Published 2 June 2022
ရိုင်ဖယ်သေနတ်ကိုင်ဆောင်ထားတဲ့ အမျိုးသားတစ်ဦးဟာ အိုကလာဟိုမားပြည်နယ် တူလ်ဆာမြို့က ဆေးရုံတစ်ရုံကို ဇွန်(၁)ရက်က ဝင်ရောက်ပစ်ခတ်လို့ လူလေးဦးသေဆုံးသွားပါတယ်။အဲဒီနောက်သူ့ကိုယ်သူလည်းပစ်သတ်သွားတယ်လို့ ရဲတွေက ပြောပါတယ်။ ရဲအရာရှိတွေဟာ အခင်းဖြစ်ပွားရာကို ချက်ခြင်းသွားရောက်ပြီး လူတွေအန္တရာယ်ထပ်မဖြစ်အောင် ဆောင်ရွက်ပေးခဲ့တယ်လို့လည်းရဲကဆိုပါတယ်။
ဆေးရုံတည်ရှိရာ နာတာလီအဆောက်အအုံ ဒုတိယထပ်မှာသေနတ်သံကြားရပြီးနောက် ဖုန်းနှင့် တိုင်တန်းမှုရရှိပြီးနောက် သုံးမိနစ်အကြာမှာ ရဲတွေဟာ စိန့် ဖရန်စစ်ဆေးရုံကို ရောက်ရှိလာကြပါတယ်လို့ တူလ်ဆာ ဒုတိယရဲမှူး အီရစ် ဒယ်လ်ဂလက်ရှ်က သတင်းထောက်တွေကိုပြောပါတယ်။
သံသယတရားခံဘယ်သူဆိုတာကို သူတို့ကြိုးစားစိစစ်နေတယ်လို့ရဲကပြောပြီး သူဟာ အသက် ၃၅နှစ်နှင့် ၄၀ကြားရှိသူလို့လည်း ပြောပါတယ်။
နာတာလီအအောက်အအုံမှာ ဆရာဝန်ရုံးခန်းတွေနှင့် အရိုးရောဂါကုဌာနလည်းထားရှိပါတယ်။ အသတ်ခံရသူတွေဟာ ဝန်ထမ်းတွေနှင့် လူနာတွေလို့ သူယုံကြည်တယ်လို့ ရဲအရာရှိကပြောပါတယ်၊
ယခုဖြစ်ရပ်ကို သမ္မတဘိုင်ဒင်ထံ တင်ပြခဲ့ပြီး တူလ်ဆာကို အကူအညီပေးဖို့ ပြည်နယ် နှင့်ဒေသရဲတွေပံ့ပိုးထားတယ်လို့ အိမ်ဖြူတော်ကပြောပါတယ်။
တူလ်ဆာဟာ အိုကလာဟိုးမားမြို့ရဲ့ အရှေ့မြောက် မိုင်၁၀၀ခန့်အကွာမှာရှိပြီး လူပေါင်း လေးသိန်းတစ်သောင်းတစ်ထောင်ခန့် နေထိုင်ပါတယ်။
Source Reuters
#WorldDevelopment
Published 1 June 2022
စစ်ပွဲပဋိပက္ခများ အစဉ်မပြတ်ဖြစ်ပွားနေခဲ့တဲ့ လစ်ဗျားနိုင်ငံ ထရစ်ပိုလီမြို့တော်မှာ လူငယ်များအပန်းဖြေဆော့ကစားနိုင်ရန် ပထမဆုံးစကိတ်စီးကွင်းကို ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။
#Yangon_Media_Group
Published 1 June 2022
အိမ်နီးချင်းမလေးရှားနိုင်ငံက စင်ကာပူကို တစ်လ တစ်လ တင်ပို့နေတဲ့ ကြက်သားကောင်ရေ ၃.၆သန်းကို ရပ်နားထားမယ်လို့ ဗုဒ္ဓဟူးနေ့က ကြေညာလိုက်တဲ့အတွက် စင်္ကာပူနိုင်ငံသားတွေ မပျော်မရွှင်နေကြရပါတယ်။
ပြည်တွင်းမလုံလောက်မှုနှင့် ငွေကြေးဖောင်းပွမှုကိုထိန်းသိမ်းချင်လို့ မလေးရှားက ကြက်သားတင်ပို့မှုကို ယခုလိုရပ်နားလိုက်ခြင်း ဖြစ်ပါတယ်။
မျှော်လင့်မထားတဲ့ မလေးရှားရဲ့လုပ်ရပ်ကြောင့် စင်ကာပူမှာ အံ့အားသင့်ပြီး ထိန်လန့်မှုတွေဖြစ်ကုန်ပါတယ်။ နိုင်ငံပိစိကွေးလေးဖြစ်တဲ့ စင်ကာပူဟာ သူ့ထက်ပိုကြီးတဲ့ အိမ်နီးချင်းမလေးရှားကနေ အစားအစာတွေ အများကြီးတင်ပို့နေရတာပါ။ အဲဒီအထဲမှာ ပြည်တွင်းသုံးစွဲတဲ့ ကြက်သားသုံးပုံတစ်ပုံကို မလေးရှားက တင်သွင်းနေတာပါ။
Source AFP
#DailyNews
Published - 1 June 2022
၁။ စက်သုံးဆီဈေးကြီးခြင်း၊ ဝယ်ယူရခက်ခဲခြင်း၊ ခရီးသည်ရှားပါးခြင်းကြောင့် ရန်ကုန်ကအငှားယာဉ်အချို့ရပ်နားရ
၂။ ပဲခူးမြစ်အတွင်းဖြစ်ထွန်းနေသည့် ရေလယ်ကျွန်းကို အပန်းဖြေစခန်းဖွင့်ရန် တင်ပြထား
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ပထမဆုံးစကိတ်စီးကွင်း လစ်ဗျားတွင်ဆောက်လုပ်ဖွင့်လှစ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#WorldEconomy
Published 1 June 2022
စရိတ်ဈေးနှုန်းများအဆက်မပြတ်မြင့်တက်လာမှုကို ဖြေရှင်းရန်အတွက် အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒန်'နဲ့ ဖက်ဒရယ်ဗဟိုဘဏ်ဥက္ကဌတို့ အင်္ဂါနေ့ကတွေ့ဆုံကာ ငွေကြေးဖောင်းပွမှု တိုက်ဖျက်ရေးဗျူဟာရေးဆွဲခဲ့ကြပါတယ်။
အခုနောက်ပိုင်း နိုင်ငံရဲ့စီးပွားရေးကံကြမ္မာနဲ့ နိုင်ငံရေးအလားအလာတွေက ဗဟိုဘဏ်အပေါ်များစွာမှီခိုလာရတဲ့ အခြေအနေ ဖြစ်နေပါတယ်။
'ဘိုင်ဒန်'က ဓာတ်ဆီဈေးနှုန်း၊ ကုန်စည်ဈေးနှုန်းနဲ့ အခြားဈေးနှုန်းများ မြင့်တက်လာမှုအပေါ် ပြည်သူတွေရဲ့စိုးရိမ်မှုကို အလေးထားဆောင်ရွက်နေကြောင်း မဲဆန္ဒရှင်တွေရှေ့မှောက်မှာဖော်ပြချင်နေပြီး ဗဟိုဘဏ်အနေနဲ့လည်း နိုင်ငံရေးဖိအားအောက်မှကင်းလွတ်စွာ လုပ်ဆောင်နိုင်ရမယ်လို့ အခိုင်အမာဆို နေဆဲဖြစ်ပါတယ်။
'ဘိုင်ဒန်'ရဲ့သဘောထားကဲ့သို့ပဲ ဗဟိုဘဏ်ကလည်း အမေရိကန်စီးပွားရေးဆုတ်ယုတ်မှုမဖြစ်စေဘဲ ငွေကြေးဖောင်းပွမှုကိုအရှိန်လျော့အောင်လုပ်ဆောင်ချင်နေပြီး လုံးဝအထိခိုက်မခံတဲ့အစီအစဉ်အဖြစ် လာမယ့်နွေရာသီမှာ အတိုးနှုန်းတိုးမြှင့်ဖို့လည်း ပါဝင်နေပါတယ်။
အရင်သမ္မတတွေကြိုးပမ်းခဲ့ဖူးတဲ့လမ်းစဉ်ကိုတော့ လုပ်ဆောင်သွားမှာမဟုတ်ဘူးလို့ 'ဘိုင်ဒန်'ကဆိုပါတယ်။
ဓာတ်ငွေ့နဲ့ စားသောက်ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်းက အမေရိကန်အများစုကို မကျေမနပ်ဖြစ်စေကာ ကြားဖြတ်ရွေးကောက်ပွဲပြုလုပ်ရဖို့ တွန်းအားဖြစ်လာနိုင်ပြီး အောက်လွှတ်တော်နဲ့အထက်လွှတ်တော်ကို ထိန်းချုပ်ထားတဲ့ ဒီမိုကရက်တွေအတွက် အန္တရာယ်ရှိလာတဲ့အနေအထားဖြစ်ပါတယ်။
'ဘိုင်ဒန်'ကိုယ်တိုင်၌က ရွေးချယ်စရာမရှိဖြစ်လာပြီး အရင်က ဗျူဟာမြောက်အရန်ရေနံထုတ်လွှတ်ခြင်း၊ ဆိပ်ကမ်းလည်ပတ်မှုတိုးတက်ရေးနဲ့ ဈေးနှုန်းဖြတ်တောက်မှု စုံစမ်းစစ်ဆေးရန်ခေါ်ဆိုမှုတွေမှာ ကျေနပ်ရလောက်တဲ့ အခြေအနေမျိုး မရရှိခဲ့ပါဘူး။
ဈေးနှုန်းများမြင့်တက်လာတဲ့ဖြစ်စဉ်က အလုပ်လက်မဲ့ဦးရေ ၃.၆ ရာခိုင်နှုန်းလျော့နည်းသွားအောင် စွမ်းဆောင်နိုင်ခဲ့တဲ့လုပ်ရပ်အပေါ် လွှမ်းမိုးသွားခဲ့ပြီး အမေရိကန်တွေအကြား အဆိုးမြင်စိတ်တွေတိုးများလာပါတယ်။
အင်္ဂါနေ့ကဆွေးနွေးမှုဟာ ဗဟိုဘဏ်ကိုဦးဆောင်ရန် နိုဝင်ဘာလက'ပါဝဲလ်'ကို 'ဘိုင်ဒန်'ခန့်အပ်တာဝန်ပေးပြီးနောက် ပထမဆုံးတွေ့ဆုံမှုဖြစ်ခဲ့ပါတယ်။
အမေရိကန်မှာ ကပ်ရောဂါပျံ့ပွားချိန်ကာလမှာ ငွေကြေးဖောင်းပွမှုက ကုန်ကြမ်းပစ္စည်းထောက်ပံ့မှုပြဿနာကြောင့် ခဏတာခံစားရတာဖြစ်တယ်လို့ ဗဟိုဘဏ်နဲ့ အိမ်ဖြူတော်တိုက အစပိုင်းမှာဖော်ပြခဲ့ကြပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း 'ဘိုင်ဒန်'က ကိုရိုနာဗိုင်းရပ်စ်ထူထောင်ရေးအတွက် ဒေါ်လာ ၁.၉ ထရီလီယံထောက်ပံ့ခဲ့ရာ စီးပွားရေးကဏ္ဍထဲသို့ ငွေအမြောက်အများစီးဆင်းသွားပြီး ငွေကြေးဖောင်းပွမှု ပိုဖြစ်စေတယ်လို့ ရီပတ်ဘလစ်ကန်ဥပဒေအမတ်များက အလျင်စလိုဝေဖန်ခဲ့ပါတယ်။
မမျှော်လင့်တဲ့ရိုက်ခတ်မှုကြီးတွေနဲ့ ထောက်ပံ့ရေးပိတ်ဆို့မှုများက စီးပွားရေးပေါ်မှာ ဘယ်လိုသက်ရောက်လာမလဲဆိုတာကို အပြည့်အဝနားမလည်ဘူးလို့ ဘဏ္ဍာရေးဝန်ကြီး'ဂျဲနတ်ယဲလန်'က CNN ကို အင်္ဂါနေ့ကပြောကြားခဲ့ပါတယ်။
ငွေကြေးဖောင်းပွမှု အတိုင်းအတာက အလယ်အလတ်လောက်သာရှိနေပေမယ့် ဗဟိုဘဏ်ရဲ့ယခုနှစ်ကုန်အထိခန့်မှန်းချက် ၂ ရာခိုင်နှုန်းထက်တော့ အတော်ကိုများပြားနေခဲ့ပါတယ်။
ဥရောပသမဂ္ဂက ရုရှားရေနံဝယ်ယူမှု ၉၀ ရာခိုင်နှုန်းကိုဖြတ်တောက်ဖို့ သဘောတူခဲ့ကြတာကြောင့် ဓာတ်ငွေ့ဈေးနှုန်းတွေဆက်လက်မြင့်တက်နေမယ်လို့ မျှော်မှန်းရပါတယ်။
ဒါကြောင့် အီးယူအနေနဲ့ အခြားနေရာတွေမှ ရေနံတွေပိုမိုဝယ်ယူရဖို့ရှိနေပြီး အင်္ဂါနေ့က ရေနံတစ်စည်ကို ၁၁၅ ဒေါ်လာအထိရှိလာပါပြီ။
"ကျွန်တော့်အရင်က သမ္မတတွေက ဗဟိုဘဏ်ကိုချုပ်ကိုင်ဖို့ကြိုးစားခဲ့ပေမယ့် ကျွန်တော်ကတော့အဲဒီလိုမလုပ်ပါဘူး၊ ဒီအဖွဲ့အစည်းကို ဦးဆောင်ဖို့အတွက် ပါတီနှစ်ခုစလုံးက အရည်အချင်းပြည့်မီတဲ့သူတွေကို ခန့်အပ်ထားပါတယ်၊ ငွေကြေးဖောင်းပွမှုတိုက်ဖျက်ဖို့က အခုအချိန်မှာ အရေးကြီးဆုံး စီးပွားရေးစိန်ခေါ်မှုဖြစ်ကြောင်း သူတို့ရဲ့အကဲဖြတ်သုံးသပ်မှုကို သဘောတူပါတယ်" လို့ 'ဘိုင်ဒန်'ကပြောကြားခဲ့ပါတယ်။
ဖေဖော်ဝါရီလက ရုရှားသမ္မတ'ပူတင်'က ယူကရိန်းကိုကျူးကျော်ဖို့ အမိန့်ပေးခဲ့ပြီးနောက် စွမ်းအင်နဲ့စားနပ်ရိက္ခာဈေးနှုန်းများ ခုန်တက်သွားကာ တစ်ကမ္ဘာလုံးမှာစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
တချိန်တည်းမှာပဲ တရုတ်ပြည်ရဲ့ ကိုရိုနာဗိုင်းရပ်စ်လော့ဒေါင်းတွေကြောင့် ကုန်ကြမ်းပစ္စည်းထောက်ပံ့ရေးလည်း ပိုမိုခက်ခဲလာခဲ့ပါတယ်။
ဒါကြောင့် ဥရောပသမဂ္ဂမှာ စံချိန်တင်ငွေကြေးဖောင်းပွခြင်းနဲ့ စီးပွားရေးဆုတ်ယုတ်မှုဖြစ်ပေါ်လာပြီး လောင်စာဆီတစ်ဂါလန်ကို ၄.၆၂ ဒေါ်လာရှိလာတာကြောင့် ပိုမိုစိတ်ပျက်နေကြရပါတယ်။
Source: AP News
#Yangon_Media_Group
#WorldHealth
Published 1 June 2022
အသည်းရောင်အသားဝါ-အေ ရောဂါပျံ့ပွားနေမှုအတွင်း လတ်ဆတ်တဲ့အော်ဂဲနစ်စတော်ဘယ်ရီတွေနဲ့ ဆက်စပ်နေသလားဆိုတာကို အမေရိကန်အစားအစာနဲ့ဆေးဝါးကွပ်ကဲရေး(FDA)က စုံစမ်းစစ်ဆေးနေပါတယ်။
အချို့ပြည်နယ်တွေမှာ ရောဂါဖြစ်ပွားနေတယ်လို့ FDA က စနေနေ့ကထုတ်ပြန်သတိပေးထားပြီး ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ(CDC), ကနေဒါ ပြည်သူ့ကျန်းမာရေးအေဂျင်စီနဲ့ ကနေဒါအစားအစာစစ်ဆေးရေး အေဂျင်စီတိုနဲ့ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ကြေညာခဲ့ပါတယ်။
လက်ရှိအချိန်အထိ အသက်သေဆုံးသူမရှိသေးပေမယ့် ကယ်လီဖိုးနီးယား၊ မင်နီဆိုတာ၊ ကနေဒါတို့မှာ ရောဂါဖြစ်ပွားသူ ၁၇ ဦးနဲ့ ဆေးရုံတက်ကုသခံယူရသူ ၁၂ ဦးတွေ့ရှိထားပါတယ်။
အမေရိကန်နဲ့ကနေဒါတို့မှာ ဖြစ်ပွားနေတဲ့ရောဂါတွေဟာ FreshKampo နဲ့ HEB အမှတ်တံဆိပ်တို့ဖြင့်ထုတ်လုပ်တဲ့ လတ်လတ်ဆတ်ဆတ်အော်ဂဲနစ်စတော်ဘယ်ရီများနဲ့ ဆက်စပ်နေနိုင်ပါတယ်။
၂၀၂၂ မတ်လ ၅ ရက်နေ့မှ ဧပြီ ၂၅ ရက်အတွင်းဝယ်ယူထားတဲ့ FreshKampo နဲ့ HEB အမှတ်တံဆိပ်ပါ အော်ဂဲနစ်စတော်ဘယ်ရီတွေနဲ့ အေးခဲပြီးသိမ်းဆည်းထားတဲ့ စတော်ဘယ်ရီတွေကို စားသုံးရောင်းချခြင်းမပြုဖို့ FDA က ကြေညာထားပါတယ်။
ရောဂါဖြစ်နိုင်ချေနဲ့ဆက်စပ်နေတဲ့ စတော်ဘယ်ရီတွေကို Aldi, H-E-B, Kroger, Safeway, Sprouts Farmers Market, Trader Joe’s, Walmart, Weis Markets နဲ့ WinCo Foods အရောင်းဆိုင်တွေမှာ ရောင်းချခဲ့တာဖြစ်ပါတယ်။
ကယ်လီဖိုးနီးယား၊ မင်နီဆိုတာ၊ ကနေဒါတို့မှာ မတ်လ ၂၈ နဲ့ ဧပြီ ၃၀ ရက်ကြားအတွင်း ရောဂါလက္ခဏာစတင်ပေါ်ပေါက်လာခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြပါတယ်။
အသည်းရောင်အသားဝါ-အေရောဂါ ဖြစ်ပွားတဲ့လက္ခဏာခံစားလာရရင် ကျန်းမာရေးစောင့်ရှောက်မှုများထံ ဆက်သွယ်ဖို့ FDA က မှာကြားထားပါတယ်။
ဒီရောဂါက အလွန်ကူးစက်တတ်တဲ့ရောဂါဖြစ်ပြီး အသည်းရဲ့လုပ်ဆောင်ချက်တွေကို ထိခိုက်စေပါတယ်။
ဖြစ်တတ်တဲ့ရောဂါလက္ခဏာတွေက အသားဝါခြင်း၊ မျက်လုံးဝါခြင်း၊ အစာအိမ်မအီမသာဖြစ်ခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်နာခြင်း၊ ဖျားနာခြင်း၊ ဆီးမည်းသွားခြင်း၊ ဝမ်းလျှောခြင်း၊ အဆစ်အမြစ်ကိုက်ခဲခြင်းမှား ဖြစ်တတ်ပါတယ်။
Source:NYPost
#Yangon_Media_Group
#WorldHealth
Published 1 June 2022
အသက် ၁၈ နှစ်မှ ၆၄ နှစ်ကြားရှိ ကိုဗစ်ရောဂါဖြစ်ပွားဖူးသူ ၅ ဦးမှာ ၁ ဦးနှုန်းက ကိုဗစ်နောက်ဆက်တွဲလက္ခဏာအနည်းဆုံး ၁ မျိုးခံစားရတတ်ပြီး အနည်းဆုံးအသက် ၆၅ နှစ်ရှိလူကြီး ၄ ဦးမှာ ၁ဦးနှုန်းကလည်း အလားတူလက္ခဏာမျိုးခံစားရတတ်ကြောင်း အမေရိကန်ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ(CDC)က လေ့လာချက်တစ်ခုကိုဖော်ပြခဲ့ပါတယ်။
ကိုဗစ်ရောဂါပိုးရှိနေပြီးသားသူတွေမှာတော့ အသက်ရှူလမ်းကြောင်းပြဿနာနဲ့ အဆုတ်သွေးကြောပိတ်ခြင်းတို့ ဖြစ်နိုင်ချေ နှစ်ဆရှိနေကြောင်းလည်း ပါဝင်ပါတယ်။
သုတေသီတို့က ၂၀၂၀ မတ်လမှ ၂၀၂၁ နိုဝင်ဘာလအထိ အသက် ၁၈ နှစ်နဲ့အထက်လူတွေရဲ့ကျန်းမာရေးအချက်အလက်များကိုရယူကာ ကိုဗစ်ရောဂါဖြစ်ခဲ့ဖူးသူတွေမှာ နောက်ဆက်တွဲလက္ခဏာပေါင်း ၂၆ မျိုးတွေ့ရှိခဲ့ရပြီး ကိုဗစ်ရောဂါမဖြစ်ဖူးသူတွေနဲ့ နှိုင်းယှဉ်ခဲ့ကြပါတယ်။
နောက်ဆက်တွဲလက္ခဏာမတွေ့မချင်း တစ်လကနေ တစ်နှစ်အထိ စောင့်ကြည့်လေ့လာခဲ့ကြပါတယ်။
အသက် ၁၈ နှစ်နဲ့အထက်လူနာ ၃၈ ရာခိုင်နှုန်းက ကိုဗစ်နောက်ဆက်တွဲလက္ခဏာများခံစားရကြောင်း တွေ့ရှိရပါတယ်။
တွေ့ရှိရတဲ့လက္ခဏာတွေထဲမှာ ကိုယ်တွင်းအင်္ဂါစနစ်အများအပြားပါဝင်နေပြီး သွေးကြောဆိုင်ရာပြဿနာ၊ ကျောက်ကပ်၊ ဂလင်း၊ အစာအိမ်နှင့်အူလမ်းကြောင်း၊ အရိုးနှင့်ကြွက်သား၊ နှလုံးသွေးကြော၊ အဆုတ်၊ အာရုံကြော၊ စိတ်ရောဂါပြဿနာတို့ဖြစ်ပါတယ်။
ဒါ့အပြင် အသက် ၁၈ မှ ၆၄ နှစ်ကြားလူနာ ၃၅.၄ ရာခိုင်နှုန်းကလည်း ကိုဗစ်နောက်ဆက်တွဲလက္ခဏာများခံစားရပြီး အသက် ၆၅ နှစ်နဲ့အထက်လူနာတွေမှာတော့ ၄၅.၄ ရာခိုင်နှုန်းဖြစ်ပွားခဲ့ပါတယ်။
အဆိုပါလေ့လာချက်တွေအရ SARS-CoV-2 ဗိုင်းရပ်စ်ကူးစက်ခံရဖူးသူတွေက မကူးစက်ခံရဖူးသူတွေထက် နောက်ဆက်တွဲလက္ခဏာဖြစ်ပေါ်နိုင်ချေ သိသိသာသာများပြားနေပါတယ်။
ကိုဗစ်နောက်ဆက်တွဲလက္ခဏာများဖြစ်ပေါ်မှုလျှော့ချနိုင်ရန် အထူးသဖြင့်အသက် ၆၅ နှစ်အထက်လူကြီးတွေမှာလျှော့ချနိုင်ရန်အတွက် ရောဂါရှိသူများကို ပုံမှန်အကဲဖြတ်စစ်ဆေးခြင်းမျိုးပြုလုပ်ပြီး ကိုဗစ်ကာကွယ်ရေးအစီအစဉ်များကျယ်ကျယ်ပြန့်ပြန့်ချမှတ်ဖို့ အရေးကြီးကြောင်း ညွှန်ပြနေပါတယ်။
Source: The Jerusalem Post.
#Yangon_Media_Group
Page 811 of 929