#World_News
Published 13 November 2024
▪️ တရုတ်ပြည်တောင်ပိုင်းမှာ ကားတစ်စီးက အားကစားစင်တာတစ်ခုရှိ လူအုပ်ထဲကို ဝင်တိုက်သဖြင့် လူ ၃၅ ဦးသေဆုံးကာ ၄၃ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး တရုတ်သမိုင်းကြောင်းမှာ အသက်အန္တရာယ် အထိခိုက်ဆုံး တိုက်ခိုက်မှုတွေထဲက တစ်ခုဖြစ်လာပါတယ်။
▪️ မကာအိုအနီး တရုတ်တောင်ပိုင်း လူဦးရေ ၂သန်းခွဲခန့်ရှိတဲ့ ကျူဟိုင်မြို့မှာ တနင်္လာနေ့ညက ဖြစ်ပွါးခဲ့တာဖြစ်ပါတယ်။
▪️ လူတွေမြေပြင်ပေါ် လဲနေပြီး ကားတစ်စီးက ထိုနေရာကနေ ထွက်ပြေးနေတဲ့ ဗီဒီယိုတွေ ပုံရိပ်တွေက တနင်္လာနေ့ည တရုတ်ဆိုရှယ်မီဒီယာတွေပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။
▪️ အသက် ၆၂ နှစ်အရွယ် ဖန်လို့အမည်ရတဲ့ ယာဉ်မောင်းသူကို ဖမ်းဆီးခဲ့ပြီး သူ့ရဲ့လည်ပင်းနဲ့ အခြားနေရာတွေမှာ ကိုယ့်ကိုယ်ကို ဓားနဲ့ခြစ်ထားတယ်လို့ ယူဆရတဲ့ ဒဏ်ရာတွေကိုလည်း ဆေးရုံတက်ရောက်ကုသ ထားရပါတယ်။
▪️ ဖန်ဟာ လင်မယားကွာရှင်းခြင်းမှာ ပစ္စည်းဥစ္စာခွဲဝေမှုနဲ့ ပတ်သက်ပြီး မကျေနပ်တာတွေ ရှိတယ်လို့ ရဲတွေက ပြောပါတယ်။
▪️ အင်္ဂါနေ့ညနေခင်းမှာ အခင်းဖြစ်ပွားရာ အားကစားစင်တာ အပေါက်ဝတစ်ခုမှာ ဖယောင်းတိုင်တွေ ပန်းတွေခင်းထားတာကို မြင်တွေ့ရပါတယ်။
▪️ ကျူဟိုင်မြို့နဲ့ ကွမ်တုံပြည်နယ်မှ ကယ်ဆယ်ရေးလုပ်သား ရာနဲ့ချီ ရောက်ရှိလာပြီး အရေးပေါ်ကုသမှု ပေးခဲ့သလို ဆေးရုံ ၅ ခုမှ ကျန်းမာရေးဝန်ထမ်း ၃၀၀ကျော်ဟာ အချိန်နဲ့အမီ အသက်များကယ်ဆယ်ခဲ့ကြပါတယ်။
▪️ ကျူဟိုင်မှာ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်ရဲ့ အကြီးမားဆုံး နှစ်စဉ်လေကြောင်းပြပွဲကြီး ပြုလုပ်နေချိန်မှာ အခုလို ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
▪️ သမ္မတရှီကျင့်ဖင်က ဒဏ်ရာရသူများကို အတတ်နိုင်ဆုံး ကြိုးစားကုသရန်နဲ့ အပြစ်ကျူးလွန်သူကို ပြင်းပြင်းထန်ထန် အရေးယူရန် CCTVရုပ်သံကနေ မိန့်ကြားလိုက်ပါတယ်။
▪️ ဒီအမှုကို ကိုင်တွယ်ဖို့ ဗဟိုအစိုးရက အဖွဲ့တစ်ဖွဲ့ စေလွှတ်လိုက်တယ်လို့ ဖော်ပြထားပါတယ်။
Source: Reuters။
#World_Health
Published 13 November 2024
▪️ အဆင့်ဆင့် ထုတ်လုပ်ထုပ်ပိုးတဲ့ အစားအစာတွေဖြစ်တဲ့ မုန့်ထုပ်များ၊ အချိုရည်များ၊ စက်ရုံထုတ်ပေါင်မုန့်များ၊ အသီးဒိန်ချဉ်၊ အချို့သော နံနက်စာကွေကာများ၊ အသားတုများဟာ ခန္ဓာကိုယ် ဇီဝဖြစ်စဉ်တွေ အိုမင်းရင့်ရော်ခြင်းကို မြန်ဆန်စေတယ်လို့ တွေ့ရှိထားပါတယ်။
▪️ ခန္ဓာကိုယ်ထဲက ဆဲလ်တွေ တစ်ရှူးတွေရဲ့ သက်တမ်းကို ဇီဝဖြစ်စဉ်အိုမင်းခြင်းလို့ သတ်မှတ်ပြီး အစားအစာ၊ လေ့ကျင့်ခန်းစတဲ့ စားသောက်နေထိုင်မှုပုံစံနဲ့ မျိုးဗီဇတို့က လွှမ်းမိုးထားပါတယ်။
▪️ အဆင့်ဆင့်ထုပ်ပိုးသော အစားအစာတွေကနေ နေ့စဉ် ကယ်လိုရီ ၁၄ ရာခိုင်နှုန်းကျော် စားသုံးသူတွေဟာ ယင်းတို့ရဲ့ လက်ရှိသက်တမ်းထက် ဇီဝဖြစ်စဉ်အရ ပိုမိုအိုမင်းလာတယ်လို့ သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်း အီတလီလူမျိုး စမ်းသပ်ခံသူတွေမှာ တွေ့ရပါတယ်။
▪️ ထိုကဲ့သို့ အစားအစာတွေဟာ ကယ်လိုရီ၊ သကြား၊ အဆီ၊ ဆားတို့ အများအပြား ပါဝင်နေပါတယ်။
▪️ ဒါ့အပြင် အာဟာရဓာတ်တွေနဲ့ အမျှင်ဓာတ်လည်း ဆုံးရှုံးစေတယ်လို့ သုတေသနပြုစုသူ မယ်ရီယာလော်ရာဘိုနာစီယိုက ရှင်းပြပါတယ်။
▪️ ဇီဝကမ္မဖြစ်စဉ်၊ အူလမ်းကြောင်း အဏုဇီဝပိုးမွှားများရဲ့ လုပ်ဆောင်ချက်နဲ့ ဖွဲ့စည်းပုံတို့မှာလည်း ထိခိုက်လာပြီး ပလတ်စတစ်တွေလည်း ဝင်နိုင်တာကြောင့် ခန္ဓာကိုယ်ကို အဆိပ်အတောက် ဖြစ်စေပါတယ်။
▪️ သွေးတွင်းမှာ သကြားဓာတ်များပြားပါက ဆဲလ်များ ထိခိုက်စေပြီး ရောင်ရမ်းခြင်းဖြစ်စေကာ အဝလွန်ခြင်း၊ နှလုံးရောဂါ၊ ဆီးချို, အသည်းရောဂါနဲ့ ကင်ဆာအမျိုးမျိုး ဖြစ်စေပါတယ်။
▪️ အမေရိကန်တွေရဲ့ နေ့စဉ်ကယ်လိုရီ စားသုံးမှုတွေထဲမှာ အဆင့်ဆင့်ထုပ်ပိုးထားတဲ့ အစားအစာတွေက ၆၀ ရာခိုင်နှုန်းလောက် ပါဝင်နေတယ်လို့ မကြာသေးမီက တွေ့ရှိထားပါတယ်။
Source: New York Post.
#World_Health
Published 13 November 2024
▪️ လေ့လာချက်အသစ်အရ နေ့စဉ် လေ့ကျင့်ခန်း ၅ မိနစ်ခန့် ပိုလုပ်ခြင်းဖြင့် သွေးဖိအားသိသိသာသာ လျော့ကျစေပြီး နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေ လျှော့ချနိုင်ပါတယ်။
▪️ ကိုယ်လက်လှုပ်ရှား အချိန်အနည်းငယ်မျှ ပြုလုပ်ခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူး ရနိုင်ပုံကို ProPASS အဖွဲ့အစည်းမှ သုတေသီများ တွေ့ရှိခဲ့ကြပါတယ်။
▪️ စမ်းသပ်ရာမှာ နိုင်ငံ ၅ နိုင်ငံမှ ဆန္ဒရှိသူ ၁၄၇၆၁ ဦးရဲ့ ကျန်းမာရေးအချက်အလက်များကို ဆန်းစစ်ခဲ့ပါတယ်။
▪️ ယင်းတို့ရဲ့ လှုပ်ရှားမှုကို တိုင်းတာဖို့ ကိရိယာကို ပေါင်မှာတပ်ဆင်ထားပြီး တစ်နေ့လုံး လှုပ်ရှားမှုတွေနဲ့ သွေးဖိအားတို့ကို တိုင်းတာခဲ့ပါတယ်။
▪️ နေ့စဉ်လှုပ်ရှားမှုကို ကဏ္ဍ ၆ ခုခွဲခြားထားကာ အိပ်စက်ခြင်း၊ သက်သက်သာသာနေခြင်း၊ မတ်တပ်ရပ်ခြင်း၊ ဖြည်းဖြည်းလမ်းလျှောက်ခြင်း၊ မြန်မြန်လမ်းလျှောက်ခြင်း၊ ပြင်းထန်တဲ့ လှုပ်ရှားမှုတို့ ဖြစ်ပါတယ်။
▪️ သိပ်ပြီးလှုပ်ရှားမှု မရှိတဲ့ အလေ့အထကို ၅ မိနစ်စာမျှ လေ့ကျင့်ခန်း ပိုလုပ်ခြင်းဖြင့် အပေါ်သွေးကို ၀.၆၈ မီလီမီတာမာကျူရီ၊ အောက်သွေးကို ၀.၅၄ မီလီမီတာမာကျူရီ လျှော့ချပေးနိုင်တာ တွေ့ခဲ့ကြပါတယ်။
▪️ နှလုံးခုန်နှုန်းကို မြင့်တက်စေကာ နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေကို ၁၀ ရာခိုင်နှုန်း လျှော့ချပေးပါတယ်။
▪️ သွေးပေါင်ချိန်မြင့်တက်ခြင်းက တစ်ကမ္ဘာလုံးမှာ ကျန်းမာရေးပြဿနာကြီးတစ်ခု ဖြစ်နေပေမယ့် လေ့ကျင့်ခန်း ၅ မိနစ်မျှ ပြုလုပ်ခြင်းဖြင့် သွေးပေါင်ချိန် ကျစေနိုင်တယ်လို့ ProPASS မှ ညွှန်ကြားရေးမှူး ပရော်ဖက်ဆာ အီမန်နျူယယ်စတာမာတာကစ်က ပြောသွားပါတယ်။
▪️ ကိုယ်လက်လှုပ်ရှား ပြုလုပ်ခြင်းဟာ သွေးပေါင်ချိန် တိုးတက်စေဖို့ အချိန်အများကြီး မလိုအပ်ဘူးလို့ ဆိုပါတယ်။
▪️ လေ့ကျင့်ခန်း သိပ်ပြီးမလုပ်တဲ့ သူတွေမှာတောင် လမ်းလျှောက်ခြင်းဖြင့် သွေးပေါင်ချိန်အတွက် အကျိုးရှိစေပါတယ်။
▪️ တစ်နေ့ကို လှုပ်ရှားမှု ဖြည်းဖြည်းချင်း တိုးမြှင့်လုပ်ဆောင်သွားပါက ကျန်းမာရေးအကျိုးကျေးဇူး ရရှိလာလိမ့်မယ်လို့ သုတေသနတွေမှာ တွေ့ထားပါတယ်။
Source: The Jerusalem Post.
ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ မြောက်ကိုရီးယားနိုင်ငံနဲ့ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ်ကို ဥပဒေသတ်မှတ်ဖို့ စနေနေ့က လက်မှတ်ရေးထိုးခဲ့ပါတယ်။
#World_News
Published 12 November 2024
#မြောက်ကိုရီးယားနှင့်ရုရှားသမ္မတပူတင် #ဘက်စုံမဟာဗျူဟာမြောက်လက်မှတ်ရေးထိုး
၁၂ နိုဝင်ဘာ ၂၀၂၄
တရုတ်လေတပ်က တည်ထောင်ခြင်း ၇၅နှစ်ပြည့်ရောက်ရှိချိန်တွင် J-35A ကဲ့သို့သော တိုက်လေယာဉ် များဖြင့် ယင်းရဲ့လေတပ်ကို မြှင့်တင်အားဖြည့်နေတယ်လို့ တရုတ်မီဒီယာတွေက သတင်း ရေးသား ပါတယ်။
Source CCTV+
၁၂ နိုဝင်ဘာ ၂၀၂၄
▪️ရန်ကုန်မြို့အခြေစိုက် အိန္ဒိယသံရုံး ယဉ်ကျေးမှုဌာန၊ အိန္ဒိယစင်တာက ကျင်းပတဲ့ “ ရာမယဏပန်းချီပြပွဲ" ကို ရန်ကုန်မြို့ရှိ အမျိုးသားပြတိုက်တွင် နိုဝင်ဘာ ၈ ရက်မှ ၁၅ ရက်နေ့အထိဖွင့်လှစ်ပြသနေပါတယ်။
▪️ဖွင့်ပွဲအခမ်းအနားကို ယနေ့ နိုဝင်ဘာ ၁၂ ရက် ညနေ (၄)နာရီက အဆိုပါ အမျိုးသားပြတိုက်ခန်းမတွင်ကျင်းပခဲ့ရာ အိန္ဒိယံသံအမတ်ကြီး Mr. Abhay Thakur နှင့်ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းတို့က အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပါတယ်။အဲဒီနောက်ပြပွဲဖြစ်မြောက်ရေးတာဝန်ရှိသူများကလည်းဆက်လက်ပြီးနှုတ်ခွန်းဆက်စကားများပြောကြားခဲ့ကြပါတယ်။
▪️အိန္ဒိယနိုင်ငံ ယဉ်ကျေးမှုဆိုင်ရာဆက်ဆံရေးကောင်စီ (ICCR) ၏ ကမကထပြုမှုဖြင့် အိန္ဒိယစင်တာကပြသတဲ့" ရာမယဏပန်းချီပြပွဲ"တွင် အိန္ဒိယနိုင်ငံ၏ နာမည်ကျော် ပန်းချီဆရာများရဲ့ ပန်းချီလက်ရာများကို ခင်းကျင်း ပြသထားပါတယ်။
▪️အိန္ဒိယနိုင်ငံ၏ အရေးပါသော စာပေကျမ်းဂန်ဖြစ်သည့် ရာမယဏ သည် အိန္ဒိယနှင့် မြန်မာနိုင်ငံရှိ ပြည်သူများ၏ စံနှုန်းတန်ဖိုးများနှင့် အတွေးအခေါ်များကို တူညီစွာ ထင်ဟပ်စေပါတယ်လို့ အိန္ဒိယသံရုံးက သတင်းထုတ် ပြန်ပါတယ်။
▪️အဆိုပါပြပွဲကို ပန်းချီချစ်မြတ်နိုးသူများနှင့် သုတေသီများ ပြည်သူများ မည်သူမဆို နိုဝင်ဘာ ၁၅ ရက်နေ့အထိ အမျိုးသားပြတိုက်တွင် သွားရောက်ကြည့်ရှုလေ့လာနိုင်ကြောင်းသိရှိရပါတယ်။
#World_News
Published 12 November 2024
▪️ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဒေါ်နယ်ထရမ့်က ဖလော်ရီဒါမှ ရီပတ်ဘလစ်ကန် မိုက်ခ်ဝေါ့ဇ်ကို နိုင်ငံတော်လုံခြုံရေးအကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်သွားရန် စီစဉ်နေကြောင်း ရွေးကောက်ပွဲ သတင်းနီးစပ်သူထံမှ သိရှိရပါတယ်။
▪️ နိုင်ငံတော်လုံခြုံရေး အကြံပေးအနေနဲ့ ဝေါ့ဇ်ဟာ ယူကရိန်းစစ်ပွဲကနေစလို့ ဂါဇာရှိ အစ္စရေးလ်-ဟားမတ်စ် စစ်ပွဲအထိ ပထဝီနိုင်ငံရေး ပဋိပက္ခတွေမှာ အမေရိကန်မူဝါဒ ပုံဖော်ရေးအတွက် အရေးပါတဲ့ကဏ္ဍကနေ ပါဝင်သွားရမှာ ဖြစ်ပါတယ်။
▪️ ဒီတာဝန်ရာထူးဟာ ဝန်ကြီးအဖွဲ့အဆင့် မဟုတ်သလို အထက်လွှတ်တော်မှ အတည်ပြုစရာ မလိုအပ်ပါဘူး။
▪️ အမေရိကန် အထူးတပ်ဖွဲ့ဝင်ဟောင်း ဝေါ့ဇ်ဟာ ထရမ့်နဲ့ရင်းနှီးတာ ကြာပြီဖြစ်ပြီး လွှတ်တော်မှာ တရုတ်ဝေဖန်ရေး ဦးဆောင်သူအဖြစ်လည်း မှတ်ယူထားပါတယ်။
▪️ ၂၀၁၈ ခုနှစ် လွှတ်တော်မှာ နေရာရလာတည်းက တရုတ်ပြည်မှ ရှားပါးသတ္တုများအပေါ် မှီခိုမှုလျှော့ချရေး၊ အမေရိကန် ကောလိပ်များနဲ့ တက္ကသိုလ်များကို တရုတ်ထောက်လှမ်းမှုမှ ကာကွယ်ရေးတို့အတွက် ဥပဒေများကို ဦးဆောင်ချပြခဲ့ပါတယ်။
▪️ ဒါ့အပြင် စစ်တပ်ထောက်လှမ်းရေးအေဂျင်စီနဲ့ နိုင်ငံခြားရေးတို့ ပါဝင်တဲ့ အောက်လွှတ်တော် ကော်မတီတွေမှာလည်း တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
▪️ ၂၀၂၄ ထရမ့်စည်းရုံးရေးပွဲ ပြုလုပ်စဉ် လုပ်ကြံခံရမှုကို စုံစမ်းနေတဲ့ အောက်လွှတ်တော်အဖွဲ့ထဲမှာလည်း တာဝန်ထမ်းဆောင်နေပါတယ်။
▪️ ယူကရိန်းစစ်ပွဲကို သံတမန်ရေးရာ ဖြေရှင်းချက်မျိုးဖြင့် အဆုံးသတ်နိုင်လိမ့်မယ်လို့ ယုံကြည်နေကြောင်း ဝေါ့ဇ်က NPRနဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
▪️ ရုရှားကို စွမ်းအင်ဒဏ်ခတ်ပိတ်ဆို့မှုများ ပိုမိုချမှတ်ပြီး အမေရိကန် စွမ်းအင်များကို တိုးမြှင့်တင်ပို့ခြင်းဖြင့် ပဋိပက္ခညှိနှိုင်းရာမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်ကို လွှမ်းမိုးနိုင်လိမ့်မယ်လို့ ဝေါ့ဇ်က အကြံပြုထားပါတယ်။
▪️ ထိုအခါ ပူတင်ရဲ့ စီးပွားရေး စစ်ရေးတွေ အလျင်အမြန် ကုန်ခမ်းလာပြီး ညှိနှိုင်းလာလိမ့်မယ်လို့ ပြောသွားပါတယ်။
▪️ အသက် ၅၀ အရွယ်ဝေါ့ဇ်ဟာ လွှတ်တော်မှာ ရွေးချယ်မခံရခင် စစ်တပ်နဲ့ အမျိုးသားအစောင့်တပ်တို့မှာ ၂၇ နှစ်တာ တာဝန်ထမ်းဆောင်ခဲ့ပြီး အာဖဂန်နစ္စတန်၊ အရှေ့အလယ်ပိုင်း၊ အာဖရိကတို့က တိုက်ခိုက်ရေးတွေမှာ ပါဝင်ခဲ့ပါတယ်။
Source: NPR
Page 36 of 849