#DailyNews
Published - 20 May 2022
၁။ ရန်ကုန်မြစ်ဝနှင့်မော်လမြိုင်အနီး ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်းများဖြစ်ပေါ်မည်။
၂။ ရန်ကုန်-ပဲခူးယာဥ်လိုင်းသစ်ယာဥ်အစီးရေ တိုးချဲ့ပြေးဆွဲမည်။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ တစ်လတာအမှိုက်များအား ချိတ်ဆွဲဝတ်ဆင်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အမေရိကန်တစ်ဦးလှုံ့ဆော်လှုပ်ရှားမှုပြုလုပ်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Ukraine_Crisis
Published 20 May 2022
ရုရှားတို့က လက်ရှိအချိန်မှာ ယူကရိန်းရဲ့ ဒွန်ဘတ်စ်စက်မှုဇုန်ဒေသကို ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် အဆိုပါဒေသဟာပျက်စီးဆုံးရှုံးခဲ့ရပြီဖြစ်ကြောင်း ယူကရိန်းသမ္မတ’ဇယ်လန်စကီ’က ပြောကြားလိုက်ပါတယ်။
ထိုအချိန်မှာပဲ အချမ်းသာဆုံးနိုင်ငံအချို့က ယူကရိန်းကို ဘီလီယံဒေါ်လာများ ထောက်ပံ့မယ်လို့ ကတိပြုလိုက်ပါတယ်။
ရုရှားတို့က ယူကရိန်းမြို့တော်ကိုသိမ်းပိုက်ဖို့လက်လျှော့ပြီးနောက် ဒွန်ဘတ်စ်စက်မှုဇုန်ဒေသရှိ နယ်မြေတွေကို အင်တိုက်အားတိုက် လက်နက်ဒုံးကျည်အမြောက်အများသုံး တိုက်ခိုက်ကာ သိမ်းပိုက်ဖို့ ကြိုးစားလာကြပါတယ်။
ဒွန်ဘတ်စ်ဒေသထဲမှာ ယူကရိန်းခွဲထွက်ရေးသမားများ အကူအညီနဲ့ ထိန်းချုပ်ထားတဲ့ ဒိုနက်စ်နဲ့ လူဟန့်စ်နယ်မြေတို့လည်း ပါဝင်နေပါတယ်။
“ရုရှားက သိမ်းပိုက်ပြီးတာတောင် ဆက်ပြီးဖိအားပေးပစ်ခတ်နေပါတယ်၊ အလွန်အကျူးပြောတာမဟုတ်ပါဘူး၊ အဲဒီမှာ ယူကရိန်းအလယ်ပိုင်းရှိမြို့တွေနဲ့ အိုဒီဆာဒေသမှာ ဆက်တိုက်ပစ်ခတ်နေပါတယ်၊ ဒွန်ဘတ်စ်က လုံးဝပျက်စီးသွားပါပြီ”လို့ ‘ဇယ်လန်စကီ’က ကြာသပတေးနေ့မှာ မိန့်ခွန်းပြောကြားသွားပါတယ်။
ရုရှားတို့ကျူးကျော်စစ်စတင်လို့ ၃ လပြည့်ခါနီးအချိန်မှာ အမေရိကန်လွှတ်တော်က ယူကရိန်းကို ဒေါ်လာ ၄၀ ဘီလီယံထပ်မံထောက်ပံ့ဖို့ တခဲနက်ထောက်ခံအတည်ပြုလိုက်ကြပြီး ဒါဟာအမေရိကန်ရဲ့ တန်ဖိုးအကြီးမားဆုံးထောက်ပံ့မှုကြီး ဖြစ်လာပါပြီ။
ချမ်းသာကြွယ်ဝတဲ့ ၇ နိုင်ငံအဖွဲ့ကလည်း ယူကရိန်းကို ဒေါ်လာ ၁၈.၄ ဘီလီယံထောက်ပံ့ဖို့ သဘောတူလိုက်ပါတယ်။
ဒီလိုထောက်ပံ့မှုတွေကြောင့် ရုရှားကိုအရှိန်မြှင့်အနိုင်ယူနိုင်မှာဖြစ်ပြီး လက်နက်ထောက်ပံ့မှုတွေလို အရေးပါတဲ့ထောက်ပံ့မှုဖြစ်ကြောင်း ယူကရိန်းသမ္မတပြောဆိုခဲ့ပါတယ်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးချုပ်’ဂျဲနတ်ယယ်လန်’က “ယူကရိန်းဘက်က ရပ်တည်နေတယ်ဆိုတဲ့ သဘောပြသချင်တာဖြစ်ပါတယ်၊ ယူကရိန်းလိုအပ်သမျှအရာတွေကို ထောက်ပံ့ပေးပြီး အတူတကွရုန်းကန်ကြရပါမယ်”လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ပိတ်ဆို့ထားတဲ့ ရုရှားရေတပ်ကိုဖြိုခွင်းဖို့ သင်္ဘောဖျက်အဆင့်မြင့်လက်နက်များကို ယူကရိန်းတိုက်ခိုက်ရေးသမားများထံပေးပို့ဖို့ အမေရိကန်က ကြိုးပမ်းနေပါတယ်။
ရုရှားတို့က အစားအစာထွက်ကုန်တင်ပို့ခြင်းနဲ့ ခြိမ်းခြောက်နေတာက ယူကရိန်းတွေသာမက တစ်ကမ္ဘာလုံးရှိ သန်းပေါင်းများစွာသေ ာလူတွေကိုပါ ဒုက္ခရောက်စေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး’အန်တိုနီဘလင်ကန်’က စွပ်စွဲလိုက်ပါတယ်။
စစ်ပွဲကြောင့် ဆန်စပါး၊ ဟင်းချက်ဆီ၊ လောင်စာဆီ၊ မြေဩဇာဈေးနှုန်းများ အဆမတန်မြင့်တက်လာခဲ့ပါတယ်။
အနောက်နိုင်ငံရဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေက ရုရှားစီးပွားရေးကို အထိနာစေပြီး ရုရှားလောင်စာကုမ္ပဏီ Rosneft မှာ အလုပ်လုပ်နေတဲ့ ဥရောပနိုင်ငံသားတွေနဲ့ အီးယူမှာနေထိုင်တဲ့ ရုရှားနိုင်ငံသားတွေပါ အလုပ်လုပ်ခွင့်မရတော့တာကြောင့် Rosneft မှ ဒုဥက္ကဌ ၅ ဦးလည်းနှုတ်ထွက်သွားခဲ့ပါတယ်။
ရပ်ဆိုင်းခံထားရတဲ့ ရုရှားအစိုးရနွယ်လုပ်ငန်းရှင်ကြီးတွေရဲ့ ပိုင်ဆိုင်မှုများကိုလည်း ယူကရိန်းပြန်လည်တည်ထောင်ရေးမှာ အသုံးချနိုင်ဖို့ ဥရောပသမဂ္ဂက ကြိုးပမ်းနေပါတယ်။
ရုရှားလောင်စာဆီတွေကို ဝယ်ယူနေတဲ့ နိုင်ငံတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ဖို့ရှိ/မရှိကိုတော့ အမေရိကန်က ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။
Source: Reuters
#Yangon_Media_Group
#WorldHealth
Published 20 May 2022
ဒူးခေါင်းနားတဝိုက်မှာရှိတဲ့ အာရုံကြောတွေကို အပူဓာတ်ဖြင့် ဖျက်ဆီးပစ်ပြီး အဆစ်ရောင်နာကျင်ခြင်းဝေဒနာကို သက်သာအောင်ပြုလုပ်နိုင်ဖွယ်ရှိနေပါတယ်။
ရေဒီယိုကြိမ်နှုန်းလှိုင်းကို အသုံးပြုပြီး ဒူးခေါင်းနားတဝိုက်မှာရှိတဲ့ အာရုံကြောလေးတွေကို ဖျက်ဆီးလိုက်ခြင်းဖြင့် အဆစ်ရောင်ရမ်းခြင်းကြောင့်ဖြစ်တဲ့ နာကျင်မှုတွေဟာ ဦးနှောက်သို့မရောက်ရှိနိုင်တော့ပါဘူး။
ဒူးအစားထိုးခွဲစိတ်ပြီး နာကျင်မှုခံစားနေရသေးတဲ့ အမေရိကန်ရှိလူနာတွေကို အဆိုပါနည်းလမ်းဖြင့် စမ်းသပ်မှုပြုလုပ်ခဲ့ပါတယ်။
ဒူးအစားထိုးခွဲစိတ်ခြင်းမလုပ်ချင်တဲ့ အဆစ်ရောင်လူနာ ၆၀ ကျော်ကို အဆိုပါနည်းလမ်းဖြင့် ခွဲစိတ်ခဲ့ပြီး ပြီးခဲ့တဲ့စက်တင်ဘာလက ထုတ်ပြန်ခဲ့ပါတယ်။
ဖော်ပြချက်ထဲမှာ နာကျင်ခြင်းနဲ့ လှုပ်ရှားရခက်ခဲခြင်းတို့ဟာ နှစ်ပတ်အတွင်း တဝက်မျှသက်သာခဲ့ကြောင်း သိရှိရပါတယ်။
ဒူးဆစ်မှာဆုံတွေ့တဲ့ အရိုးတွေအဆုံးမှာ အရိုးနုရွတ်ဖြင့်ဖုံးအုပ်ထားပြီး အရိုးတွေထိခိုက်ခြင်းမရှိအောင် ကူရှင်သဖွယ်ကာကွယ်ပေးပါတယ်။
အသက် ၅၀ ကျော်အရိုးဆစ်ရောင် ဝေဒနာခံစားရသူတွေမှာ အဆိုပါအရွတ်က ပျက်စီးယိုယွင်းလာပြီး အရိုးအချင်းချင်းပွတ်တိုက်ကာ နာကျင်ခြင်း၊ လှုပ်ရှားမရခြင်းများ ဖြစ်ပေါ်လာကြပါတယ်။
အကိုက်အခဲပျောက်ဆေးများ၊ ဒူးပတ်ကာဝတ်ခြင်း၊ ဒူးဆစ်အတုအစားထိုးခွဲစိတ်ခြင်းများဖြင့် အမျိုးမျိုးကုသလေ့ရှိပါတယ်။
ဒူးဆစ်အတုထည့်ခြင်းက ခွဲစိတ်မှုနှုန်းအောင်နိုင်ချေများပေမယ့် လူတိုင်းနီးပါးပြုလုပ်နိုင်တာတော့ မဟုတ်ပါဘူး။
ခွဲစိတ်ပြီးနောက် ဘေးထွက်ဆိုးကျိုးအချိုခံစားရသူ ၁၀ ရာခိုင်နှုန်းလောက်ရှိတတ်ပါတယ်။
အဆစ်ရောင်နာကျင်မှုက ဒူးဆစ်နားတဝိုက် အရိုးမျက်နှာပြင်တွေပေါ်က အာရုံကြောမျှင်တွေကနေ ဖြတ်သန်းသွားတာဖြစ်ပါတယ်။
ရေဒီယိုကြိမ်နှုန်းလှိုင်းတွေက အဆိုပါအာရုံကြောတစ်ရှူးတွေကို ဖျက်ဆီးပစ်ကာ ဦးနှောက်ဆီ နာကျင်မှုဝေဒနာ မရောက်အောင် တားဆီးပေးပါတယ်။
ရေဒီယိုကြိမ်နှုန်းလှိုင်းတွေကို အပူချိန် ၇၀ ဒီဂရီဆဲလ်စီးယပ်စ်မှာ စက္ကန့် ၉၀ မျှသက်ရောက်အောင် ပြုလုပ်ပေးရပါတယ်။
ရေဒီယိုလှိုင်းတွေကို နှလုံးခုန်မမှန်ခြင်းဝေဒနာကုသခြင်းနဲ့ ကင်ဆာအကျိတ်တိုကိုဖျက်ဆီးရာမှာလည်း အသုံးပြုကြပါတယ်။
အရိုးအဆစ်ဆရာဝန်များက အာရုံကြောတွေကိုဖြတ်တောက်ပြီး ကုသပေးပေမယ့် အာရုံကြောတွေက အသစ်ပြန်လည်ထွက်ပေါ်လာပြီး နာကျင်ခြင်းမျိုးခံစားရတတ်ကြောင်း လီဗာပူးလ်တက္ကသိုလ်ဆေးရုံမှ အရိုးအဆစ်ခွဲစိတ်ဆရာဝန်’မိုက်ခ်မက်နီခိုလက်စ်’က ပြောပြသွားပါတယ်။
Source: DailyMail
#Yangon_Media_Group
#WorldNews
Published 20 May 2022
သီရိလင်္ကာ နိုင်ငံဟာ လောင်စာဆီတင်သွင်းဖို့ ပေးစရာဒေါ်လာမရှိတာကြောင့် တိုင်းသူပြည်သားတွေကို တန်းစီပြီးလောင်စာဝယ်ယူခြင်းမပြုရန် တောင်းဆိုလိုက်ပါတယ်။
သီရိလင်္ကာ ရေပြင်ပေါ်မှာ ရေနံတင်သင်္ဘောတစ်စီးရှိနေပေမယ့် လဲလှယ်ရောင်းဝယ်စရာဘာမှမရှိဘူးလို့ စွမ်းအင်ဝန်ကြီး’ကန်ချာနာဝီဆယ်ကယ်ရာ’က ဗုဒ္ဓဟူးနေ့က လွှတ်တော်မှာတင်ပြခဲ့ပါတယ်။
ယနေ့ ဒါမှမဟုတ် မနက်ဖြန်မှာ သင်္ဘောဆီကရေနံဝယ်ယူနိုင်ဖို့ မျှော်လင့်နေကြောင်း ဝန်ကြီးကဆိုပါတယ်။
သီရိလင်္ကာနိုင်ငံဟာ ရေနံတင်ပို့ရေးကုမ္ပဏီမှ အစောပိုင်းကလောင်စာတင်သွင်းရာမှာ ဒေါ်လာ ၅၃ သန်းဖိုးအကြွေးကျန်ရှိနေပါတယ်။
သီရိလင်္ကာ ကျွန်းနိုင်ငံဟာ စီးပွားရေးအခြေအနေအဆိုးဆုံးကြုံတွေ့နေရတာဖြစ်ပါတယ်။
အစားအစာကစလို့ မီးဖိုလောင်စာများအထိ အစစအရာရာရှားပါးပြတ်လတ်လာတာကြောင့် အာရှမှာ ငွေကြေးဖောင်းပွမှုဖြစ်လာကာ ဈေးနှုန်းတွေက ၃၀ ရာခိုင်နှုန်းနီးပါးအထိ မြင့်တက်လာခဲ့ပြီး တိုင်းပြည်မငြိမ်မသက်ဖြစ်ခြင်းနဲ့ နိုင်ငံရေးကသောင်းကနင်းတွေဖြစ်လာပါတယ်။
သီရိလင်္ကာမှာ လောင်စာဆီသိုလှောင်မှုက တစ်ရက်စာသာကျန်ရှိတော့ကာ ရေပြင်မှာကျောက်ချထားတဲ့ သင်္ဘော ၃ စီးမှ ရေနံစိမ်းနဲ့ မီးဖိုလောင်စာများဝယ်ယူဖို့ ဒေါ်လာများရရှိအောင် အစိုးရကကြိုးပမ်းနေကြောင်း ဝန်ကြီးချုပ်ကပြောကြားသွားပါတယ်။
လောင်စာဆီများ တင်သွင်းနိုင်ဖို့ ကမ္ဘာ့ဘဏ်မှ လူမှုဖူလုံရေးအကူအညီဒေါ်လာသန်း ၁၆၀ ရယူဖို့ အစိုးရကဆွေးနွေးနေပါတယ်။
ဇွန်လအတွင်းလောင်စာ လိုအပ်ချက်အတွက် ဒေါ်လာသန်း ၅၃၀ ကုန်ကျမယ်လို့ ခန့်မှန်းထားပြီး လက်ကျန်လောင်စာဆီတွေကို လူနာတင်ကားတွေလို မရှိမဖြစ်လိုအပ်တဲ့နေရာတွေအတွက် ဦးစားပေးအသုံးပြုနေပါတယ်။
နိုင်ငံအတွင်း ဒီဇယ်ဆီတော့အလုံအလောက်ရှိကြောင်း ဝန်ကြီးချုပ်ကဆိုပါတယ်။
Source: bloomberg
#Yangon_Media_Group
#WorldMilitary
Published 19 May 2022
အမေရိကန်တို့က နိုင်ငံတကာအကြမ်းဖက်အဖွဲ့အစည်းများနဲ့ ဘာသာရေးအစွန်းရောက်အဖွဲ့အစည်းများမှ အဖွဲ့ဝင်များကို ကြေးစားများအဖြစ် ခေါ်ယူစုဆောင်းပြီး ယူကရိန်းစစ်ပွဲအတွင်း ရုရှားတပ်များအား နှောင့်ယှက်ဖျက်ဆီးရန် ကြိုးပမ်းနေကြောင်း ရုရှားနိုင်ငံခြားထောက်လှမ်းရေးအဖွဲ့(SVR)က အင်္ဂါနေ့က စွပ်စွဲလိုက်ပါတယ်။
#Yangon_Media_Group
Published 19 May 2022
ပြင်သစ်နိုင်ငံ ကိန်းမြို့တွင်ကျင်းပနေတဲ့ ၇၅ကြိမ်မြောက် ကိန်းရုပ်ရှင်ပွဲတော်ရဲ့ "Top Gun: Maverick" ဇာတ်ကားသစ် ပထမဆုံးအထူးပွဲကို မေ ၁၈ရက်က ပြသခဲ့ရာ သရုပ်ဆောင်အကျော်အမော်တွေဟာ ကော်ဇော်နီလျှောက်လှမ်းပေါ်ကနေ ဖြတ်သန်းလျှောက်လှမ်းခဲ့ကြပါတယ်။
တွမ်ခရုစ်ဟာ သူ့ဇာတ်ကား"Top Gun: Maverick"အတွက် နှစ်ပေါင်း ၃၀အတွင်း ကိန်းကို ပထမဆုံးရောက်ခဲ့ပြီးနောက် ရုပ်ရှင်မှာသူ့ရဲ့စိတ်ထက်သန်ပြင်းပြမှုအတွက် ဂုဏ်ထူးဆောင် Palme d'Or ဆုကို လက်ခံရယူခဲ့ပါတယ်။
သရုပ်ဆောင်အယ်လ်ဖန်နင်း၊အန်တိုနီဒယ်လွန်တို့ကလည်း အဲဒီဇာတ်ကားအတွက် တက်ရောက်ခဲ့ကြပြီး ပြင်သစ်မင်းသား အိုမာဆိုင်းကလည်း သူ့ရုပ်ရှင်"Tirailleurs" အထူးပွဲကို တက်ရောက်လာခဲ့ပါတယ်။ ကိန်းရုပ်ရှင်ပွဲတော်ရဲ့ အစိတ်အပိုင်း "Top Gun: Maverick" အထူးကော်ဇော်နီပွဲ တက်ရောက်လာသူတွေရဲ့ မြင်ကွင်းပုံရိပ်တွေကို တင်ဆက်လိုက်ရပါတယ်။
Source AFP
Published 19 May 2022
၁၉၅၅ခုနှစ်က၁၉၇၅အထိ ဗီယက်နမ်စစ်ပွဲရဲ့ ကြောက်ဖက်ဖွယ်ရာတွေကြားထဲ တိုက်ခိုက်ခဲ့တဲ့ ဗီယက်နမ်စစ်ပွဲ စစ်ပြန်ကြီးတစ်ဦးဟာ အမေရိကန်ပြည်ထောင်စုရဲ့ ရက်စက်တဲ့ စစ်ရာဇဝတ်တွေကျူးလွန်ခဲ့တာ ထုတ်ဖော်ပြသတဲ့ ပြပွဲပြတိုက်တစ်ခုကို တည်ထောင်ခဲ့ပါတယ်။
နှစ်ဆယ်ရာစုမှာ ဗီယက်နမ်စစ်ပွဲဟာ အဆိုးရွားဆုံး ပဋိပက္ခတွေထဲကတစ်ခုဖြစ်ပါတယ်။ အရပ်သား နှစ်သန်းကျော် သေဆုံးခဲ့ရပြီး လူသုံးသန်းကျော် ဒုက္ခသည်တွေဖြစ်ခဲ့ရပါတယ်။ စစ်ပြီးတာ နှစ်ပေါင်း ၅၀နီးပါးခန့်ရှိလာပေမယ့် ဗီယက်နမ်စစ်ပွဲရဲ့ စစ်ပြန်ကြီးတွေအဖို့ ရက်စက်ကြမ်းကြုတ်တဲ့ ဒီစစ်ပွဲရဲ့ ဒဏ်ရာဒဏ်ချက်တွေဟာ အကင်းမသေသေးဘဲရှိနေပါတယ်။
တွန်ကင်ပင်လယ်ကွေ့မှာ ၁၉၆၄ခုနှစ်တုန်းက အမေရိကန်စစ်သင်္ဘောတစ်စီးကို ဗီယက်နမ် ဒီမိုကရက်တစ်သမ္မတနိုင်ငံရဲ့ တော်ပီဒိုသင်္ဘောတွေကနေ တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်သမ္မတ လင်ဒွန်ဂျွန်ဆင်က ပြောခဲ့ပါတယ်။ အဲဒီနောက် အမေရိကန်စစ်တပ်ဟာအဲဒီကိစ္စကိုအကြောင်းပြုပြီး ဗီယက်နမ်မြောက်ပိုင်းကို တိုက်ခိုက်မှုတွေစတင်ခဲ့ပါတော့တယ်။
၁၉၄၃ ခုနှစ်မှာ မွေးဖွားတဲ့ လမ်ဗန်ဘန်ဟာ အမေရိကန်တို့ကျူးကျော်မှုစတင်ပြီး မကြာမီမှာပဲ တပ်ထဲဝင်ခဲ့ပါတယ်။ယခု ဟနွိုင်းမြို့ ဖူချန်မှာနေထိုင်တဲ့ လမ်ဟာ သူ့ရဲ့အိမ်ဟောင်းမှာ မနက်တိုင်း စစ်ပွဲမှာ ကျရှုံးခဲ့တဲ့ သူ့ရဲဘော်ရဲဘက်တွေကို တိတ် ဆိတ်စွာနှင့် ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။ အဲဒီနောက် ဗီယက်နမ်စစ်ပွဲအတွင်း ရက်စက်ကြမ်းကြုတ်မှုတွေကို သတိပြုမိကြစေဖို့အတွက် အိမ်ဟောင်းကို ပြတိုက်အဖြစ် အသွင်ပြောင်းခဲ့ခြင်းဖြစ်ပါတယ်။
Source CCTV Plus
Page 824 of 929