#DailyNews
TV Yangon Times ရဲ့နေ့စဉ်သတင်းအစီအစဉ် (တိုက်ရိုက်)
++++++++++++++++++++++++++++++
Published - 24 Mar 2022
၁။ ရခိုင်ပြည်နယ်အတွက် အလုပ်သမားရေးရာကူညီပံ့ပိုးရေးစင်တာအနေဖြင့် ပြည်သူကို ဥပဒေအမြင်ဖွင့်သင်တန်းများ ပို့ချ
၂။ မုန်တိုင်းကင်းစင်ပြီဖြစ်၍ ဒီကနေ့မှစလို့ ကမ်းခြေဒေသများသို့ ခရီးသွားများ ပြန်လည်ဝင် ရောက်ခွင့်ပြု
၃။ မိုးလေဝသ သတင်း
၄။ အာဖဂန်နစ္စတန်တွင် တာလီဘန်များက မိန်းကလေးငယ်များအား ပြန်လည်ကျောင်းတက်ခွင့်ပြုလိုက်ပြီ......အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
#WorldPolitics
Published - 24 March 2022
ရုရှားနဲ့ဆက်ဆံရေးမနီးစပ်တဲ့နိုင်ငံတွေအနေနဲ့ ရုရှားမှဓာတ်ငွေ့ဝယ်ယူရာမှာ ရူဘယ်လ်ငွေဖြင့်ပေးချေဖို့အလိုရှိကြောင်း သမ္မတ'ဗလာဒီမီယာပူတင်'က ဗုဒ္ဓဟူးနေ့ကပြောကြားလိုက်ပါတယ်။ အဆိုပါပြောကြားချက်ကြောင့် စွမ်းအင်သုံးစွဲရရှိရေးပိုမိုကျပ်တည်းလာနိုင်ပြီး ဥရောပ ဓာတ်ငွေ့ဈေးနှုန်း အလွန်မတန်မြင့်တက်လာမှာကို စိုးရိမ်နေရပါတယ်။
ဖေဖော်ဝါရီ ၂၄ ရက်နေ့ကစပြီး ယူကရိန်းကိုရုရှားတို့ စတင်ကျူးကျော်ကတည်းက ဥရောပနိုင်ငံတွေနဲ့ အမေရိကန်တို့ က ရုရှားအပေါ်ပြင်းထန်တဲ့ဒဏ်ခတ်ပိတ်ဆို့ မှုတွေ ချမှတ်ခဲ့ပါတယ်။
ဒါပေမဲ့ ဥရောပက စွမ်းအင်ထုတ်လုပ်သုံးစွဲရေးအတွက် ရုရှားထုတ်ဓာတ်ငွေ့တွေကို အလွန်အမင်းမှီခိုအားထားနေရပြီး ရုရှားစွမ်းအင်ကဏ္ဍကိုလည်း ဒဏ်ခတ်ပိတ်ဆို့ သင့်လားဆိုတာကိုတော့ ဥရောပသမဂ္ဂမှ ဝေခွဲမရဖြစ်နေပါတယ်။
ရုရှားဓာတ်ငွေ့ဝယ်ယူချင်ရင် ရူဘယ်လ်ငွေနဲ့ပဲ ပေးချေရပါမယ်လို့ 'ပူတင်'ကပြတ်ပြတ်သားသား ထုတ်ပြန်လိုက်တာပါ။ လက်ရှိစာချုပ်တွေအရ ယူရိုငွေနဲ့ပေးချေဖို့ သဘောတူထားပေမယ့် ထိုအချက်အလက်တွေကို ရုရှားတို့ ကတဖက်သက်ပြောင်းလဲခွင့်ရှိ/မရှိဆိုတာကတော့ မသေချာသေးပါဘူး။
အခုလိုကြေညာလိုက်ပြီးနောက် ရူဘယ်လ်ငွေကြေးတန်ဖိုးမှာ ဒေါ်လာငွေ ၉၅ ဒေါ်လာမြင့်တက်လာခဲ့ပါတယ်။ဒါပေမဲ့ ဒေါ်လာငွေ ၁၀၀ အောက်မှာ ဆက်လက်ရှိနေဆဲဖြစ်ပြီး ၉၇.၇ ဒေါ်လာနဲ့အပြီးသတ်ခဲ့ကာ ဖေဖော်ဝါရီ ၂၄ ရက်နေ့နောက်ပိုင်း ၂၂ ရာခိုင်နှုန်းကျော်အထိ တန်ဖိုးကျဆင်းသွားခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့က ဥရောပအချို့မှ ဓာတ်ငွေ့လက်ကားရောင်းဈေးဟာ ၃၀ ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ပြီး ဗြိတိန်နဲ့နယ်သာလန်တို့ မှ ဓာတ်ငွေ့လက်ကားရောင်းဈေးတွေ ခုန်တက်လာခဲ့ပါတယ်။
ဥရောပနိုင်ငံတွေရဲ့ ဓာတ်ငွေ့သုံးစွဲမှု ၄၀ ရာခိုင်နှုန်းလောက်က ရုရှားဓာတ်ငွေ့တွေဖြစ်ပါတယ်။ ယခုနှစ်အတွင်း ရုရှားမှတင်ပို့ လာတဲ့ဓာတ်ငွေ့ဈေးနှုန်းဟာ ဥရောပမှာ တစ်နေ့အတွင်း ယူရိုသန်း ၂၀၀ မှ သန်း ၈၀၀ ကြားအတက်အကျရှိနေခဲ့ပါတယ်။
"စာချုပ်ပါအချက်အလက်တွေအတိုင်း ပုံသေဈေးနှုန်းပုံသေပမာဏအတိုင်း သဘာဝဓာတ်ငွေ့များဆက်လက်ထောက်ပံ့သွားမှာပါ။ ပေးချေရမယ့်ငွေကြေးသာ ပြောင်းလဲမှာဖြစ်ပြီး ရုရှားငွေကြေးရူဘယ်လ်ကို ပြောင်းလဲသွားမှာဖြစ်ပါတယ်" လို့ အစိုးရဝန်ကြီးများအွန်လိုင်းအစည်းအဝေးပွဲမှာ 'ပူတင်'ကပြောကြားခဲ့ပါတယ်။
ရုရှားဓာတ်ငွေ့တွေကို အခြားနိုင်ငံမှဝယ်ယူသူတွေရှိလာတာကြောင့် 'ပူတင်'က စာချုပ်ပါအချက်အလက်တွေကို ချိုးဖောက်ချင်နေတာဖြစ်ကြောင်း ဂျာမနီစီးပွားရေးဝန်ကြီး'ရောဘတ်ဟာဘက်'က တုန့်ပြန်လိုက်ပါတယ်။
ပိုလန်အစိုးရအရာရှိတစ်ဦးက "လက်ရှိစာချုပ်ပါ ငွေပေးချေမှုပုံစုံကိုပြောင်းလဲတာက သဘောတူညီမှုချိုးဖောက်ရာကျပါတယ်။ ယခုနှစ်ကုန် Gazprom ဓာတ်ငွေ့ကုမ္ပဏီနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတဲ့အခါ နောက်ထပ်စာချုပ်အသစ်ချုပ်ဆိုဖို့ ဆန္ဒမရှိတော့ပါဘူး" လို့ ပြောကြားလိုက်ပါတယ်။
နယ်သာလန်ဓာတ်ငွေ့ဖြန့်ဖြူးရေး Eneco က သူတို့ ဝယ်ယူတဲ့ဓာတ်ငွေ့ ၁၅ ရာခိုင်နှုန်းခန့်ကို ရုရှားဓာတ်ငွေ့ထုတ်လုပ်ရေးကုမ္ပဏီကြီး Gazprom မှ ဝယ်ယူထားတာဖြစ်ပြီး ယူရိုငွေနဲ့ပေးချေဖို့ နှစ်ရှည်စာချုပ်ချုပ်ဆိုထားပါတယ်။
Gazprom ကုမ္ပဏီက ဥရောပကို သူတို့ ရဲ့ဓာတ်ငွေ့ရောင်းချရာမှာ ရောင်းချမှု ၅၈ ရာခိုင်နှုန်းကို ယူရိုငွေ၊ ၃၉ ရာခိုင်နှုန်းကို အမေရိကန်ဒေါ်လာ၊ ၃ ရာခိုင်နှုန်းကို စတာလင်ပေါင်ဖြင့် ရောင်းချပေးနေခဲ့ပါတယ်။
"ပြဿနာအခက်အခဲတွေကြားထဲ ဖြစ်ပေါ်လာနိုင်တာတွေအားလုံးကို မျှော်လင့်ထားပါတယ်။ လက်ရှိစာချုပ်တွေအရ ငွေကြေးပြောင်းလဲပေးချေဖို့က သိပ်ပြဿနာမရှိပါဘူး" လို့ ဘူလ်ဂေရီးယားနိုင်ငံမှ စွမ်းအင်ဝန်ကြီး'အလက်ဇန်ဒါနီကိုလော့ဗ်'က ဆိုဖီယာမြို့ မှာသတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ရူဘယ်လ်ငွေကြေးလိုအပ်လာနိုင်တဲ့ ဥရောပမှဝယ်သူများနဲ့ဘဏ်များအတွက် ရုရှားဗဟိုဘဏ်ကနေ နိုင်ငံခြားငွေလဲလှယ်ရေးဈေးကွက်တွေကို ထောက်ပံ့သွားမှာဖြစ်ကြောင်း သိရှိရပါတယ်။
Source: Reuters
#WorldHealth
Published - 24 March 2022
SK Bioscience ကုမ္ပဏီမှ စမ်းသပ်ထုတ်လုပ်လျက်ရှိတဲ့ ကိုဗစ်အားမြှင့်ကာကွယ်ဆေး(booster)ကို မျောက်တွေနဲ့စမ်းသပ်ခဲ့ရာမှာ အိုမီခရွန်မျိုးဗီဇကွဲကို တာရှည်ကာကွယ်နိုင်စွမ်းရှိကြောင်း တွေ့ရှိခဲ့ပါတယ်။
မျောက်တွေကို ကနဦးကာကွယ်ဆေးနှစ်ကြိမ်ထိုးပေးပြီး ၆ လသို့မဟုတ် ၁၂ ကြာတဲ့အခါ အားမြှင့်ကာကွယ်ဆေးထိုးပေးခဲ့ပါတယ်။ ထို့နောက် အားမြှင့်ကာကွယ်ဆေးပါထိုးနှံထားတဲ့မျောက်တွေဆီက သွေးနမူနာယူပြီးစစ်ဆေးကြည့်ရာ မူလကိုရိုနာဗိုင်းရပ်စ်နဲ့ အလွန်ကူးစက်မြန်အိုမီခရွန်မျိုးဗီဇကွဲတိုကိုကာကွယ်ပေးနိုင်တဲ့ ပဋိပစ္စည်း(antibody)ပမာဏ သိသိသာသာများနေတာကိုတွေ့ရှိခဲ့ကြောင်း bioRxiv ဝက်ဘ်ဆိုက်မှာ တနင်္ဂနွေနေ့ကဖော်ပြခဲ့ပါတယ်။
သူတို့ရဲ့ ခန္ဓာကိုယ်ခုခံအားဒုတိယအဆင့်ဟာလည်း ပိုမိုအားကောင်းလာပြီး တာရှည်ခံတာကိုတွေ့ရှိခဲ့ကြပါတယ်။ GBP510 လိုခေါ်တဲ့ကာကွယ်ဆေးဟာ ကိုရိုနာဗိုင်းရပ်စ်မျက်နှာပြင်ပေါ်က စပိုက်ခ်ပရိုတိန်းရဲ့အဓိကအစိတ်အပိုင်းတွေကို ပွားယူပို့ဆောင်ပေးခြင်းဖြင့် ခန္ဓာကိုယ်ခုခံအားစနစ်ကိုလှုံ့ ဆော်ပေးတာဖြစ်ပါတယ်။
ပရိုတိန်းအစိတ်အပိုင်းခွဲလေးတွေကို နာနိုအမှုန်တွေမှာကပ်တွယ်ကာ ဗိုင်းရပ်စ်ပုံစံလိုဖြစ်အောင် ဖန်တီးလိုက်ပါတယ်။ ဒီအစိတ်အပိုင်းတွေမှာ ခန္ဓာကိုယ်ခုခံအားစနစ်ကိုမြှင့်တင်ပေးတဲ့ GSK ကုမ္ပဏီမှ အားမြှင့်ပစ္စည်းတစ်မျိုးဖြင့် ဖြည့်စွက်ဖန်တီးထားပါတယ်။
"မူလကာကွယ်ဆေးနှစ်ကြိမ်ထိုးပြီး တစ်နှစ်အကြာ အားမြှင့်ကာကွယ်ဆေး(Booster)နဲ့ အားမြှင့်ပစ္စည်းပါထိုးနှံလိုက်တဲ့အခါ ပဋိပစ္စည်းတုန့်ပြန်မှုအလွန်တာရှည်ခံပြီး အိုမီခရွန်ကူးစက်မှုကိုကာကွယ်ပေးပါတယ်" လို့ ကယ်လီဖိုးနီးယားရှိ စတန်းဖိုဒ်တက္ကသိုလ်မှ 'ဘာလီပူလန်ဒရန်'က ပြောပြပါတယ်။ GBP510 ကာကွယ်ဆေးကို လူသားတွေမှာစမ်းသပ်ဖို့ ပြင်ဆင်နေကြပြီဖြစ်ပါတယ်။
Source: Reuters
#WorldHealth
Published - 24 March 2022
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းမခံရတဲ့သူတွေထက်စာရင် ကိုဗစ်ရောဂါဖြစ်ပွားခဲ့တဲ့သူတွေဟာ တစ်နှစ်အတွင်း ဆီးချိုရောဂါဒုတိယအမျိုးအစားဖြစ်ပွားလာနိုင်ချေများကြောင်း လူနာမှတ်တမ်းလေ့လာချက်များကို တနင်္လာနေ့ကဖော်ပြခဲ့ပါတယ်။
ကိုဗစ်ရောဂါပြင်းထန်ခြင်းမရှိခဲ့တဲ့သူတွေမှာတောင် ဆီးချိုရောဂါဖြစ်လာနိုင်ချေရှိနေပြီး ကိုဗစ်ရောဂါလက္ခဏာပြင်းထန်စွာခံစားခဲ့ရသူများကတော့ ဆီးချိုရောဂါစတင်ဖြစ်ပွားလာနိုင်ချေပိုများခဲ့ပါတယ်။
စစ်မှုထမ်းဟောင်းဦးစီးဌာနမှ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခဲ့တဲ့ လူနာ ၁၈၁,၀၀၀ ကျော်ကို ၂၀၂၀ မတ်လ ၁ ရက်နေ့မှ ၂၀၂၁ စက်တင်ဘာလ ၃၀ ရက်နေ့အတွင်း မှတ်တမ်းအချက်အလက်များလေ့လာခဲ့ကြပါတယ်။
ဖြစ်ပွားရတဲ့အကြောင်းရင်းနဲ့ သက်ရောက်မှုကို သက်သေမပြနိုင်ပေမယ့် ဒီရောဂါနှစ်ခုကြားဆက်စပ်မှုရှိတာကိုတော့ တွေ့ရှိခဲ့ကြပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ လူနာ ၄၆ ရာခိုင်နှုန်းဟာ ဆီးချိုရောဂါဒုတိယအမျိုးအစား စတင်ဖြစ်ပွားခြင်း ဒါမှမဟုတ် သွေးတွင်းသကြားဓာတ်ထိန်းသိမ်းဖို့ ကုသခြင်းများခံယူရတတ်ပါတယ်။
ဒီလေ့လာတွေ့ရှိမှုကို Lancet Diabetes & Endocrinology ဆေးပညာဂျာနယ်မှာ တနင်္လာနေ့ကဖော်ပြခဲ့ပါတယ်။ ဆီးချိုရောဂါဒုတိယအမျိုးအစားဆိုတာက သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးတဲ့ အင်ဆူလင်ဟော်မုန်း မလုံမလောက်ဖြစ်တာကြောင့် သကြားဓာတ်ပမာဏမြင့်တက်လာတာဖြစ်ပါတယ်။
ဆီးချိုရောဂါဒုတိယအမျိုးအစားက ကျောက်ကပ်၊ အာရုံကြော၊ သွေးကြော၊ နှလုံးတို့ကို ထိခိုက်တတ်ပါတယ်။
ကပ်ရောဂါကာလအတွင်း ကိုဗစ်ရောဂါကူးစက်ခံရသူတွေထဲက လူပေါင်း ၄၇၁ သန်းလောက် ဆီးချိုရောဂါခံစားရနိုင်ချေရှိနေကာ အမေရိကန်မှာ သန်းပေါင်း ၈၀ နီးပါးလောက်ရှိနေပြီး အထူးသဖြင့် ကိုဗစ်နောက်ဆက်တွဲလက္ခဏာများခံစားရသူတွေဖြစ်ပါတယ်။
ကိုဗစ်ရောဂါဖြစ်ဖူးတယ်ဆိုရင် ကိုယ့်ရဲ့သွေးတွင်းသကြားဓာတ်ကို သတိထားစောင့်ကြည့်သင့်ကြောင်း စိန့်လူးဝစ်ကျန်းမာရေးစောင့်ရှောက်မှုစင်တာမှ သုတေသနဖွံ့ဖြိုးတိုးတက်ရေးအကြီးအကဲ'ဇိုင်ယက်အယ်လ်အလီ'က ပြောကြားလိုက်ပါတယ်။
စစ်မှုထမ်းဟောင်းဌာနမှကိုဗစ်လူနာများဟာ သာမန်ထက်အသက်အရွယ်ကြီးသူတွေများပြီး လူဖြူများနဲ့ အမျိုးသားအရေအတွက်ပိုများပါတယ်။ ဒါပေမဲ့ဒီလေ့လာမှုမှာ လူအများအပြားပါဝင်တဲ့အတွက် တွေ့ရှိချက်တွေကယုံကြည်ရတဲ့အနေအထားဖြစ်ကြောင်း 'အယ်လ်အလီ'ကဆိုပါတယ်။
ဆီးချိုဖြစ်ပေါ်လာနိုင်တဲ့သူတွေထဲမှာ လူပေါင်းစုံပါဝင်နိုင်ပြီး အမျိုးသမီးများ၊ လူနည်းစုများ၊ အသက်ငယ်သူများ၊ ခန္ဓာကိုယ်အချိုးအစားမျိုးစုံတို့မှာလည်း ဖြစ်ပွားနိုင်ပါတယ်။
ဆီးချိုရောဂါပေါ်လာတဲ့သူတွေထဲမှာမှ ဒုတိယအမျိုးအစားဖြစ်ပွားသူ ၉၉ ရာခိုင်နှုန်းအထိရှိနေပါတယ်။
Source: The Washington Post.
Published 23 March 2022
တနင်္လာနေ့ မွန်းလွဲပိုင်းက ပျက်ကျခဲ့တဲ့ တရုတ်အရှေ့ပိုင်းလေကြောင်းပိုင် ဘိုအင်း၇၃၇-၈၀၀ ရဲ့ သေတ္တာနက်တွေထဲက တစ်လုံးကို မတ်လ(၂၃)ရက် ဗုဒ္ဓဟူးနေ့က ရှာတွေ့ပြီလို့ တရုတ်အရာရှိတွေက ပြောပါတယ်။
အဲဒါကြောင့် နှစ်များစွာအတွင်း တရုတ်နိုင်ငဲရဲ့ ကြေကွဲစရာအကောင်းဆုံး လေကြောင်းလေယာဉ်ပျက်ကျမှုဖြစ်ရတဲ့အကြောင်းရင်းကိုသိရဖို့ နီးစပ်လာပြီ ဖြစ်ပါတယ်။
တရုတ်အရှေ့ပိုင်းလေကြောင်လိုင်း ခရီးစဉ်အမှတ် MU5735ဟာ ကူမင်းလေဆိပ်ကနေ ခရီးသည် (၁၂၃) ဦး၊ လေယာဉ်အမှုထမ်း(၉)ဦးတို့ကို တင်ဆောင်ပျံသန်းရင်း ကွမ်ရှီကျန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ တန်ကျန်းစီရင်စုမှာ တနင်္လာနေ့ မွန်းလွဲပိုင်းက ပျက်ကျခဲ့တာပါ။
လေယာဉ်ကို ၂၀၁၅ခုနှစ် ဇွန်၂၂ရက်မှာ စတင်ပျံသန်းဖို့ ပေးပို့ခဲ့တာဖြစ်တယ်လို့ အရာရှိတွေက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ လေကြောင်းပျံသန်းရေးစည်းမျည်းတွေကို တင်းကြပ်စွာလိုက်နာပြီး နည်းပညာပိုင်းလုပ်ဆောင်မှုတွေလည်း ပုံမှန်ကောင်းမွန်တာတွေ့ရတယ်လို့ ပြောပါတယ်။ လေယာဉ်မှူး(၃)ဦးစလုံးဟာ အရည်အချင်းကောင်းစွာပြည့်မီသူတွေ ဖြစ်တယ်။ အတွေအကြုံလည်းများပြီး ကျန်းမာရေးကောင်းသူတွေဖြစ်တယ်လို့ အရာရှိတွေကပြောပါတယ်။
Source CMG
Published 23 March 2022
ထိုင်ဝမ်ကျွန်း၊ တိုင်တွန်ခရိုင်ရေပြင်မှာ မတ်၂၃ရက် ဗုဒ္ဓဟူးနေ့ နံနက်(၁)နာရီ(၄၁)မိနစ်ခန့်က အင်အား ၆.၆အဆင့်ရှိ ငလျင်တစ်ခု လှုပ်ရှားသွားပါတယ်။
ငလျင်ဗဟိုချက်ဟာ မြေပြင်အောက် အနက်၂၀ကီလိုမီတာအကွာနှင့် မြောက်လတ္တီကျူ၂၃.၄၅ဒီဂရီနှင့် အရှေ့လောင်ဂျီတွတ် ၁၂၁.၅၅ ဒီဂရီနေရာကနေ လှုပ်ရှားသွားတာဖြစ်ပါတယ်လို့ တရုတ်မြေငလျင်ကွန်ယက်စင်တာက ပြောပါတယ်။
ထိုင်ဝမ် အရှေ့ပိုင်းမှာ ဆက်တိုင်လှုပ်ရှားခဲ့တဲ့ ငလျင်တွေရဲ့လှုပ်ရှားမှုကို ထိုင်ဝမ်တစ်ကျွန်းလုံးခံစားရတယ်လို့ ထိုင်ဝမ် မိုးဇလ ဌာနကပြောပါတယ်။
လူတစ်ဦးဒဏ်ရာအနည်းငယ်ရပြီး ငလျင်ဒဏ်ခံရတဲ့ နေရာအတော်များများမှာ လျှပ်စစ်မီးပြတ်တောက်မှုတွေဖြစ်ခဲ့တယ်။ ပြီးတော့ ဟောလျန်ခရိုင်က တံတာတစ်စီးလည်းကျိုးသွားတယ်လို့ ဒေသခံ မီးသတ်ဌာနက သိရပါတယ်။
ငလျင်ကြီးလှုပ်ရှားပြီးနောက် နောက်ထပ် ၆.၁အဆင့်ရှိငလျင်နှင့် အဆင့်၅ ကျော်ကျော်ရှိတဲ့ ငလျင်ငါးခုထပ်မံလှုပ်ရှားသွား တယ်လို့လည်း ထိုင်ဝမ်မိုးဇလဌာနကပြောပါတယ်။
ဒီနှစ်အတွင်းမှာ ယခုငလျင်ဟာ အပြင်းထန်ဆုံးဖြစ်ပြီး ဆက်လှုပ်တဲ့ငလျင်တွေဟာ ငလျင်ကြီးရဲ့လှုပ်ခတ်မှုကြောင့် ပေါ်ပေါက်တဲ့ ငလျင်တွေဖြစ်နိုင်တယ်လို့ ဌာနက ပြောပါတယ်။
Source Xinhua/CMG
#DailyNews
Published - 23 Mar 2022
၁။ မြန်မာလုပ်သားအချို့ တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် မတ်လ ၂၅ ရက်တွင်သွားရောက်မည်။
၂။ မုံရွာမြို့ပေါ်တွင် လုယက်မှုဖြစ်စဥ်တွေများပြားလာပြီး လုယက်သူများက သမီးရည်းစားစုံတွဲများကို အဓိကပစ်မှတ်ထားလုယက်နေ။
၃။ နေ့စဉ်မိုးလေဝသ သတင်း။
၄။ တရုတ်နိုင်ငံအကူအညီဖြင့်တည်ဆောက်သော ကမ္ဘောဒီးယားဆေးရုံသစ်ကြီးဖွင့်လှစ်......အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
Page 799 of 851