၂၀ စက်တင်ဘာ ၂၀၂၄
မလေးရှားနိုင်ငံအတွင်းသို့ နိုင်ငံခြားအလုပ်သမားတွေ တရားမဝင်ခိုးသွင်းတဲ့ ဂိုဏ်းနှင့် ချိတ်ဆက် ဆောင် ရွက်ကြတဲ့ အကြီးတန်းလူဝင်မှုကြီးကြပ်ရေးအရာရှိတစ်ဦး အပါအဝင် မလေးရှားလူဝင်မှုကြီးကြပ်ရေး အရာရှိ ဒါဇင်ကျော်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဌာနက ဖမ်းဆီးလိုက်ပါတယ်။
အသက်၄၀ ဝန်းကျင်ရှိ အဲဒီလဝက အကြီးတန်းအရာရှိဟာ ကွာလာလမ်ပူနိုင်ငံတကာလေဆိပ်က လဝက ရဲ့ စာရွက်စာတမ်းအထောပ်အထားမပြည့်စုံဝင်ရောက်လာသူတွေအတွက် သီးခြားတန်းစီလမ်းကြောင်း ကို နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့ ဆရာကြီးဖြစ်ပါတယ်လို့ မလေးရှား အဂတိလိုက်စားမှု တိုက်ဖျက် ရေး ကော်မရှင်အကြီးအကဲ အာဇမ်ဘာကီက စက်တင်ဘာ ၁၈ ရက်က ပြည်တွင်းမီဒီယာတွေကို ထုတ်ဖော်ပြောကြားပါတယ်။
“ သူဟာ လဝက အရာရှိ ၅၀ ခန့်ကို ဩဇာညောင်းတယ်။ သူက လဝကမှာ အလုပ်လုပ်တာ နှစ်၂၀ လောက်ရှိပြီ” လို့ မစ္စတာ အာဇမ်က ပြောပါတယ်။ သူနှင့် အရာရှိတော်တော်များများ ထွက်ပြေးဖို့ကြိုးစား ခဲ့ပြီးနောက် သူ့ကို စက်တင်ဘာ ၅ ရက် ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့လည်း သူကဆက်ပြောပါတယ်။
“ သူဟာ အရာရှိတွေကို လာဘ်ငွေတွေ ခွဲပေးခဲ့သူဖြစ်တယ်လို့ယုံကြည်ရတယ်” လို့ သူကပြောပါတယ်။
လွန်ခဲ့တဲ့ခြောက်လခန့်ကစပြီး အဲဒီကိစ္စနှင့်ပတ်သက်လို့ သတင်းအချက်အလက်တွေ စတင်ရယူစုဆောင်းခဲ့တယ်လို့လည်း သူကပြောပါတယ်။
“ ဒီကနေ့အထိ လဝကအရာရှိ ၄၉ ဦး၊ ရဲတစ်ဦးနှင့် ပွဲစားနှစ်ဦး ပြီးတော့ ဘဏ်အကောင့်တွေပေးခဲ့တဲ့ လူ (၈)ဦးတို့ကိုဖမ်းဆီးရမိထားပါတယ်” လို့ အဂတိတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌက ဆက်ပြောပါတယ်။
စစ်ဆင်ရေးသုံးခုအတွင်းမှာ ငွေသား မလေးရှားရင်းဂစ် တစ်သန်း(အမေရိကန်ဒေါ်လာ ၂၃၄,၀၀၀) ငွေသား၊ ယာဉ်တွေ၊ လက်ဝတ်ရတနာနှင့်ရွှေတွေ သိမ်းဆည်းမိတယ်လို့လည်း သတင်းများကရေးပါ တယ်။
“စုစုပေါင်း မလေးရှားရင်းဂစ် သုံးသန်းကျော်ရှိနေတဲ့ ဘဏ်အကောင့် ၂၁၅ခုကိုလည်း ထိန်းချုပ်ထား ပါတယ်” မစ္စတာအာဇမ်ကပြောပါတယ်။ အဲဒီအကောင့်တွေဟာ လဝကအရာရှိတွေနှင့် ဂိုဏ်းအတွက် အလုပ်လုပ်ပေးတဲ့ ပွဲစားတွေပိုင်တဲ့အကောင့်တွေဖြစ်ပါတယ်။
သူတို့ဟာ မြန်မာ၊ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ပါကစဖ်စတန်နှင့် နီပေါနိုင်ငံတွေက သူတွေ မလေးရှားထဲ ခိုးသွင်းပေးခဲ့သူတွေဖြစ်ပါတယ်။
ရတဲ့ လာဘ်ငွေတွေကို လဝကအရာရှိတွေတစ်ဦးချင်းစီရဲ့ ကုတ်သင်္ကေတအမှတ်တွေကိုပေးပို့ပါတယ်။ ငွေက နိုင်ငံအလိုက်ပေါ်မူတည်ပေးတာလို့လည်းပြောပါတယ်။ အရာရှိတွေဟာ နိုင်ငံခြားသားတစ်ဦး ချင်းစီအတွက် မလေးရှားရင်းဂစ် ၁၀၀ကနေ ၂၅၀၀ အကြားရရှိကြတာဖြစ်ပါတယ်။
“အရာရှိတွေက ဝင်လာမယ့်နိုင်ငံခြာသားကို ဘယ်ကောင်တာဝင်ဆိုပြီး ကြိုသတင်းပေးထားခဲ့တယ်။ အဲဒီနောက် ပွဲစားတွေက အဲဒီနိုင်ငံခြားသားကို နောက်ဆုံးသွားမယ့်နေရာအထိ လိုက်ပို့ပေးတယ်” လို့ မစ္စတာ အာဇမ်ကပြောပါတယ်။
“ ဒီလိုလုပ်ရပ်မျိုးကိုဟန့်တားနိုင်ဖို့အတွက် ကွာလာလမ်ပူနိုင်ငံတကာလေဆိပ်မှာ တာဝန်ကျနေတဲ့ အရာရှိတွေကို တာဝန်ချိန်အတွင်း မိုဘိုင်းဖုန်းအသုံးပြုတာတွေခွင့်မပြုဖို့လည်း သူက အဆိုပြုခဲ့ပါတယ်။
ဘယ်အရာရှိကို ဘယ်ကောင်တာမှာထားမယ်ဆိုတာကိုလည်း သူတို့တွေ ကောင်တာဇုံကို ရောက်လာ ပြီး မှ သတ်မှတ်ဖို့သင့်တယ်။ ပြီးတော့ အဲသလိုတာဝန်ချတာကိုလည်း အခြားအဖွဲ့တစ်ဖွဲ့ကလုပ်သင့်တယ်” လို့ သူကအကြံပြုထားပါတယ်။
Source CNA
#World_News
Published 20 September 2024
▪️ အနောက်တိုင်းနိုင်ငံများအနေနဲ့ ယူကရိန်းကို ယင်းတို့ရဲ့ အဝေးပစ်လက်နက်များ အသုံးပြုစေပြီး ရုရှားနိုင်ငံထဲသို့ ပစ်ခတ်ဖို့ ခွင့်ပြုပါက နျူကလီးယားစစ်ပွဲ ဖြစ်လာလိမ့်မယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ နီးစပ်တဲ့ မဟာမိတ်တစ်ဦးက ကြာသပတေးနေ့မှာ သတိပေးလိုက်ပါတယ်။
▪️ ဒီလိုမျိုး ယူကရိန်းကို ခွင့်ပြုချက်ပေးရန် ဥရောပပါလီမန်က ဥရောပသမဂ္ဂ နိုင်ငံတွေကို တိုက်တွန်းဖို့ မဲပေးတဲ့ကိစ္စကို ရုရှားအောက်လွှတ်တော်ဥက္ကဌနဲ့ ပူတင်ရဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင်ဖြစ်တဲ့ ဗီယာချက်စ်လက်ဗ်ဗိုလိုဒင်က တုန့်ပြန်ပြောကြားလိုက်တာ ဖြစ်ပါတယ်။
▪️ ဥရောပပါလီမန်က နျူကလီးယားလက်နက်တွေ ပါဝင်တဲ့ ကမ္ဘာစစ်ဖြစ်လာအောင် တောင်းဆိုနေတာ ဖြစ်တယ်လို့ ဗိုလိုဒင်က တယ်လီဂရမ်မှာ ရေးသားခဲ့ပါတယ်။
▪️ ပြီးခဲ့တဲ့ ရက်သတ္တပတ်က ပူတင်ကလည်း အနောက်တိုင်းအနေနဲ့ ယူကရိန်းကို ယင်းတို့တာဝေးပစ် လက်နက်များဖြင့် ရုရှားမြေထဲသို့ ပစ်ခွင့်ပြုပါက ရုရှားနဲ့ တိုက်ရိုက်ရင်ဆိုင်ရလိမ့်မယ်လို့ သတိပေးခဲ့ပါသေးတယ်။
▪️ ၁၉၆၂ ကျူးဘားဒုံးကျည်ပြဿနာ နောက်ပိုင်း ယူကရိန်းစစ်ပွဲကြောင့် ရုရှားနဲ့ အနောက်တိုင်းတို့ကြား အကြီးမားဆုံး ရင်ဆိုင်မှုကြီး ဖြစ်လာပါတယ်။
▪️ ပူတင်က ဘောင်ကျော်ပြီး ပြောဆိုတာများခဲ့ပေမယ့် အနောက်တိုင်းက တင်းမာမှုမမြင့်လာအောင် ထိန်းသိမ်းထားတယ်လို့ နေတိုး(NATO)အကြီးအကဲ ယန်းစ်စတိုလ်တန်ဘာ့ဂ်က The Times သတင်းစာကို ပြောခဲ့ပါတယ်။
▪️ ကြာသပတေးနေ့က ကျင့်သုံးလိုက်တဲ့ စည်းမျဉ်းတစ်ခုမှာ ဥရောပပါလီမန်က ယူကရိန်းအနေနဲ့ ရုရှားနယ်မြေထဲမှ စစ်ရေးပစ်မှတ်များကို ပစ်ခတ်နိုင်ရန် အနောက်တိုင်းလက်နက်များ အသုံးပြုခွင့် ကန့်သတ်ချက်များကို ချက်ချင်းဖြေလျှော့ပေးရန် ဥရောပသမဂ္ဂနိုင်ငံများကို တောင်းဆိုလိုက်ပါတယ်။
▪️ ဗိုလိုဒင်က "ဒီလိုမျိုးဖြစ်လာရင် ရုရှားက စွမ်းအားမြင့်လက်နက်များဖြင့် တုန့်ပြန်မှာပါ။ မဖြစ်နိုင်ဘူး မထင်ပါနဲ့" လို့ ပြောသွားပါတယ်။
▪️ ရုရှားတို့ရဲ့ RS-28 ဆာမတ် တိုက်ချင်းပစ်ဒုံးကျည်ဖြင့် ဥရောပပါလီမန် ပြုလုပ်တဲ့ စထရက်စ်ဘော့ဂ်သို့ ပစ်ခတ်ရန် အချိန် ၃ မိနစ်နဲ့ စက္ကန့် ၂၀ သာကြာမြင့်တယ်ဆိုတာကို ဥရောပနိုင်ငံတွေ နားလည်သင့်ကြောင်း ပြောသွားပါတယ်။
#Source: Reuters
#World_Health
Published 20 September 2024
▪️ ကိုဗစ်-၁၉ ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇကွဲအားလုံးကို တိုက်ဖျက်နိုင်မယ့် SC27 ပဋိပစ္စည်းတစ်မျိုးကို သုတေသီများ တွေ့ရှိခဲ့ကြပါတယ်။
▪️ ပဋိပစ္စည်းဆိုတာက အန္တရာယ်ပြု ဗိုင်းရပ်စ်တွေ ဘက်တီးရီးယားတွေကို ကူညီတိုက်ထုတ်ပေးဖို့ ကိုယ်ခံအားစနစ်မှ ထုတ်လုပ်လိုက်တဲ့ ပရိုတိန်းတစ်မျိုး ဖြစ်ပါတယ်။
▪️ ခန္ဓာကိုယ်ထဲ ကူးစက်ဝင်ရောက်လာသူတွေကို မှတ်သားထားပြီး ထိုပိုးမွှားများကို တွယ်ဆက်ကာ ချေဖျက်ပေးပြီးတော့ လူကိုဖျားနာခြင်းမှ ကာကွယ်ပေးပါတယ်။
▪️ ကိုရိုနာဗိုင်းရပ်စ်ဖြစ်တဲ့ SARS-CoV-2 က စပိုက်ခ်ပရိုတိန်းကို အသုံးပြုပြီး လူ့ခန္ဓာကိုယ်ဆဲလ်တွေကို ကူးစက်တာဖြစ်ပါတယ်။
▪️ ထိုအခါမှာ ပဋိပစ္စည်းတွေက စပိုက်ခ်ပရိုတိန်းကို ချိတ်ဆက်ပြီး ဗိုင်းရပ်စ်ပျံ့နှံ့ခြင်းမှ ကာကွယ်ပေးပါတယ်။
▪️ သုတေသနအဖွဲ့က ကာကွယ်ဆေးထိုးပြီးနောက် ရောဂါကူးစက်ခဲ့တဲ့ လူနာ ၄ ဦးရဲ့ သွေးရည်ကြည်ထဲမှ SC27 ကို ခွဲထုတ်လိုက်ကြပါတယ်။
▪️ ဒီနောက် SC27 က ကိုဗစ်-၁၉ မျိုးဗီဇကွဲအားလုံးရဲ့ စပိုက်ခ်ပရိုတိန်းကို သိရှိတိုက်ဖျက်တဲ့အတွက် ဗိုင်းရပ်စ် ဆင့်ကဲပြောင်းလဲမှုများကို တိုက်ထုတ်နိုင်မယ့် အရာဖြစ်လာကြောင်း တက္ကဆပ်တက္ကသိုလ်မှ သုတေသီများ ဖော်ပြခဲ့ပါတယ်။
▪️ ဒီတွေ့ရှိမှုကနေ ပိုမိုအားကောင်းတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေနဲ့ ကုသနည်းတွေ ထွက်ပေါ်လာဖို့ မျှော်လင့်ရပါတယ်။
▪️ SARS-CoV-2 လိုမျိုး လျင်မြန်စွာသန္ဓေပြောင်းတဲ့ ဗိုင်းရပ်စ်တွေထံမှ ကာကွယ်နိုင်မယ့် စွယ်စုံရကာကွယ်ဆေး ထုတ်လုပ်ဖို့ ရည်မှန်းချက်အကြောင်းကို ဦးဆောင်သုတေသီ ဝီလီယံဗော့စ်က အလေးပေးပြောသွားပါတယ်။
▪️ ဒါ့အပြင် ကာကွယ်ဆေးထိုးခြင်းရော ရောဂါကူးစက်ခြင်းရောကနေ ရတဲ့ ပေါင်းစပ်ကာကွယ်နိုင်စွမ်းက တစ်မျိုးထဲထက် ပိုမိုကာကွယ်နိုင်စွမ်း ရှိတယ်လို့လည်း ဖော်ပြသွားပါတယ်။
#Source: India Today
#World_Science
Published 20 September 2024
▪️ အံ့ဩဖွယ်ရာ တွေ့ရှိမှုအနေဖြင့် နက္ခတ္တပညာရှင်များဟာ မျက်နှာပြင်မှာ ဓာတ်ငွေ့ပူဖောင်းများ အမြှုပ်ပျံနေတဲ့ ဂြိုဟ်တစ်ခုကို တွေ့ရှိခဲ့ကြပါတယ်။
▪️ R Doradus လို့အမည်ပေးထားတဲ့ ဧရာမဂြိုဟ်နီကြီးဟာ နေထက် အချင်း ၃၅၀ ဆနီးပါးကြီးမားပါတယ်။
▪️ ဆူပွက်နေတဲ့ ဧရာမဂြိုဟ်ကြီးဟာ ကမ္ဘာဂြိုဟ်ကနေဆိုရင် အလင်းနှစ် ၁၈၀ ခန့်ကွာဝေးပြီး ဒိုရေဒို တောင်ပိုင်းနက္ခတ်တာရာမှာ တည်ရှိပါတယ်။
▪️ တကယ့်ဂြိုဟ်တစ်ခုရဲ့ မျက်နှာပြင်မှာ ပူဖောင်းထနေတာကို ပထမဆုံးအကြိမ် မြင်ဖူးတာဖြစ်တယ်လို့ ဦးဆောင်သုတေသီ ဝေါက်တာဗလမ်းမင်းစ်က ဖော်ပြထားပါတယ်။
▪️ ဒီပူဖောင်းတွေကို ALMA မှန်ပြောင်းဖြင့် ဖမ်းယူတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
▪️ ယခင်ကလည်း ဂြိုဟ်တွေပေါ်မှာ ပူဖောင်းထနေတာကို တွေ့ရှိဖူးပေမယ့် ALMA ဖြင့်ကြည့်ရှုရာမှာ လှုပ်ရှားပုံများကို တိတိကျကျ မြင်တွေ့ရပါတယ်။
▪️ နေအရွယ်အစားထက် ၇၅ ဆလောက် ပိုမြင်ရတဲ့အပြင် ဘယ်လောက်မြန်မြန် ရွေ့လျားလဲဆိုတာကိုပါ ပထမဆုံးအနေဖြင့် တွေ့ရှိရတယ်လို့ ဆိုပါတယ်။
▪️ ဖမ်းယူရရှိတဲ့ ပုံရိပ်များအရ ဆူပွက်နေတဲ့ ဓာတ်ငွေ့ပူဖောင်းတွေ ပေါ်လာပြီး မျက်နှာပြင်အောက်သို့ လျင်မြန်စွာ ပျောက်ကွယ်သွားကြပါတယ်။
▪️ ထိုပူဖောင်းတွေဟာ တစ်လတစ်ကြိမ်စက်ဝန်းအတိုင်း ရွေ့လျားနေတာဖြစ်ပြီး နေပေါ်မှာရွေ့လျားတာထက် ပိုမိုမြန်ဆန်နေပါတယ်။
▪️ ဒီလောက်ကွာဝေးတဲ့ ဂြိုဟ်မျက်နှာပြင်ပေါ်က ဖြစ်နေတဲ့အရာတွေကို တိတိကျကျ တွေ့ရှိနိုင်တာဟာ အံ့ဩဖွယ်ရာကောင်းလှတယ်လို့ ဘွဲ့ရသုတေသီ ဘက်ဇက်ဘော့ဂျ်နိုဒီအာဘက်က ပြောသွားပါတယ်။
#Source: WION
အီရတ်၌အမေရိကန်တပ်များ စစ်ရာဇဝတ်မှုများစွာ ကျူးလွန်ခဲ့သည့်အထောက်အထားများထွက်ပေါ်လာ
အမေရိကန် စစ်ရာဇဝတ်မှု အထောက်အထားသစ်များကြောင့် အီရတ်နိုင်ငံ အသိုင်းအဝိုင်းကြား ဒေါသထွက်စရာဖြစ်လာပြီး စစ်ဘေးသင့်နိုင်ငံမှာ နိုင်ငံရပ်ခြားမှ စစ်တပ်များချထားခြင်း အဆုံးသတ်ရန် အပြင်းအထန် တောင်းဆိုလာကြပါတယ်။
#World_Crime
Published 19 September 2024
#အီရတ်၌အမေရိကန်တပ် #စစ်ရာဇဝတ်မှု
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 19 September 2024
၁။ အစားအစာများ အစာအဆိပ်မသင့်အောင်ချက်ပြုတ်ပြီး(၄)နာရီအတွင်း စားသုံးနိုင်အောင် လှူဒါန်းသင့်
၂။ အင်းလေးဒေသရှိ ဟိုတယ်အားလုံးနှင့် နေအိမ်များရေဆက်မြုပ်၊ ဖောင်တော်ဦးအနောက်ဘက်ကျေးရွာအချို့ အကူအညီမရောက်သေး
၃။ ရွှေကျင်မြစ်နှင့် စစ်တောင်းမြစ်ရေကြီးမည်ဖြစ်၍ မြေနိမ့်ပိုင်းနေဒေသခံများသတိပြုနေထိုင်ရန် သတိပေး
၄။ အီရတ်၌အမေရိကန်တပ်များ စစ်ရာဇဝတ်မှုများစွာကျူးလွန်ခဲ့သည့် အထောက်အထားများထွက်ပေါ်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 19 September 2024
▪️ အာဖရိကတောင်ပိုင်း နိုင်ငံတွေမှာ မိုးခေါင်ရေရှားမှုဒဏ် အကြီးအကျယ်ခံနေရပြီး ငတ်မွတ်နေကြရတဲ့ ပြည်သူတွေကို ကျွေးမွေးရန်အတွက် တောရိုင်းဆင် ရာပေါင်းများစွာကို သတ်ဖြတ်သွားမယ့် အစီအစဉ်တွေကို ဇင်ဘာဘွေနဲ့ နမ်မီဘီယာတို့ ကြေညာသွားပါတယ်။
▪️ ဇင်ဘာဘွေက ဆင်ပေါင်း ၂၀၀ ကိုသတ်ပြီး စားစရာလိုအပ်တဲ့ နေရာတွေမှာ ဖြန့်ဖြူးသွားဖို့ ခွင့်ပြုသွားမယ်လို့ တနင်္လာနေ့က ဆိုလိုက်ကာ နမ်မီဘီယာကတော့ ဆင် ၈၃ ကောင်အပါအဝင် တောရိုင်းတိရိစ္ဆာန် ၇၀၀ ကျော်ကို သတ်ဖြတ်သွားမယ်လို့ လွန်ခဲ့တဲ့ ၃ ပတ်က အစီအစဉ် ကြေညာထားပါတယ်။
▪️ လိုအပ်တဲ့နေရာတွေမှာ ဆင်တွေကို အမဲလိုက်ဖို့ ခွင့်ပြုချက်များ ထုတ်ပြန်မှာဖြစ်ပြီး စုစုပေါင်း ခွဲတမ်းသတ်မှတ်ထားတဲ့ တိရိစ္ဆာန် ၂၀၀ ကိုလည်း သတ်ဖြတ်သွားမယ်လို့ ဇင်ဘာဘွေ အမျိုးသားဥယျာဉ်များနဲ့ တောရိုင်းစီမံခန့်ခွဲရေး အာဏာပိုင်မှ ပြောရေးဆိုခွင့်ရှိသူ တီနာရှာဖာရာဝိုက ပြောပါတယ်။
▪️ ခွင့်ပြုချက်များ အပြီးသတ်ထုတ်ပြန်ပြီးတာနဲ့ စတင်သုတ်သင်သွားမယ်လို့ ဖာရာဝိုက ပြောပါတယ်။
▪️ လူဦးရေနဲ့ သတ္တဝါဦးရေ ရေရှည်မမျှတဖြစ်လာတဲ့ နေရာမှ ဆင်တွေကို သုတ်သင်သွားမှာ ဖြစ်ပါတယ်။
▪️ အပူချိန်မြင့်တက်လာတာကြောင့် သယံဇာတရင်းမြစ်များ ပိုမိုရှားပါးလာပြီး လူသားတွေနဲ့ တောရိုင်းတွေကြား အစားအစာနဲ့ ရေ ပြိုင်ဆိုင်လာရတဲ့ နိုင်ငံအနောက်ဘက်ရှိ ဟွမ်အမျိုးသားဥယျာဉ်လိုမျိုး နေရာတွေမှာ အမဲလိုက်မှာ ဖြစ်ပါတယ်။
▪️ ဟွမ်ဥယျာဉ်မှာ ဆင်ကောင်ရေ ၄၅၀၀၀ ကျော်ရှိပေမယ့် အခုတော့ ၁၅၀၀၀ ကိုသာ ထိန်းသိမ်းနိုင်တော့မယ်လို့ ဆိုပါတယ်။
▪️ အယ်နီညိုရာသီဥတုဖြစ်စဉ်က အခြေအနေကို ပိုမိုဆိုးရွားစေပြီး မိုးခေါင်မှုကြောင့် ဆင် ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဥယျာဉ်များအေဂျင်စီက ဒီဇင်ဘာမှာ ကြေညာခဲ့ပါတယ်။
▪️ လာမယ့်ရက်သတ္တပတ်တွေမှာ အပူဆုံးအချိန် ဖြစ်လာမှာဖြစ်သဖြင့် ဒီထက်ပိုပြီး တိရိစ္ဆာန်တွေ ငတ်မွတ်သေဆုံးနိုင်တယ်လို့ ဖာရာဝိုက ပြောပါတယ်။
▪️ ဇင်ဘာဘွေ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဆစ်ထမ်ဘီဆိုညိုနီက ဇင်ဘာဘွေမှာ ဆင်တွေက လိုအပ်တာထက် ပိုများနေကြောင်း၊ သုတ်သင်ရေး အစီအစဉ်ကို စလုပ်ခိုင်းထားပြီ ဖြစ်ကြောင်း ပါလီမန်မှာ ပြောသွားပါတယ်။
▪️ ဆင်တွေကို သုတ်သင်ပြီးတော့ အခြောက်လှမ်း ထုပ်ပိုးကာ ပရိုတိန်းလိုအပ်တဲ့ သူတွေကို ပေးသွားဖို့ ပြင်ဆင်နေပါတယ်။
▪️ နမ်မီဘီယာအစိုးရက ပြီးခဲ့တဲ့လက ဆင် ၈၃ ကောင်၊ ရေမြင်းအကောင် ၃၀၊ ကျွဲရိုင်း ၆၀ ၊ တောဆိတ်အကောင် ၅၀၊ မြင်းကျားအကောင် ၃၀၊ အာဖရိကဆိတ်နွား ၁၀၀ အပါအဝင် တိရိစ္ဆာန်ပေါင်း ၇၂၃ ကောင်ကို သုတ်သင်ဖို့ အသိအမှတ်ပြုခဲ့ပါတယ်။
▪️ လူသားတွေနဲ့ တောရိုင်းတွေကြား ပြိုင်ဆိုင်လာရနိုင်ပြီး ဆင်ကောင်ရေ လျှော့ချဖို့ ရည်ရွယ်ထားတဲ့ နမ်မီဘီယာ အမျိုးသားဥယျာဉ်တွေထဲက ၅ ခုကနေ သုတ်သင်သွားမှာ ဖြစ်ပါတယ်။
▪️ ဇင်ဘာဘွေနဲ့ နမ်မီဘီယာ အစိုးရလုပ်ဆောင်ချက်တွေက မိုးခေါင်ရေရှားမှုနဲ့ တိရိစ္ဆာန်ကောင်ရေ တို့ကြောင့် နားလည်ပေးနိုင်ကြောင်း ကင်ညာအခြေစိုက် ပတ်ဝန်းကျင်စောင့်ကြည့်ရေး အဖွဲ့အစည်းမှ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးပညာရှင် ဂူယိုရိုဘာက ပြောပါတယ်။
▪️ ဒါဟာ အငြင်းပွားဖြစ်နိုင်ပေမယ့် အစိုးရအနေနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ပြည်သူထောက်ပံ့ခြင်းတို့ကြား ဆုံးဖြတ်ရတာဖြစ်တယ်လို့ ရိုဘာက ဆိုပါတယ်။
#Source: AP News
Page 82 of 858