေါစထရိဂျာနယ်က သတင်းဖော်ပြလိုက်ပါတယ်။ ဒီပျက်ကျမှုဟာ ဆယ်စုနှစ်များစွာထဲမှာ တရုတ်နိုင်ငံရဲ့ အဆိုးရွးဆုံးလေယာဉ်ပျက်ကျမှုဖြစ်ပါတယ်။
တရုတ်အရှေ့ပိုင်းလေကြောင်း လေယာဉ်ခရီးစဉ်အမှတ် MU5375ဟာ ကူမင်းကနေကွမ်ကျိုးကို မတ်၂၁ရက်နေ့က ပျံသန်းနေစဉ် အမြင့်ပေးနှစ်သောင်းကိုးထောင်ကနေ ထူးခြားစွာ ဇောက်ထိုးဆင်းပြီးပျက်ကျခဲ့တဲ့အတွက် လေယာဉ်ပါသူ ၁၃၂ဦးလုံး သေဆုံးခဲ့ကြရပါတယ်။
ပျက်ကျတဲ့နေရာက ရရှိတဲ့ ခရီးစဉ်အသံသွင်းမှတ်တမ်းသေတ္တာနက်ကို သုံးသပ်မှုပြုနိုင်ဖို့ အမေရိကန်ကိုပေးပို့ခဲ့ပါတယ်။ အဲဒီသေတ္တာနက်ကရရှိတဲ့ အချက်အလက်တွေအရ လေယာဉ်မှူး သို့မဟုတ် လေယာဉ်ခေါင်းပိုင်းထဲ အတင်းခေါ်ဆောင်ခံရသူတစ်ဦးဦးက ဘိုအင်း၇၃၇-၈၀၀ လေယာဉ်ကို ခေါင်းစိုက်ဆင်းဖို့ အမိန့်ပေးခဲ့ပုံရတယ်လို့ ဖော်ပြနေပါတယ်လို့ အဲဒီစုံစမ်းမှုနှင့်ကျွမ်းဝင်သူတစ်ဦးကို ကိုးကားပြီး ဝေါစထရိက ရေးသားပါတယ်။
“ လေယာဉ်မောင်းခန်းထဲက တစ်ဦးဦးက လုပ်ခိုင်းတဲ့အတိုင်း လေယာဉ်ပျံသန်းခဲ့ရတာဖြစ်တယ်” လို့ ပဏာမစုံစမ်းမှုတွေနှင့် ရင်းနှီးကျွမ်းဝင်သူတစ်ဦးက ဝေါစထရိဂျာနယ်ကိုပြောပါတယ်။
တရုတ်စုံစမ်းစစ်ဆေးသူတွေကလည်း ပျက်ကျရလောက်အောင် လေယာဉ်နှင့် ပျံသန်းထိန်းကျောင်းမှုတွေမှာ ဘာပြဿနာမှမတွေ့ခဲ့ဘူးလို့ပြောထားပါတယ်။အဲဒီအချက်ကို အမေရိကန်အရာရှိတွေကလည်း ထောက်ခံထားပါတယ်။
အမေရိကန်အမျိုးသားသယ်ယူပို့ဆောင်မှုအန္တရာယ်ကင်းရှင်းရေးဘုတ်အဖွဲ့နှင့် ဘိုအင်းကုမ္ပဏီတို့က ဒီစစ်ဆေးတွေ့ရှိမှုတွေနှင့်ပတ်သက်လို့ မှတ်ချက်ပေးဖို့ငြင်းဆန်ပါတယ်။
စုံစမ်းစစ်ဆေးသူတွေဟာ ပုံမှန်မဟုတ်တာတစ်ခုခုကို အထောက်အထားမတွေ့ခဲ့ရဘူးလို့ ဘိုအင်းရဲ့ အစီရင်ခံစာတစ်ခုက ပြောတယ်လို့ တရုတ်လေကြောင်းအာဏာပိုင်အဖွဲ့က ဧပြီလတုန်းကပြောပါတယ်။
ဝန်ထမ်းတွေဟာ မပျံသန်းခင် လိုအပ်တဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးအစီအမံတွေ အားလုံးလုပ်ခဲ့တယ်။ လေယာဉ်ပေါ်မှာလည်း အန္တရာယ်ရှိတဲ့ ပစ္စည်းတွေသယ်ယူသွားတာမရှိဘူး၊ပြီးတော့ ရာသီဥတု ဆိုးရွားတာမျိုလည်း မရှိဘူးလို့ အဲဒီအဖွဲ့ကပြောပြီး အသေးစိတ်သိရဖို့ နှစ်များစွာကြာနိုင်တယ်လို့ဆိုထားပါတယ်။
Source AFP
Published 18 April 2022
တွစ်တာရဲ့ စီအီးအိုအနေနှင့် တွစ်တာမှာ အကောင့်တုတွေဟာ ၅ ရာခိုင်နှုန်းထက်နည်းပါးတယ်လို့ သက်သေမပြမချင်း ဒေါ်လာ ၄၀ဘီလီယံနှင့် တွစ်တာကို ဝယ်မယ့်အစီအစဉ်ကို ရှေ့ဆက်တိုးမှာ မဟုတ်ဘူးလို့ အီလွန်မတ်စ်က မေလ၁၇ ရက်က ပြောလိုက်ပါတယ်။
တွစ်တာကနေ SEC ကိုပေးပိုတဲ့အချက်အလက်တွေ မှန်ကန်မှုအပေါ်မှာ ကျွန်တော့်ရဲ့ကမ်းလှမ်းမှုကို အခြေခံပါတယ်” လို့ မတ်စ်က တွစ်တာကနေ ရေးခဲ့ပါတယ်။
တွစ်တာကို ဝယ်ယူတာ ဆိုင်းငံ့ထားမယ်လို့ ပြီးခဲ့တဲ့ သောကြာနေ့က မတ်စ်က ပြောခဲ့ပါတယ်။ ကုမ္ပဏီက သူလက်သင့်ခံ ထားတဲ့ အကောင့်တုတွေ ဘယ်လောက်ရှိနေသလဲဆိုတာ ဆန်းစစ်ကြည့်ရင်း သူကအဲသလိုပြောတာပါ။ SEC (လုံခြုံရေးနှင့် ငွေကြေးလဲလှယ်ရေးကော်မရှင်)ကိုပေးပို့တဲ့ အချက်အလက်တွေမှာ တွစ်တာက ယင်းရဲ့ပလက်ဖောင်းရဲ့ ငါးရာခိုင်နှုန်းထက် နည်းတဲ့ အကောင့်တွေဟာ အကောင့်တုတွေဖြစ်တယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။
“အကောင့်တု အကောင့်ယောင်တွေဟာ ၂၀ ရာခိုင်နှုန်း..။ တွစ်တာပြောတာထက် လေးဆပိုများတယ်။ ဒီဲထက်ပင်ပိုများ နိုင်တယ်” လို့ မတ်စ်က အင်္ဂါနေ့တုန်းကပြောပါတယ်။ ဒါပေမယ့် ၂၀ရာခိုင်နှုန်းဆိုတာကို သူဘယ်လိုတွက်ချက်ခဲ့တယ်ဆိုတာ ကိုတော့ မတ်စ်က မပြောပါဘူး။
“ မနေ့က တွစ်တာရဲ့စီအီးအိုက အကောင့်တု ငါးရာခိုင်နှုန်းထက်နည်းတာကိုသက်သေပြဖို့ လူသိရှင်ကြား သူငြင်းဆန်ခဲ့တယ်။ သူ သက်သေမပြမချင်း ဒီအရောင်းအဝယ်က ရှေ့တက်မှာမဟုတ်ဘူး” လို့ သူကဖြည့်စွက်ပြောပါတယ်။
“မတ်စ်က အရင်က အကြံပေးခဲ့တဲ့ ကြုံရာ အကောင့် ၁၀၀ကို နမူနာယူစစ်ဆေးပြီး အကောင့်တုအချိုးအစားကိုကြည့်မယ်ဆို တာ ဘာဖြစ်လို့ အလုပ်မဖြစ်ရတာလဲ “လို့ တွစ်တာစီအီးအို ပါရက်အက်ဂရာဝဲလ်က တနင်္လာနေ့က တွစ်တာမှာပို့စ်တင်ပြီး ရှင်းလင်းခဲ့ပါတယ်။ အဲဒီပို့စ်အောက်မှာ မတ်စ်က poop emoji အရုပ်ကလေးနှင့်ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။
အကောင့်အပိုတွေရဲ့အချိုးကို တွစ်တာက ထောင်ပေါင်းများစွာသော အကောင့်တွေရဲ့ multiple human reviews အပေါ် အခြေခံခန့်မှန်းတွက်ချက်ခဲ့တာဖြစ်တယ် လို့ အက်ဂရာဝဲလ်က ပြောပါတယ်။ တွစ်တာရဲ့ ကုမ္ပဏီတွင်းအဖွဲ့တွေဟာ ကုမ္ပဏီက ငွေကြေးရယူနိုင်တဲ့ နေ့စဉ်သက်ဝင်နေတဲ့ အကောင်းတွေကို ကြုံရာကျရာ နမူနာယူပြီးတွက်ချက်ခဲ့တာလို့လည်း သူကပြောပါတယ်။
မတ်စ်ဟာ အကောင့်တုတွေအပေါ် သူ့ရဲ့စိတ်ပူပန်မှုကိုသုံးပြီး အရောင်းအဝယ်ကို ဈေးထပ်ဆစ်ချင်ပုံရပါတယ်။
မီယာမီမှာ တနင်္လာနေ့က ပြုလုပ်တဲ့ All In Summit ပွဲမှာ တွစ်တာကို ဈေးထပ်လျှော့ခိုင်းပြီး ပြန်ညှိနှိုင်းဖို့ဆိုတာ မေးစရာ မလိုဘူးလို့ ပြောခဲ့တယ်လို့ ဘလွမ်းဘတ်က သတင်းရေးသားခဲ့ပါတယ်။
Source Insider
Page 825 of 929