#Daily_News
Published 3 January 2025
၁။ ယခုတစ်ပတ်အခွန်စည်းကြပ်မှုအတွက် အမေရိကန်တစ်ဒေါ်လာလျှင် ၃၅၈၇.၅ကျပ်နှုန်းသတ်မှတ်
၂။ သီလဝါနှင့်ဆူးလေဆိပ်ကမ်းများကို ဒေါ်လာ ၆၁ သန်း ရင်းနှီးမြှုပ်နှံ၍အဆင့်မြင့်တင်မည်
၃။ စက်သုံးဆီဈေးများ နှစ်ပတ်ဆက်တိုက်ကျဆင်း၊ 92တစ်လီတာကျပ် ၃,၀၀၀ အောက်ရှိလာ
၄။ (၂၀၂၄)ကမ္ဘာ့ဒရုန်းပြိုင်ပွဲကြီး တရုတ်၌ဒုတိယအကြိမ်ကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
Published 03 January 2025
လတ်စ်ဗေးဂတ်စ်ရှိ ထရမ့်အပြည်ပြည်ဆိုင်ရာဟိုတယ် အပြင်ဘက်မှာ ပေါက်ကွဲရေးပစ္စည်းတွေ ထည့်ထားတဲ့ တက်စ်လာဆိုက်ဘာထရပ် ကားတစ်စီးပေါက်ကွဲခဲ့ပြီး ကားထဲက စစ်ရေးဂုဏ်ပြုဆုတံဆိပ်များရှင် တပ်သားဟာလည်း မပေါက်ကွဲခင်မှာ သူ့ကိုယ်သူ ခေါင်းကိုသေနတ်ဖြင့်ပစ်ပြီး အဆုံးစီရင်သွားတယ်လို့ အာဏာပိုင်များက ကြာသပတေးနေ့မှာ ပြောပါတယ်။
ပေါက်ကွဲမှုက လူ ၇ ဦးမှာ ဒဏ်ရာအသေးစားသာရခဲ့ပြီး ဟိုတယ်ကို ထိခိုက်ခဲ့ခြင်းမရှိပါဘူး။
အသက် ၃၇ နှစ်အရွယ် ဂရင်းဘာရက်တပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မက်သရူးလစ်ဗယ်ဘာဂါက ပျက်စီးမှု ကြီးကြီးမားမားဖြစ်အောင် စီစဉ်ခဲ့ဟန်ရှိပေမယ့် ကားရဲ့စတီးလ်နံရံတွေက ပေါက်ကွဲမှုအားကို အများစုစုပ်ယူသွားတယ်လို့ ကလာ့ခ်ကောင်တီရဲမှူး ကယ်ဗင်မက်မာဟေးလ်က ပြောသွားပါတယ်။
ပေါက်ကွဲအားက အပေါ်သို့တက်သွားတာကြောင့် ယာဉ်အတွင်းပိုင်းလောက်သာ ထိခိုက်ပျက်စီးသွားကာ ပေအနည်းငယ်လောက်ဝေးတဲ့ ထရမ့်ဟိုတယ်တံခါးကို မထိခဲ့ဘူးလို့ ဆိုပါတယ်။
ဒီလိုမျိုး စစ်ရေးအတွေ့အကြုံရှိထားသူ တစ်ဦးဆီက ဒီလိုမျိုး ပြုလုပ်မယ်လို့ မထင်မိကြောင်း အထူးအေးဂျင့် ကင်နီကူးပါးက ပြောပါတယ်။
ထရမ့်ဟိုတယ်ရှေ့မှာ တက်စ်လာကားနဲ့ ဖောက်ခွဲတဲ့ ရည်ရွယ်ချက်အကြောင်း ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ လတ်စ်ဗေးဂတ်စ် FBI အထူးအေးဂျင့် စပန်ဆာအီဗန်စ်က ပြောသွားပါတယ်။
လစ်ဗယ်ဘာဂါဟာ ဂျာမနီမှာ နိုင်ငံရပ်ခြား တာဝန်ပေးအပ်ခံရတာကနေ မကြာသေးမီက ပြန်ရောက်လာပြီး သူသေဆုံးချိန်မှာ ခွင့်ယူထားတာ ဖြစ်ပါတယ်။
ကားထဲက ပစ္စည်းတွေထဲမှာ သေနတ်တွေ၊ ဖောက်ခွဲရေးပစ္စည်းတွေ၊ ပတ်စ်ပို့၊ စစ်တပ်အိုင်ဒီကတ်၊ ခရက်ဒစ်ကတ်၊ အိုင်ဖုန်းတစ်လုံး၊ စမတ်နာရီတစ်လုံးတို့ တွေ့ရှိခဲ့ကာ သေနတ်နှစ်လက်စလုံးက တရားဝင်ဝယ်ယူထားတာ ဖြစ်ပါတယ်။
ယင်းဟာ အကြမ်းဖက်နှိမ်နှင်းရေး အထူးလေ့ကျင့်တပ်ဖွဲ့တွေဖြစ်တဲ့ ဂရင်းဘာရက်မှာ အမှုထမ်းခဲ့ကာ သူရသတ္တိဆုနဲ့ တိုက်ခိုက်ရေးဆုတံဆိပ်များ အပါအဝင် စုစုပေါင်း ဆုတံဆိပ် ၅ ခု ရရှိထားပါတယ်။
တက်စ်လာလျှပ်စစ်ကားကိုတော့ စနေနေ့မှာ ဒင်ဗာကနေ ငှားရမ်းခဲ့တာဖြစ်တယ်လို့ မက်မာဟေးလ်က ပြောပါတယ်။
လျှပ်စစ်ကားအားသွင်းစခန်းတွေမှာ ရိုက်ကူးရရှိတဲ့ ဗီဒီယိုများအရ ဒီကားကို တစ်ဦးတည်း မောင်းနှင်နေတာဖြစ်တယ်လို့ သိရပါတယ်။
#Source: AP News
#World_Climate
Published 03 January 2025
▪️ ၁၈၁၅ ခုနှစ်မှာ တမ်ဘိုရာတောင် မီးတောင်ပေါက်ကွဲခဲ့ခြင်းဟာ ကမ္ဘာကြီးကို သိသိသာ ပြောင်းလဲစေခဲ့တဲ့ ဖြစ်ရပ်ဆိုးဖြစ်ခဲ့ပြီး နွေရာသီမရှိခဲ့တဲ့နှစ် ဖြစ်ခဲ့ပါတယ်။
▪️ အဆိုပါ အင်ဒိုနီးရှားမီးတောင် ပေါက်ကွဲမှုဟာ သမိုင်းမှာ အပြင်းထန်ဆုံးဖြစ်ခဲ့ပြီး လေထုထဲသို့ ဆာလ်ဖာဒိုင်အောက်ဆိုဒ်ငွေ့များ အလုံးအရင်း ဝင်ရောက်ကာ ကမ္ဘာဂြိုဟ်ကြီးတစ်ခုလုံး ချမ်းအေးသွားခဲ့ပြီး သီးနှံများ ပျက်စီးတဲ့အပြင် ကမ္ဘာတဝှမ်း ငတ်မွတ်ခေါင်းပါးခြင်းနဲ့ ရောဂါဘယများ ဖြစ်ခဲ့ပါတယ်။
▪️ နောက်ထပ် ရာစုနှစ် ၂ခုအကြာမှာတော့ သိပ္ပံပညာရှင်တွေဟာ နောက်ထပ်မီးတောင်ပေါက်ကွဲမှုကြီး ထပ်ဖြစ်နိုင်တဲ့အခြေအနေကို သတိပေးလာတယ်လို့ ဂျီနီဗာတက္ကသိုလ်မှ ရာသီဥတုပရော်ဖက်ဆာ မားကပ်စ်စတော့ဖယ်ရဲ့ အဆိုကို CNNက ဖော်ပြလိုက်ပါတယ်။
▪️ ယခုရာစုနှစ်အတွင်း ထိုကဲ့သို့ မီးတောင်ပေါက်ကွဲမှု ဖြစ်နိုင်ခြေက ၆ ပုံ ၁ ပုံလောက်ရှိပါတယ်။
▪️ မီးတောင်များ ပြင်းထန်စွာပေါက်ကွဲတဲ့အခါ လေထုထဲသို့ ဆာလ်ဖာဒိုင်အောက်ဆိုဒ်များ ထုတ်လွှတ်ပြီး အမှုန်တွေက နေရောင်ကိုကွယ်သွားတာကြောင့် တစ်ကမ္ဘာလုံးမှာ အေးမြလာပါတယ်။
▪️ ၁၉၉၁ တုန်းက ပီနာကျူဘိုတောင် ပေါက်ကွဲခဲ့စဉ် ဆာလ်ဖာဒိုင်အောက်ဆိုဒ် တန်ချိန် ၁၅ သန်းထုတ်လွှတ်ခဲ့ပြီး အပူချိန်က နှစ်တွေကြာအောင် ၀.၅ ဒီဂရီဆဲလ်စီးယပ်စ်လောက် ပိုအေးသွားခဲ့ပါတယ်။
▪️ ၁၈၁၅ တုန်းက တမ်ဘိုရာတောင်နဲ့ ၁၂၅၇ တုန်းက ဆာမာလက်စ်တောင်တို့ ပေါက်ကွဲခဲ့စဉ်ကဆိုရင် အပူချိန် ၁- ၁.၅ ဒီဂရီလောက် ပိုအေးသွားခဲ့ပါတယ်။
▪️ ရာသီဥတု ဖောက်ပြန်မှုဒဏ် ခံနေရတဲ့ ကမ္ဘာကြီးမှာ နောက်ထပ် မီးတောင်ပေါက်ကွဲမှုကြီး ဖြစ်လာနိုင်ပြီး ၁၈၁၅ ခုနှစ်ကထက် ပိုမိုပြင်းထန်နိုင်တယ်လို့ နယူးယော့ခ်တက္ကသိုလ်မှ မီးတောင်နဲ့ ရာသီဥတုပရော်ဖက်ဆာ မိုက်ကယ်ရမ်ပီနိုက ပြောပါတယ်။
▪️ ရာသီဥတု ပြောင်းလဲခြင်းတွေက မီးတောင်လှုပ်ရှားမှု ဖြစ်စေပြီး ရေခဲများအရည်ပျော်လာခြင်းကြောင့် ကျောက်ရည်တွင်းတွေအပေါ် ဖိအားကျဆင်းလာကာ မီးတောင်ပေါက်ကွဲဖို့ တွန်းအားဖြစ်လာပါတယ်။
▪️ မီးတောင်ပေါက်ကွဲမှု အနီးနားက သက်ရှိတွေအတွက်တော့ ချက်ချင်းဘေးအန္တရာယ်ဖြစ်နိုင်ကာ နောက်ဆက်တွဲအကျိုးဆက်တွေက အပူချိန်ချမ်းအေးလာခြင်းနဲ့ မိုးရွာသွန်းမှု ပြောင်းလဲလာခြင်းတို့ကြောင့် စိုက်ပျိုးမွေးမြူရေးဒေသတွေ ထိခိုက်လာနိုင်ကာ ကမ္ဘာ့စားနပ်ရိက္ခာ ယိုယွင်းစေနိုင်ပါတယ်။
▪️ ဒီလိုမျိုး မီးတောင်ပေါက်ကွဲမှုကြီး ဖြစ်လာနိုင်ခြေက နည်းပေမယ့် လျစ်လျူရှုထားလို့တော့ မရဘူးလို့ စတော့ဖယ်က ပြောသွားပါတယ်။
#Source: Times of India
#World_Health
Published 03 January 2025
▪️ ကော်ဖီလက်ဖက်ရည်တို့ သောက်လေ့ရှိသူတွေဟာ ဦးခေါင်းနဲ့ လည်ပင်းကင်ဆာ ဖြစ်နိုင်ခြေ အနည်းငယ်လျော့ကျစေတယ်လို့ သုတေသီများ တွေ့ရှိထားပါတယ်။
▪️ လေ့လာချက်အသစ်မှာ လက်ဖက်ရည်နဲ့ ကော်ဖီတို့ ကိုယ်တိုင်က ကင်ဆာကာကွယ်နိုင်တာ မဟုတ်ပေမယ့် အငြင်းပွားစရာ အဖြေတွေကိုတော့ ရှင်းပေးနိုင်မှာ ဖြစ်ပါတယ်။
▪️ သုတေသနအဖွဲ့က ဥရောပ၊ မြောက်အမေရိက၊ လက်တင်အမေရိကတို့မှာ ပြုလုပ်တဲ့ လေ့လာမှု ၁၄ ခုကနေ ဆန်းစစ်ခဲ့ကြပါတယ်။
▪️ စမ်းသပ်ပါဝင်သူများ လက်ဖက်ရည်နဲ့ ကော်ဖီ သောက်သုံးပုံတွေကို စစ်တမ်းကောက်ခံခဲ့ကြပြီး ကဖင်းမပါကော်ဖီသောက်သုံးတဲ့ သူတွေလည်း ပါဝင်ပါတယ်။
ဦးခေါင်းနဲ့ လည်ပင်းကင်ဆာဖြစ်သူ ၉၅၄၈ ဦးနဲ့ ကင်ဆာမရှိသူ ၁၅၇၈၃ ဦးတို့ရဲ့ အချက်အလက်တွေ ဆန်းစစ်ခဲ့ကြပါတယ်။
▪️ အခြားအချက်အလက်များပါ ထည့်သွင်းစဉ်းစားတဲ့အခါ တစ်နေ့ကို ကဖင်းပါတဲ့ကော်ဖီ ၄ ခွက်နဲ့အထက် သောက်သူတွေက မသောက်တဲ့သူတွေထက် ဦးခေါင်းနဲ့ လည်ပင်းကင်ဆာ ဖြစ်နိုင်ခြေ ၁၇ ရာခိုင်နှုန်း ပိုနည်းတာကို တွေ့ခဲ့ကြပါတယ်။
▪️ ဒါ့အပြင် ခံတွင်းခေါင်းနဲ့ ပါးစပ်အနောက်ဘက် လည်ချောင်းအစိတ်အပိုင်း ကင်ဆာတို့လည်း ဖြစ်နိုင်ခြေ လျော့နည်းတာနဲ့ ဆက်စပ်နေပါတယ်။
▪️ ကဖင်းမပါတဲ့ကော်ဖီ သောက်ခြင်းကတော့ ခံတွင်းခေါင်းကင်ဆာ ဖြစ်နိုင်ခြေတစ်ခုတည်းနဲ့ပဲ သက်ဆိုင်နေပါတယ်။
▪️ လက်ဖက်ရည်သောက်တဲ့ အခြေအနေကတော့ သိပ်မရှင်းလင်းဘဲ တစ်နေ့ကို တစ်ခွက်မျှ သောက်သုံးခြင်းဖြင့် ဦးခေါင်းနဲ့ လည်ပင်းကင်ဆာ ဖြစ်နိုင်ခြေ ၉ ရာခိုင်နှုန်း လျော့နည်းတာနဲ့ ဆက်စပ်နေတယ်လို့ တွေ့ရပါတယ်။
▪️ ကဖင်းဓာတ်အပြင် အခြား ဇီဝသတ္တိကြွဒြပ်ပေါင်းတွေက ကော်ဖီနဲ့ လက်ဖက်ရည်တို့မှာ ကင်ဆာဆန့်ကျင်အာနိသင် ရစေတာဖြစ်မယ်လို့ ဟန့်စ်မန်းကင်ဆာအဖွဲ့အစည်းမှ ဒေါက်တာ ယွမ်ချင်အေမီလီက ပြောသွားပါတယ်။
▪️ ဒါပေမဲ့ လက်ဖက်ရည်ကို တစ်နေ့ တစ်ခွက်ထက်ပိုသောက်ရင်တော့ အစာအိမ်အက်ဆစ် လျှံတက်ခြင်း ပိုဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
▪️ ဆက်စပ်ကြည့်ရင်တော့ ကော်ဖီ လက်ဖက်ရည်တို့ သောက်တဲ့သူတွေဟာ အရက်သေစာ ဆေးလိပ်တို့ သုံးစွဲနိုင်ခြေ နည်းသွားတာကြောင့် ကင်ဆာဖြစ်နိုင်ခြေနည်းတာ ဖြစ်နိုင်တယ်လို့လည်း သုံးသပ်ထားပါတယ်။
#Source: The Guardian
အမ်မရိတ်မှ ပျားမွေးမြူသူများနဲ့ ပျားရည်လုပ်ငန်းကို ပံ့ပိုးတဲ့အနေနဲ့ နှစ်စဉ်နာမည်ကျော် ယူအေအီးပွဲတစ်ခုဖြစ်တဲ့ ၉ ကြိမ်မြောက် ဟက်တာဟန်နီပွဲတော်ကို ဒူဘိုင်းမှာ ကျင်းပခဲ့ပါတယ်။
#World_Event
Published 2 January 2025
#ပျားရည်ပွဲတော် #ပျားရည်လုပ်ငန်း
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 2 January 2025
၁။ တောင်ငူ၌ (၁၄) ကြိမ်မြောက်မျက်စိအလင်းအလှူတော်ပြုလုပ်မည်
၂။ မြန်မာနိုင်ငံ၏ခန့်မှန်းလူဦးရေ ၅၁ သန်းကျော်ရှိပြီး ရန်ကုန်တိုင်းတွင်အများဆုံးဟုဆို
၃။ တစ်နေ့လျှင် ရွှေပိဿာတစ်ရာကျော်ထွက်ရှိနေပြီး ရွှေဈေးကွက်အေးနေ
၄။ (၉)ကြိမ်မြောက် ပျားရည်ပွဲတော် ဒူဘိုင်းတွင်ကျင်းပ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 02 January 2025
▪️ အမေရိကန်တပ်သားဟောင်းတစ်ဦးဟာ ISISအလံ ချိတ်ဆွဲထားတဲ့ သူ့ထရပ်ကားဖြင့် နှစ်သစ်ကူးနေ့က ယာယီအတားအဆီးများကို ကွေ့ပတ်မောင်းနှင်ပြီး နယူးအော်လင်းစ်ရှိ လူစည်ကားရာ ပြင်သစ်ရပ်ကွက်ထဲသို့ ဝင်တိုက်ခဲ့တာကြောင့် ၁၅ ဦးသေဆုံးခဲ့ကာ ဒါဟာ တခြားသူတွေရဲ့ အကူအညီနဲ့ ဆောင်ရွက်တာ ဖြစ်နိုင်တယ်လို့ အရာရှိများ ပြောပါတယ်။
▪️ တရားခံဟာ အသက် ၄၂ နှစ်အရွယ် ရှမ်ဆွတ်ဒင်ဂျက်ဘာလို့ အမည်ရပြီး တက္ကဆပ်စ်မှ အမေရိကန်နိုင်ငံသားဖြစ်ကာ အာဖဂန်နစ္စတန်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ယခု လူအုပ်ထဲဝင်တိုက်ခဲ့ပြီးနောက် ရဲတွေနဲ့ ပစ်ခတ်ရာမှာ သေဆုံးသွားခဲ့ပါတယ်။
▪️ တရားခံနဲ့ ပစ်ခတ်ရင်း ဒဏ်ရာရခဲ့တဲ့ ရဲအရာရှိ ၂ ဦးအပါအဝင် လူ ၃၀ခန့် ဒဏ်ရာရရှိခဲ့ပါတယ်။
▪️ နှစ်သစ်ကူးကာလ နံနက် ၃ နာရီ ၁၅ မိနစ်ခန့်မှာ လူအများကြီး ပျော်ရွှင်နေကြတဲ့ သမိုင်းဝင်ဧည့်ခရီးသွားနေရာ ကန်နယ်လ်နဲ့ ဘော်ဘွန်လမ်းထောင့်အနီးမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
▪️ ရဲတွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေက ကြံရာပါတွေကို ဖမ်းဆီးသွားမယ်လို့ ကြုံးဝါးလိုက်ပါတယ်။
▪️ ကားပေါ်မှာ ပေါက်ကွဲရေးပစ္စည်းတစ်ခုနဲ့ လက်နက်တွေ တွေ့ရှိခဲ့ပြီး ပြင်သစ်ရပ်ကွက်မှာ ပေါက်ကွဲစေနိုင်တဲ့ပစ္စည်း ၂ခု တွေ့ရှိခဲ့ကာ ယခုဘေးကင်းပြီလို့ FBIက ဆိုပါတယ်။
▪️ နယူးအော်လင်းစ်မှာ နှစ်သစ်ကူးနေ့ရောက်ရင် နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ Sugar Bowl ကောလိပ်ဘောလုံးပွဲကို ရွှေ့ဆိုင်းထားပြီး မြို့ထဲတဝိုက် ပေါက်ကွဲစေနိုင်မယ့် ပစ္စည်းတွေကို ရဲတွေရှာဖွေနေကြပါတယ်။
▪️ ယာဉ်ရဲ့နောက်တွဲတစ်နေရာမှာ ISISအလံ ချည်ထားတာကြောင့် အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ ဆက်စပ်နေမလားဆိုတာကို စုံစမ်းနေကြတယ်လို့ FBIက ပြောပါတယ်။
▪️ ဂျက်ဘာတစ်ဦးတည်း ပြုလုပ်တယ်လို့ မယုံကြည်ကြောင်း၊ သူနဲ့ လုပ်ဖော်ကိုင်ဖက်တွေ အပါအဝင် သတင်းလမ်းစတိုင်းကို အားချင်းစုံစမ်းနေကြကြောင်း၊ သံသယရှိသူ အများအပြားကို ရှာဖွေနေကြကြောင်း FBI လက်ထောက် အထူးအေးဂျင့် အယ်လက်သီယာဒွန်ကန်က သတင်းထောက်တွေကို ပြောသွားပါတယ်။
▪️ လက်ရှိသမ္မတဂျိုးဘိုင်ဒင်က ယခုတိုက်ခိုက်မှုကို ရှုတ်ချလိုက်ကာ တရားခံဖြစ်သူ ISISကို ဝင်ရောက်ချင်တဲ့အကြောင်း ဗီဒီယိုရိုက်ကူးထားတာကို စစ်ဆေးတွေ့ရှိတယ်လို့ CNNက ဖော်ပြထားပါတယ်။
▪️ ဂျက်ဘာဟာ ၂၀၀၇ မတ်လမှ ၂၀၁၅ ဇန်နဝါရီအထိ အမေရိကန်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၅ ဇန်နဝါရီကနေ ၂၀၂၀ ဇူလိုင်အထိ အရန်တပ်မှာ ပါဝင်ခဲ့သလို အာဖဂန်နစ္စတန်မှာလည်း သွားရောက်တာဝန်ထမ်းဆောင်ဖူးပါတယ်။
#Source: Reuters
Page 77 of 929