#Health_Defect
Published 07 May 2022
သားအိမ်လမ်းကြောင်း ၂ ခုဖြင့် မွေးဖွားလာတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်ဟာ သူ့ရဲ့ပုံမှန်မဟုတ်တဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းကြောင့် ကလေးမရမှာ စိုးရိမ်နေပေမယ့် သန္ဓေသားလေးကို သဘာဝလမ်းကြောင်းအတိုင်း မွေးဖွားနိုင်ခဲ့ပါတယ်။
အသက် ၂၉ နှစ်ရှိ 'စတက်ဖာနီဟတ်စ်တန်'ဆိုတဲ့ အမျိုးသမီးနဲ့ အသက် ၃၁ နှစ်ရှိ လက်တွဲဖော်'ဘန်လုဒ်ကီ'တိုဟာ 'စတယ်လာ'လို့ နာမည်ပေးထားတဲ့ကလေးကို ပြီးခဲ့တဲ့ဩဂုတ်လက မွေးဖွားနိုင်ခဲ့ပါတယ်။
သန္ဓေသားလေးက လက်ဝဲဘက်သားအိမ်မှာပဲ တည်ရှိနေခဲ့ကာ သန္ဓေလှုပ်တဲ့အခါ ဘက်မညီဘဲဖြစ်နေခဲ့ပါတယ်။
အသက် ၂၃ နှစ်အရွယ်တုန်းက မိန်းမကိုယ်ကနေ အလွန်နာကျင်လာတာကြောင့် မီးယပ်ဆရာဝန်နဲ့ပြသကြည့်တဲ့အခါ သားအိမ် ၂ ခုရှိတဲ့အခြေအနေကို သိရှိလိုက်ရပါတယ်။
ဒါ့အပြင် သားအိမ်လမ်းကြောင်းနဲ့ သားအိမ်ခေါင်းတို့ကပါ ၂ ခုဖြစ်နေတတ်ပါတယ်။
ဒီလိုအခြေအနေမျိုးက အမျိုးသမီးအယောက် ၅ ထောင်မှာ တစ်ဦးဖြစ်တတ်တဲ့အခြေအနေဖြစ်ပြီး သားအိမ် ၂ ခုက ပုံမှန်ထက်ပိုသေးနေတတ်တာကြောင့် ကိုယ်ဝန်ပျက်ကျခြင်း၊ လမစေ့ဘဲမွေးဖွားခြင်းများ ဖြစ်တတ်ပါတယ်။
သားအိမ်အတွင်းပိုင်းကို ဖုံးအုပ်ထားတဲ့အလွှာ ကောင်းစွာမဖွံ့ဖြိုးခြင်းနဲ့ သားအိမ်ခေါင်းပုံမှန်မဖြစ်ခြင်းတို့ကြောင့် သန္ဓေတည်ဖို့ပင်ခက်ခဲလေ့ရှိပါတယ်။
ဘေးထွက်ဆိုးကျိုးတွေဖြစ်မလာအောင် ဗိုက်ခွဲမွေးခြင်းမျိုး ပြုလုပ်ရလေ့ရှိပေမယ့် မစ္စ'ဟတ်စ်တန်'ကတော့ သဘာဝအတိုင်းမွေးဖွားနိုင်ခဲ့တာဟာ အထူးအဆန်းဖြစ်နေခဲ့ပါတယ်။
ကိုယ်ဝန်မဆောင်ခင်အချိန်တွေမှာ ဓမ္မတာလာတဲ့အခါ ပမာဏအလွန်များပြားနေခဲ့ပြီး ဆရာဝန်နဲ့ပြသတိုင်ပင်တဲ့အခါမှ သားအိမ် ၂ ခုဖြစ်နေမှန်းသိလိုက်ရပါတယ်။
သားအိမ်လမ်းကြောင်းနဲ့ သားအိမ်ခေါင်း ၂ ခုကြားမှာ အမြှေးပါးအကန့်လေးနဲ့ ပိုင်းခြားထားတာကို တွေ့ရှိရပါတယ်။
အဲဒီအမြှေးပါးက ယောနိအပေါက်ဝအထိ မရောက်တာကြောင့် မိန်းမကိုယ်အင်္ဂါ ၂ ခုရှိနေမှန်း မသိခဲ့တာဖြစ်ပါတယ်။
အသက်ငယ်ရွယ်သေးတဲ့အရွယ်မှာ ဒီလိုအခြေအနေရှိမှန်းသိလိုက်ရတာကြောင့် ကလေးမရနိုင်တော့ဘူးလားဆိုတဲ့ စိုးရိမ်စိတ်အမြဲရှိခဲ့ပေမယ့် ဘယ်တော့မှလက်မလျှော့ခဲ့ပါဘူး။
အသက် ၂၇ နှစ်တုန်းက ကိုယ်ဝန်ရခဲ့ပေမယ့် ပျက်ကျခဲ့ရပါတယ်။
ဒါပေမဲ့မဖြစ်နိုင်တဲ့ကြားထဲကပဲ 'စတယ်လာ'လေးကို ကိုယ်ဝန်လွယ်ခဲ့ရပါတယ်။ ကိုယ်ဝန်က အန္တရာယ်များတာကြောင့် အပတ်တိုင်းအာထရာဆောင်းရိုက်ခဲ့ပါတယ်။
သန္ဓေရှိနေတဲ့သားအိမ်က ကျဉ်းနေတာကြောင့် သန္ဓေဖွံ့ဖြိုးလာတဲ့အခါ ခက်ခဲလိမ့်မယ်လို့ သတိပေးကြပါတယ်။
လက်ဝဲဘက်သားအိမ်ထဲမှာပဲ သန္ဓေကြီးထွားလာတာကြောင့် ဗိုက်ရဲ့လက်ဝဲဘက်ခြမ်းကပဲကြီးလာပြီး တဖက်စောင်းနေခဲ့တယ်လို မစ္စ'ဟတ်စ်တန်'က ရှင်းပြပါတယ်။
လမစေ့ခင်မွေးမယ်လို့ထင်ခဲ့ကြပေမယ့် ပုံမှန်ထက် ၉ ရက်နောက်ကျကာ ကိုယ်ဝန်သက်တမ်း ၄၁ ပတ်မြောက်မှာ ဆရာဝန်တွေရဲ့အကူအညီနဲ့ အခက်အခဲမရှိ မွေးဖွားနိုင်ခဲ့ပါတယ်။
'စတယ်လာ'လေးကလည်း ကျန်းမာရေးပြဿနာတစ်စုံတရာမရှိဘဲ ဖွံ့ဖြိုးလာတဲ့အတွက် တကယ် ဝမ်းသာမိပါတယ်လို့ ပြောပြသွားပါတယ်။
Source: DailyMail
#Yangon_Media_Group
#WorldHealth
Published 07 May 2022
ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရဖူးသူတွေမှာ ဖိုင်ဇာနဲ့ မိုဒါနာတို့လို mRNA ကိုဗစ်ကာကွယ်ဆေး တတိယအကြိမ်ထိုးနှံခြင်းက အိုမီခရွန်မျိုးဗီဇကွဲကိုကာကွယ်ရာမှာ ထူးထူးခြားခြားထိရောက်နိုင်ဖွယ်မရှိကြောင်း လေ့လာတွေ့ရှိချက်အသစ်မှာဖော်ပြထားပါတယ်။
သုတေသီတိုက ၂၀၂၁ နိုဝင်ဘာလမှ ၂၀၂၂ ဇန်နဝါရီလအတွင်း ကွန်နက်တီကတ်မှလူပေါင်း ၁၃၀,၀၀၀ နီးပါးကို ကိုဗစ်စစ်ဆေးခဲ့ပြီး အိုမီခရွန်ကူးစက်သူ ၁၀,၆၇၆ ဦးပါဝင်ခဲ့ပါတယ်။
အရင်မျိုးဗီဇကွဲများကူးစက်သူအကြမ်းဖျင်းအားဖြင့် ၆ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းကြားရှိခဲ့ပြီး medRxiv ဝက်ဘ်ဆိုက်မှာဖော်ပြခဲ့ပါတယ်။
ကိုဗစ်ရောဂါကူးစက်ခံရဖူးသူတွေမှာ mRNA ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ်ထိုးနှံခြင်းက အိုမီခရွန်မျိုးဗီဇကွဲကိုကာကွယ်နိုင်စွမ်းမြှင့်တင်ပေးပေမယ့် တတိယအကြိမ်ထိုးနှံခြင်းကတော့ ကာကွယ်နိုင်စွမ်းပိုမိုပေးစွမ်းနိုင်မှာမဟုတ်ကြောင်း ယေးလ်တက္ကသိုလ်မှ'မာဂရက်လင်း'က ဆိုပါတယ်။
medRxiv ဝက်ဘ်ဆိုက်မှာဖော်ပြထားတဲ့ ကနေဒါကသုံးသပ်ချက်မှာလည်း ကာကွယ်ဆေးနှစ်ကြိမ်ထက်ပိုပြီးထိုးနှံခြင်းက အိုမီခရွန်ကာကွယ်နိုင်စွမ်း မဖြစ်စလောက်သာမြင့်တက်လာနိုင်ကြောင်း ဖော်ပြထားပါတယ်။
'လင်း'အသိပေးထားတဲ့အကြောင်းကြားစာထဲမှာ (၁) ကိုဗစ်ရောဂါကူးစက်ဖူးသည်ဖြစ်စေ/ မကူးစက်သည်ဖြစ်စေ mRNA ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံသင့်သည်၊ (၂) ရောဂါမကူးစက်ဖူးသူများက အားမြှင့်ကာကွယ်ဆေး(booster)ထိုးနှံသင့်သည်၊ (၃) ရောဂါကူးစက်ဖူးပြီး အသက်အန္တရာယ်ဖြစ်စေနိုင်လောက်တဲ့အထိ ခံစားရနိုင်တဲ့သူတွေမှာသာ booster ထိုးနှံသင့်သည်၊ သိုပေမယ့် နှစ်ကြိမ်ထက်ပိုမိုထိုးနှံခြင်းက ရောဂါကာကွယ်နိုင်စွမ်းသိသိသာသာမြင့်တက်မှာမဟုတ်တာကို သိရှိထားဖိုလိုအပ်သည် ဆိုပြီးမှာကြားထားပါတယ်။
Source Reuters
#Yangon_Media_Group
Published 6 May 2022
မာရီယူပူး ဆိပ်ကမ်းမြို့မှာရှိတဲ့ အာဇော့စတယ်လ် သံမဏိစက်ရုံမှာ ရုရှားတပ်တွေ၊ ဒွန်နက်စ်ပြည်သူ့စစ်တွေနှင့် ယူကရိန်းပ်တွေအကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ စီစဉ်ထားတဲ့ လူသားချင်းစာနာထောက်ထားမှုစင်္ကြံကနေ အရပ်သားတွေ ထပ်မံကယ်ထုတ်တာလည်း မရှိခဲ့ပါဘူး။
CGTN သတင်းထောက် ဒီမစ်ထရီမာဆလက် ဒရုန်းနှင့် ရိုက်ကူးခဲ့တဲ့ ဗွီဒီယိုမှာ ယခုရက်များအတွင်း အကြီးအကျယ် အမြောက်တွေနှင့်တိုက်ခိုက်ခဲ့တဲ့ အဝိုင်းခံနေရတဲ့ သံမဏိစက်ရုံကနေ မီးခိုးလုံးကြီးတွေ လိပ်တက်လာတာကိုတွေ့ကြရပါတယ်။
စက်ရုံထဲမှာ ယူကရိန်းစစ်သားတွေ ပိတ်ဆို့ထားတာကနေ အပြင်ထွက်ဖို့ကြိုးစားနေကြတာ တွေ့ရပြီးနောက် သူတို့ဟာအမြောက်တွေနှင့် ပစ်မှတ်ကို အတိအကျတိုက်ခိုက်ခဲ့ကြတယ်လို့ ဒွန်နက်စ်ပြည်သူ့စစ်တွေကပြောပါတယ်။ တစ်ပြိုင်တည်းမှာပဲ ရုရှားတပ်တွေကလည်း ယူကရိန်းတပ်တွေကို ပစ်ခတ်ခဲ့ပါတယ်။
အရပ်သား ၂၀၀ကျော်ဟာ စက်ရုံထဲမှာ ဆက်လက်ပိတ်မိနေဆဲလို့ ခန့်မှန်းထားကြတယ်လို့ ရုရှားမီဒီယာက သတင်းထုတ်ပြန်ပါတယ်။
ကုလလုံခြုံရေးကောင်စီနှင့် နိုင်ငံတကာကြက်ခြေနီအသင်းတို့ဟာ မာရီယူပူးလ်နှင့် သံမဏိစက်ရုံက အရပ်သားတွေကို တတိယအကြိမ်ကယ်ထုတ်ခဲ့ကြတယ်လို့ ကုလထွေချုပ် အန်တိုနီယိုဂူတာရက်စ်ကပြောပါတယ်။
ယခုအထိ အရပ်သား ၅၀၀ခန့် ကယ်ထုတ်ခဲ့ပြီးဖြစ်ပါတယ်။
Source CMG
#WorldSociety
Published 06 May 2022
ရိုမန်ဟောလီဒေးဇာတ်ကားဖြင့် စတင်နာမည်ကျော်ကြားခဲ့တဲ့ မင်းသမီးဟောင်း'အော်ဒရေဟပ်ဘန်း'နဲ့ 'ဂရက်ဂိုရီပက်ခ်'တို့ဟာ အဆိုပါဇာတ်ကားထဲက လာဘိုကာဒယ်လာဗဲရီတာရုပ်တုကြီးဘေးမှာ ချစ်စကားပြောဆိုခဲ့ကြပါတယ်။
#Yangon_Media_Group
#LocalNews
Published - 6 May 2022
မေလ(၈)ရက်မှာကျရောက်မယ့် ကမ္ဘာ့ကြက်ခြေနီနေ့အထိမ်းအမှတ်အဖြစ် ကမ္ဘာ့ကြက်ခြေနီနေ့အခမ်းအနားကို ရန်ကုန်မြို့မှာကျင်းပပြုလုပ်မည်ဖြစ်ပြီး ပြည်နယ်တိုင်းဒေသကြီးအသီးသီးကလည်း Video conferencing စနစ်နဲ့တက်ရောက်ကြမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#DailyNews
Published - 6 May 2022
၁။ ကျောက်မဲမြို့ရှိ စစ်ဘေးရှောင်များ နေရပ်ပြန်ကြပြီ မြို့ပေါ်တွင် စစ်ရှောင်စခန်း
နှစ်ခုသာကျန်ရှိ။
၂။ ကမ္ဘာ့ကြက်ခြေနီနေ့တွင် စွမ်းစွမ်းတမံတာဝန်ထမ်းဆောင်ခဲ့သည့်ကြက်ခြေနီများ၊ သက်ကြီးကြက်ခြေနီများကို ဂုဏ်ပြုချီးမြှင့်မည်။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ဟောလိဝုဒ်နာမည်ကျော်အော်ဒရေဟပ်ဘန်း၏ ကြေးရုပ်တု ဘရူဆဲလ်မြို့တွင်ဖွင့်လှစ်ထားရှိ...အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#WorldNews
Published 06 May 2022
အသက် ၇၂ နှစ်ရှိဘန်ကောက်မှအဘိုးအိုတစ်ဦးဟာ ဆုံးပါးသွားခဲ့ပြီးဖြစ်တဲ့ ဇနီးသည်ရဲ့ရုပ်အလောင်းကို ၂၁ နှစ်တိုင်အောင် အိမ်မှာထားရှိခဲ့ပါတယ်။
အခုနောက်ဆုံးမှာတော့ ဇနီးရဲ့အလောင်းကို မီးသဂြိုဟ်ခဲ့ပြီး အရိုးပြာတွေကိုအိမ်မှာသိမ်းဆည်းထားကာ ကျန်ရှိနေတဲ့ဘဝသက်တမ်းတလျှောက် ဇနီးသည်အတွက်ကောင်းမှုပြုဖို့ရည်ရွယ်ပြီး လူမှုကူညီရေးအဖွဲ့တစ်ခုမှာ စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ကူညီဖိုဆုံးဖြတ်ခဲ့ပါတယ်။
ကွယ်လွန်သွားသူဇနီးသည်ရဲ့ ရုပ်အလောင်းနဲ့ ဆယ်စုနှစ် ၂ ခုတိုင်အောင် နှစ်ကိုယ်တည်းနေထိုင်ခဲ့တဲ့ မစ္စတာ'ချန်ယန်ဝက်ချာကယ်'အကြောင်းကို ဧပြီ ၃၀ ရက်နေ့မှာဖော်ပြခဲ့ရာ အင်တာနက်သုံးစွဲသူအများအပြားက မစ္စတာ'ချန်'ကို အဆုံးမဲ့အချစ်မေတ္တာရှင်အဖြစ် ခေါ်ဝေါ်နေကြပါတယ်။
နာမည်ကြီးရှေ့နေ'နီတီထွန်ကောထို'က တနင်္လာနေ့က မစ္စတာ'ချန်'ဆီသွားပြီး အင်တာဗျူးမေးမြန်းခဲ့ပါတယ်။
ရှေ့နေရဲ့ပြန်လည်ပြောကြားချက်အရ အဘိုးအိုဟာ ပညာရေးအလွန်တတ်မြောက်သူဖြစ်ပြီး ဘွဲ့များစွာရရှိခဲ့ပါတယ်။
ဒါပေမဲ့ ဇနီးသည်ကွယ်လွန်ခဲ့ပြီးမှာ လျှပ်စစ်မီးတောင်မရှိဘဲနဲ့ သာမန်ဘဝဖြင့်သာ နေထိုင်ခဲ့ပါတယ်။
မစ္စတာ'ချန်'ဟာ ဘန်ခန်းခရိုင် ထရန်းခရိုင်ခွဲ ဆွိင်ရာမင်ထရာ(၃)နေရာရှိ ၇၈၀ စတုရန်းမီတာကျယ်ဝန်းတဲ့မြေမှာ စတိုခန်းလေးသဖွယ်ဖြစ်နေတဲ့ ကွန်ကရစ်တစ်ထပ်အိမ်လေးနဲ့ တစ်ဦးတည်းနေထိုင်နေတာဖြစ်ပါတယ်။
အိမ်ပြတင်းပေါက်တွေနဲ့ တံခါးတွေဟာ ပြုတ်ထွက်နေပြီး လျှပ်စစ်မီးနဲ့ရေလည်း မရရှိတာကြောင့် အိမ်နီးချင်းအိမ်ကရေကို မျှယူသုံးစွဲနေရပါတယ်။
ဧပြီ ၂၉ ရက်နေ့က မစ္စတာ'ချန်'ဟာ ဖီကာဆင်ဘန်ကောက်လူမှုကူညီရေးအသင်းကို သွားရောက်ကာ သူ့ဇနီးရဲ့အလောင်းကို မီးသဂြိုဟ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
လူမှုကူညီရေးအသင်းရဲ့ အမျိုးသမီးအမှုဆောင်အရာရှိတစ်ဦးက အဘိုးအိုဟာတစ်ကိုယ်တည်းနေထိုင်တယ်လို့ သိရှိထားတာကြောင့် စဉ်းစားတွေဝေခဲ့ရပါသေးတယ်။
အဘိုးအိုမော်တော်ဆိုင်ကယ်မတော်တဆမှုဖြစ်ခဲ့ကာ လူမှုကူညီရေးအသင်းက ကယ်ဆယ်ပြီးနောက် ပြီးခဲ့တဲ့ ၂ လအတွင်း သူမဟာ အဘိုးအိုဆီကိုနေ့စဉ်သွားရောက်ခဲ့ပြီး စားစရာသောက်စရာများ ပေးကမ်းနေခဲ့တာဖြစ်ပါတယ်။
အဘိုးအိုက သူ့အိပ်ခန်းငယ်လေးထဲမှာ ဇနီးသည်ရဲ့အလောင်းကို အခေါင်းထဲထည့်ပြီး သိမ်းဆည်းထားတယ်ဆိုတာကို နောက်မှသိရှိခဲ့ကြပါတယ်။
ဇနီးသည်အသက်ရှင်နေသလိုမျိုး ရုပ်အလောင်းကိုနေ့စဉ်စကားပြောဆိုနေခဲ့ကြောင်း၊ သူဆုံးပါးသွားတဲ့အခါ ဇနီးရဲ့အလောင်းကို သေသေချာချာစီစဉ်ပေးမယ့်သူ မရှိမှာစိုးတဲ့အတွက် အခုနောက်ဆုံးမီးသဂြိုဟ်ဖိုဆုံးဖြတ်လိုက်တာဖြစ်ကြောင်း ပြောပြသွားပါတယ်။
ဖေ့စ်ဘွတ်ခ်ပေါ်မှ တိုက်ရိုက်ထုတ်လွှင့်ပြသရာ ဇနီးသည်ရဲ့အခေါင်းနားမှာ အဘိုးအိုကငိုယိုနှုတ်ဆက်နေတဲ့ပုံရိပ်တွေဟာ အလွန်ကြေကွဲစရာကောင်းတဲ့ ဖြစ်ရပ်ဖြစ်ခဲ့ပါတယ်။
"မင်းမှာကိစ္စရှိလို့ ခဏသွားရတာပါ၊ မကြာခင်အိမ်ကိုပြန်လာရမှာပါ၊ သိပ်မကြာပါဘူး၊ ငါကတိပေးပါတယ်" လို့ ငိုယိုပြီးပြောဆိုနေခဲ့ပါတယ်။
မစ္စတာ'ချန်'ကသူ့စကားအတိုင်း နောက်နေ့မှာ အရိုးပြာတွေကိုအဝတ်ဖြူဖြင့်ထုတ်ပြီး သူ့အိပ်ခန်းလေးထဲမှာထားဖို့ အိမ်ကိုယူဆောင်သွားပါတယ်။
လူမှုအသင်းက ဝန်ထမ်းတွေက အဘိုးအိုရဲ့အိမ်အဟောင်းကိုသွားရောက်ပြီး သန့်ရှင်းရေးလုပ်ဆောင်ပေးခဲ့ကြပါတယ်။
မီးသဂြိုဟ်ပြီးနောက်နေ့မှာ အိမ်ဝန်းထဲက ခြုံနွယ်ရေညှိတွေနဲ့ သစ်ရွက်ခြောက်တွေရှင်းလင်းကာ အိမ်ခေါင်မိုးဖာထေးပြုပြင်ပြီး လျှပ်စစ်မီးရရှိအောင်ဆောင်ရွက်ပေးခဲ့ကြပါတယ်။
မစ္စတာ'ချန်'က မစ္စတာ'နီတီထွန်'ကိုပြောကြားရာမှာ အရင်တုန်းက ဇနီးသည်ရယ် သားနှစ်ယောက်ရယ်နဲ့အတူတူနေထိုင်ခဲ့ရာ ဇနီးသည်ကွယ်လွန်ပြီးနောက် ရုပ်အလောင်းကိုသိမ်းဆည်းထားရှိဖို့ဆုံးဖြတ်လိုက်ရာ သားနှစ်ယောက်ကလက်မခံနိုင်ဘဲ အိမ်ကနေထွက်ခွာသွားခဲ့ပါတယ်။
ဇနီးသည်သေဆုံးမှုကို စာရင်းသွင်းအကြောင်းကြားပြီးဖြစ်တာကြောင့် အဘိုးအိုဟာ ရုပ်အလောင်းဖုံးကွယ်ထိန်းသိမ်းထားမှု အပြစ်မဖြစ်နိုင်ပါဘူး။
မစ္စတာ'နီတီထွန်' အဘိုးအိုအိမ်ကိုတနင်္လာနေ့ကသွားရောက်ခဲ့ရာ လူမှုအသင်းကဝန်ထမ်းတွေက ခြံဝန်းကို ရှင်းလင်းပြုပြင်နေဆဲဖြစ်ပါတယ်။
လူမှုကူညီရေးအသင်းက အဘိုးအိုကို မွေ့ရာ၊ စောင်၊ ခေါင်းအုံးအသစ်တွေ ပေးအပ်ခဲ့ပါတယ်။
အဘိုးအိုက မစ္စတာ'နီတီထွန်'ကိုပြောပြရာမှာ ဆေးဝါးတက္ကသိုလ်မှဘွဲ့ရပြီးနောက် ထိုင်းတော်ဝင်စစ်တပ်မှာ ဆေးကုသသူဖြစ်ခဲ့ပါတယ်။
သူ့ဇနီးက ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနမှာ အရာရှိတစ်ဦးဖြစ်ခဲ့ပါတယ်။
မစ္စတာ'ချန်'က တိုင်းရင်းဆေးပညာမှာလည်း ဘွဲ့ရရှိခဲ့ပြီး သူ့ခြံဝန်းထဲမှာ ဆေးပင်ပေါင်းများစွာစိုက်ပျိုးခဲ့ပါတယ်။
နှစ်ကြိမ်တိုင်တိုင် မြွေကိုက်ခံခဲ့ရပေမယ့် သူ့ရဲ့ဆေးအသိပညာကြောင့် ဆက်ပြီးအသက်ရှင်နေနိုင်ခဲ့တာဖြစ်ပါတယ်။
ဒါတင်မကသေးဘဲ ရမ်ခမ်ဟန်အိုးပင်းတက္ကသိုလ်ကနေ ဥပဒေဘွဲ့ရရှိခဲ့ပြီး ၁၉၈၄ ခုနှစ်မှာ ရှေ့နေလိုက်ခွင့်လိုင်စင် ရရှိခဲ့ပါတယ်။
Source Straits Times
#Yangon_Media_Group
Page 720 of 812