#WorldHealth
Published - 12 March 2022
မိုဒါနာ(Moderna)ကုမ္ပဏီကထုတ်တဲ့ လက်ရှိကိုဗစ်ကာကွယ်ဆေးနဲ့ အိုမီခရွန်မျိုးဗီဇကွဲကိုကာကွယ်နိုင်တဲ့နည်းပညာအားပေါင်းစပ်ကာ ထုတ်လုပ်လိုက်တဲ့ကိုဗစ်အားမြှင့်ကာကွယ်ဆေး(booster)ကို စတင်စမ်းသပ်နေပြီဖြစ်ကြောင်း မိုဒါနာကုမ္ပဏီကကြေညာလိုက်ပါတယ်။
ကြာသပတေးနေ့က ပထမဦးဆုံးတစ်ယောက်ကို စမ်းသပ်ထိုးနှံခဲ့ပြီဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။အမေရိကန်နိုင်ငံရှိ နေရာ ၂၀ နေရာတို့မှာ လူပေါင်း ၃၇၅ ဦးကိုစမ်းသပ်ဖို့ မိုဒါနာကစီစဉ်ထားပါတယ်။
စမ်းသပ်ထိုးနှံမယ့်သူတွေဟာ အသက် ၁၈ နှစ်နဲ့အထက်ရှိသူတွေဖြစ်ပြီး မိုဒါနာကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးသူတွေအပြင် အနည်းဆုံးလွန်ခဲ့တဲ့ ၃ လက မိုဒါနာအားမြှင့်ကာကွယ်ဆေးထိုးထားတဲ့သူတွေလည်း ပါဝင်ပါတယ်။
အိုမီခရွန်မျိုးဗီဇကွဲဟာ ယခုနှစ်အစပိုင်းမှာ ကူးစက်မှုအလွန်မြင့်တက်ခဲ့ပြီးနောက် လတ်တလောမှာတော့ ကူးစက်မှုလျော့နည်းနေပြီဖြစ်ပါတယ်။ဖိုင်ဇာကထုတ်တဲ့ အသိအမှတ်ပြုကိုဗစ်ကာကွယ်ဆေးကို အိုမီခရွန်ကူးစက်မှုကိုကာကွယ်နိုင်မယ့် နည်းပညာနဲ့ပေါင်းစပ်ကာ ဖိုင်ဇာပေါင်းစပ်ကာကွယ်ဆေးကိုလည်း စမ်းသပ်လေ့လာနေပြီဖြစ်ပါတယ်။
နယူးယော့ခ်မှာ နံနက် ၁၀ နာရီ ၄၀ မိနစ်က ရှယ်ယာတန်ဖိုး ၄.၃ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး နှစ်အစတည်းကဆိုရင် ၄၆ ရာခိုင်နှုန်းအထိ ကျဆင်းနေခဲ့တာဖြစ်ပါတယ်။
Source: Bloomberg
#WorldWildlife
Published 11 March 2022
တောရိုင်းတိရိစ္ဆာန်တွေထဲမှာ မျိုးသုဉ်းပျောက်ကွယ်မယ့်အန္တရာယ်နဲ့ ကြုံတွေ့နေရတဲ့ အလွန်ရှားပါးတောဆိတ်သတ္တဝါများကိုကယ်ဆယ်ရန်အစီအစဉ်များဖြင့် ဆောင်ရွက်လျက်ရှိရာ ကင်ညာတောင်အောက်ရှိ သဘာဝဘေးမဲ့တောထဲသို့ ဘွန်ဂိုတောဆိတ်တွေကို ပထမဆုံးအကြိမ်လွှတ်ပေးခဲ့ပါတယ်။
#Yangon_Media_Group
Published 11 March 2022
အမေရိကန်နိုင်ငံမှာ နှစ်ပေါင်းလေးဆယ်အတွင်း ငွေကြေးဖောင်းပွမှု စံချိန်တင်မြင့်မားနေတဲ့အတွက် တစ်ပတ်ရစ်ကားဟောင်းတွေဟာ ကားသစ်တွေထက်တောင် ဈေးကြီးတဲ့အထိ ဈေးတွေတက်နေပါတယ်။
တမ်ပါမြို့မှာဆိုရင် တစ်ပတ်ရစ်ကားတွေထဲက ၁၀နှစ်သက်တမ်းလောက်ရှိတဲ့ကားတွေဟာ ကားသစ်တွေနီးပါးလောက် ဈေးမြင့်နေပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ တစ်ပတ်ရစ်ကားတွေရဲ့ဈေးတွေဟာ ၄၀ရာခိုင်နှုန်းကျော်မြင့်တက်လာနေပါတယ်။
Source CMG
Published 11 March 2022
လွတ်ထွက်လာတဲ့ နွားတစ်ကောင်ဟာ ကာလီဖိုနီးယားအမြန်လမ်းမကြီးပေါ် တက်ပြီး လမ်းသလားနေတဲ့အတွက် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အမြန်လမ်းမကြီးရဲ့ကားအသွားအလာတွေ ရပ်တန့်သွားရပါတယ်။ ယာဉ်မောင်းတွေရော ရဲတွေကပါ နွားကြီးကို လိုက်ဖမ်းကြပေမယ့် ဖမ်းမရခဲ့ပါဘူး။ အဲဒီနောက် နွားဟာ အနီးနားက ယာကွင်းတစ်ခုထဲ ဝင်သွားပါတော့တယ်။
အဲဒီအခါ ယာကွင်းထဲက ယာသမားတွေက နွားကို ဖမ်းဆီးပေးလိုက်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ယာဉ်မောင်းတွေ ရဲတွေထက် ယာသမားတွေက နွားနှင့်ပတ်သက်လို့ အတွေ့အကြုံပိုရှိလို့ဖြစ်ပါတယ်လို့ ဒေသဆိုင်ရာ CBS ရုပ်သံက သတင်းလွှင့်သွားပါတယ်။
Source AFP
#DailyNews
Published - 11 Mar 2022
၁။ ကျိုက်ထီးရိုးတောင်တန်းဒေသသို့ ခရီးသွားဝင်ရောက်မှု ပုံမှန်ထက်ကျဆင်းနေ
၂။ ကိုဗစ်အာမခံ စိတ်ဝင်စားသူများပြား
၃။ မိုးလေဝသ သတင်း
၄။ မျိုးသုဉ်းပျောက်ကွယ်မည့်အန္တရာယ်ကြုံတွေ့နေရသော ကင်ညာနိုင်ငံမှဘွန်ဂိုတောဆိတ်များအား စောင့်ရှောက်ကယ်ဆယ်ပေးလျက်ရှိ.......အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
Published 11 March 2022
ရုရှားရဲ့တောင်းဆိုမှုကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးကို မတ်၁၁ရက်သောကြာနေ့တွင် ခေါ်ယူမယ်လို့ သံတမန်တွေကပြောပါတယ်။ ယူကရိန်းနိုင်ငံအတွင်းမှာ အမေရိကန်ပြည်ထောင်စုရဲ့ ဇီဝဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုတွေ နှင့်ပတ်သက်လို့ ဆွေးနွေးစရာရှိတဲ့အတွက်လို့ ရုရှားကပြောပါတယ်။
အစည်းအဝေးကို မနက်ပိုင်းမှာကျင်းပဖို့ရှိပါတယ်။
“ ယူကရိန်းပိုင်နက်ထဲမှာ အမေရိကန်ရဲ့ စစ်ရေးဆိုင်ရာ ဇီဝလှုပ်ရှားမှုတွေကို ဆွေးနွေးဖို့အတွက် ရုရှားမစ်ရှင်က မတ်၁၁ရက်နေ့မှာ လုံခြုံရေးကောင်စီအစည်းအဝေးတစ်ခုခေါ်ယူပေးဖို့ တောင်းဆိုထားပါတယ်” လို့ ကုလသမဂ္ဂဆိုင်ရာ ရုရှားဒုတိယလက်ထောက်အမြဲတမ်းကိုယ်စားလှယ် ဒီမစ်ထရီပိုလီရန်စကီးက ပြောပါတယ်။
ယူကရိန်းမှာ အမေရိကန်က ဇီဝလက်နက် ဓာတ်ခွဲခန်းတွေ လည်ပတ်ဆောင်ရွက်နေတယ်ဆိုတဲ့ ရုရှားရဲ့ ယခုနောက်ဆုံး စွပ်စွဲချက်ကို အမေရိကန်က ငြင်းဆိုထားပါတယ်။ ဒါဟာရယ်စရာကြီးလို့ပြောလိုက်ပြီး မော်စကိုဟာ ဓာတုနှင့်ဇီဝလက်နက် တွေအသုံးပြုဖို့ လမ်းကြောင်းခင်းနေတယ်လို့ ပြန်ပြောပါတယ်။
Source Reuters/Agencies
#WorldPolitics
Published - 11 March 2022
အနောက်အုပ်စုက ရုရှားနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့ခြင်းများချမှတ်ခဲ့ရာ ထိုကဲ့သို့အရေးယူပိတ်ဆို့မှုများကြောင့် အစားအစာကုန်ဈေးနှုန်းနဲ့ လောင်စာဆီဈေးနှုန်းမြင့်တက်လာကာ အနောက်နိုင်ငံများအပေါ် တန်ပြန်သက်ရောက်လာမှာဖြစ်ကြောင်း ရုရှားသမ္မတ'ဗလာဒီမီယာပူတင်'က ကြာသပတေးနေ့ကပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ရုရှားတို့အနေနဲ့ ပြဿနာကိစ္စရပ်များကို ကိုယ်တိုင်ဖြေရှင်းပြီး ပိုမိုအင်အားကြီးထွားတဲ့နိုင်ငံဖြစ်လာမယ်လို့ ဆိုခဲ့ပါတယ်။ယူကရိန်းကို အထူးစစ်ရေးဆောင်ရွက်ချက်များပြုလုပ်ခြင်းမှာလည်း အခြားရွေးချယ်စရာလမ်းမရှိကြောင်း၊ ခဏတာစီးပွားရေးပြေလည်မှုနှင့် နိုင်ငံရဲ့အချုပ်အခြာအာဏာကို အပေးအယူဘယ်တော့မှလုပ်မှာမဟုတ်ကြောင်း အခိုင်အမာပြောသွားပါတယ်။
"ဒီဒဏ်ခတ်ပိတ်ဆို့မှုတွေက ဘယ်လိုပဲဖြစ်ဖြစ်ချမှတ်လာကြမှာပါ။ အဲဒါကြောင့် ပြဿနာအခက်အခဲတွေ ရှိလာမှာပါပဲ။ ဒါပေမဲ့ အရင်ကဒီပြဿနာတွေကို ကျော်လွှားခဲ့ပြီဖြစ်ပြီး အခုလည်း ကျော်လွှားသွားဦးမှာပါ။ နောက်ဆုံးကျရင် ရုရှားက ကိုယ်ပိုင်အချုပ်အခြာအာဏာဖြင့် အမှီအခိုမရှိဘဲ ကိုယ်ပိုင်ရပ်တည်နိုင်တဲ့နိုင်ငံဖြစ်လာမှာပါ" လို့ ရုရှားအစိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားသွားပါတယ်။
ရုရှားတပ်ဖွဲ့တွေ ယူကရိန်းစတင်ကျူးကျော်ပြီး ၂ ပတ်အကြာမှာ ရုရှားအစိုးရအဖွဲ့အစည်းအဝေးကို အွန်လိုင်းဗီဒီယိုကနေ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် ရုရှားတို့ရဲ့ဘဏ်တွေ၊ စီးပွားလုပ်ငန်းတွေ၊ ရုရှားခရိုနီလုပ်ငန်းရှင်တွေအနေနဲ့ စီးပွားရေးအကြပ်အတည်းရှိလာပြီး ဒီပြဿနာတွေကိုကြံ့ကြံ့ခံနိုင်ဖို့ တိုက်တွန်းမှာကြားတဲ့သဘောဖြစ်ပါတယ်။
အမေရိကန်တို့က ရုရှားမှရေနံဝယ်ယူမှုကို ပိတ်ပင်ထားတဲ့အပြင် အရေးယူပိတ်ဆို့မှုတွေကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာတာကြောင့် ရုရှားတို့ရဲ့စီးပွားရေးခက်ခဲလာပေမယ့် စာချုပ်ပါအချက်အလက်တာဝန်များအတိုင်း ဥရောပကိုရေနံများ ဆက်လက်တင်ပို့သွားမယ်လို့ ပူတင်ကဆိုပါတယ်။
ဥရောပရဲ့သဘာဝဓာတ်ငွေ့သုံးစွဲမှု ၃ ပုံ ၁ ပုံကို ရုရှားတို့က အဓိကထောက်ပံ့နေတာဖြစ်ပါတယ်။"အမေရိကန်ဈေးကွက်မှာ ရုရှားလောင်စာဆီတင်သွင်းခွင့်မပြုတော့ဘူးလို့ သူတို့ဘက်ကကြေညာထားပါတယ်။ ဈေးနှုန်းတွေတက်၊ ငွေကြေးဖောင်းပွမှုတွေ အလွန်မတန်စံချိန်တင်မြင့်မားလာပါပြီ။ သူတို့ပြုလုပ်တဲ့အမှားတွေရဲ့အကျိုးဆက်ကို ကျွန်တော်တို့အပေါ်အပြစ်တင်ဖို့ လုပ်နေကြတယ်။ ဒါကကျွန်တော်တို့နဲ့ ဘာမှမဆိုင်တော့ပါဘူး" လို့ 'ပူတင်'က ပြောကြားခဲ့ပါတယ်။
ရုရှားတို့ကလည်း အနောက်အုပ်စုအပေါ်တုန့်ပြန်ပိတ်ဆို့တဲ့အနေနဲ့ ဆက်သွယ်ရေးပစ္စည်း၊ ဆေးဝါး၊ မော်တော်ယာဉ်၊ စိုက်ပျိုးရေးပစ္စည်း၊ အီလက်ထရွန်နစ်နဲ့နည်းပညာအပြင် အခြားပစ္စည်းတွေကို ၂၀၂၂ မကုန်ခင်အထိ တင်ပို့ခြင်းကိုပိတ်ပင်ထားကြောင်း ရုရှားအစိုးရအဖွဲ့က ကြေညာခဲ့ပါတယ်။
တင်ပို့ခြင်းပိတ်ပင်ထားတဲ့ပစ္စည်းများစာရင်းမှာ မီးရထားတွဲများ၊ ကွန်တိန်နာများ၊ တာဘိုင်များနဲ့ အခြားပစ္စည်းတွေပါဝင်ပြီး စုစုပေါင်းအားဖြင့် အမျိုးအစား ၂၀၀ ကျော်ခန့်ပါဝင်နေပါတယ်။
နိုင်ငံရပ်ခြားမှကုန်ပစ္စည်းတွေကို လူတွေအသုံးပြုချင်ကြတာကိုနားလည်ပေမယ့် စိတ်အေးအေးထားပြီး ဒီအခက်အခဲတွေကိုဖြေရှင်းသွားနိုင်မယ်လို့ 'ပူတင်'ကယုံကြည်နေပါတယ်။
ရုရှားတို့က စိုက်ပျိုးရေးဓာတ်မြေဩဇာတွေ အဓိကထုတ်လုပ်တဲ့နေရာဖြစ်တာကြောင့် ရုရှားကိုအခက်အခဲဖြစ်အောင်ပြုလုပ်ပါက ကမ္ဘာ့အစားအသောက်ဈေးကွက်မှာ ဆိုးကျိုးတွေမလွဲမသွေသက်ရောက်လာမှာဖြစ်ကြောင်း 'ပူတင်'ကမှတ်ချက်ပြုလိုက်ပါတယ်။
ရုရှားနိုင်ငံရဲ့ စားနပ်ရိက္ခာဖူလုံမှုရှိကြောင်း စိုက်ပျိုးရေးဝန်ကြီးက အစည်းအဝေးပွဲမှာအတည်ပြုလိုက်ပါတယ်။အနောက်နိုင်ငံရဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေက ရုရှားတို့ရဲ့ ရွှေနဲ့နိုင်ငံခြားငွေထိန်းသိမ်းထားရှိမှုတို့ကို ရပ်ဆိုင်းသွားစေတာကြောင့် နိုင်ငံခြားကုန်သွယ်မှုတွေ ပြုလုပ်လို့မရတော့ပါဘူး။
ဒီလိုအခြေအနေတွေကိုဖြေရှင်းဖို့ ရုရှားကိုယ်ပိုင်ဘဏ္ဍာရေးစနစ်တည်ငြိမ်အောင် ဦးစားပေးဆောင်ရွက်ရမှာဖြစ်ကြောင်း ရုရှားဘဏ္ဍာရေးဝန်ကြီး'အန်တွန်ဆီလူအာနော့ဗ်'က အကြံပြုသွားပါတယ်။
Source: Reuters
Page 736 of 777