Published 19 April 2024
အဆင့်မြင့်စမတ်ဖုန်းတွေ အလွယ်တကူ ရရှိနိုင်တဲ့ခေတ်ကြီးမှာ အခြေခံဖုန်းခေါ်ဆိုမှုသာ လုပ်နိုင်တဲ့ သာမန်ဆဲလ်ဖုန်းတွေကို တမင်ရွေးချယ် အသုံးပြုနေတဲ့သူတွေလည်း ရှိပါတယ်။
အွန်လိုင်းလှုပ်ရှားမှုတွေ ပိုမိုခေတ်စားလာရာမှာ စမတ်ဖုန်းတွေက မရှိမဖြစ် ပစ္စည်းဖြစ်လာပါတယ်။
အမျိုးမျိုးသော လုပ်ဆောင်ချက်တွေကို စမတ်ဖုန်းတွေနဲ့သာ အသုံးပြုနိုင်ပေမယ့် အချို့လူတွေကတော့ စမတ်ဖုန်းအသုံးမပြုဘဲ သာမန်ဆဲလ်ဖုန်းများကိုသာ သုံးနေကြပါတယ်။
ဒါပေမဲ့ ဒီဂျစ်တယ်လောကကနေ အာရုံလွှဲပြောင်းချင်သူတွေကတော့ သာမန်ဆဲလ်ဖုန်းတွေကို ပြန်လည်စွဲကိုင်လာကြပါတယ်။
ဖင်လန်နိုင်ငံနဲ့ အမေရိကန် အော်လ်တိုတက္ကသိုလ်မှ သုတေသနတစ်ခု ပြုလုပ်ကြကာ လူအနည်းငယ်ကို မေးမြန်းခဲ့ကြပါတယ်။
စမတ်ဖုန်းနဲ့ အဆက်အသွယ်ဖြတ်တဲ့ အကျိုးဆက်တွေ၊ ကျန်းမာရေးအတွက် ရည်ရွယ်တဲ့ သာမန်ဆဲလ်ဖုန်း အသုံးပြုပုံတွေကို ရှာဖွေခဲ့ကြပါတယ်။
အချို့သော ဆဲလ်ဖုန်းတွေဆိုရင် ဈေးကြီးပြီး ပြည်တွင်းဈေးကွက်မှာ မရှိတဲ့အတွက် အာဖရိကကနေ မှာယူတဲ့ ဥရောပသားတွေရှိတယ်လို့ ကွန်ပျူတာသိပ္ပံဌာနမှ ပရော်ဖက်ဆာ ယန်းလင်းဗစ်က ဆိုပါတယ်။
စမတ်ဖုန်းမသုံးချင်ကြတော့တဲ့ အကြောင်းအရင်းတွေက အမျိုးမျိုး ဖြစ်နေကြပြီး အချို့မိဘတွေဆိုရင် ကလေးတွေ စမတ်ဖုန်းစွဲလမ်းမှုမဖြစ်အောင် ယင်းတို့ကိုယ်တိုင် အသုံးမပြုကြတာ ဖြစ်ပါတယ်။
စမတ်ဖုန်းမကိုင်တဲ့ သူတွေကတော့ တီထွင်ကြံဆပြီး နေထိုင်ကြရပါတယ်။
ကပ်ရောဂါကာလမှာဆိုရင် စမတ်ဖုန်းရဲ့ သက်ရောက်မှုက အလွန်ကြီးမားတာကို မြင်တွေ့နိုင်ပါတယ်။
စမတ်ဖုန်းမပါဘဲ နေထိုင်နိုင်ဖို့ နည်းလမ်းမျိုးစုံ ကြံဆရတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
အချို့ဆိုရင် စမတ်ဖုန်းလိုအပ်တဲ့အခါ ရင်းနှီးသူတစ်ယောက်ယောက်ရဲ့ ဖုန်းကို ငှားရမ်းအသုံးပြုကြရပါတယ်။
ဒါကြောင့် လက်တွေ့ကျကျ ပြောရမယ်ဆိုရင် စမတ်ဖုန်းမရှိဘဲ နေထိုင်ဖို့ဆိုတာ ပြောင်းလဲချင့်ချိန်တတ်ဖို့ လိုအပ်ပါတယ်။
Source: The Jerusalem Post
Published 19 April 2024
ကိုယ်အလေးချိန် ထိန်းသိမ်းဖို့ ကြိုးစားတဲ့အခါ အစားအသောက်ပုံစံနဲ့ လေ့ကျင့်ခန်းများအပြင် အခြားအရာတွေလည်း ပါဝင်ပါတယ်။
လုံလောက်စွာ အိပ်စက်ခြင်းက စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ပါ အရေးကြီးပါတယ်။
အိပ်ချိန်နည်းလွန်းခြင်းက ကိုယ်အလေးချိန်ချရာမှာ အနှောင့်အယှက် ဖြစ်စေနိုင်ပြီး ဝိတ်တက်စေနိုင်ပါတယ်။
အိပ်စက်ခြင်းစက်ဝန်းနဲ့ ကိုယ်အလေးချိန်ကြား ဆက်စပ်မှုကို အာဟာရပညာရှင် အမ်မာမီအက်ဂါဝယ်က ရှင်းပြသွားပါတယ်။
အစားမှန် လေ့ကျင့်ခန်းမှန် ပြုလုပ်တဲ့ကြားက ကိုယ်အလေးချိန် မကျဘူးဆိုရင် လုံလောက်စွာ မအိပ်စက်ရတာကြောင့် ဖြစ်နိုင်ပါတယ်။
ကိုယ်အလေးချိန်ကို အိပ်စက်ခြင်းက သက်ရောက်နေတဲ့ နည်းလမ်း ၃ မျိုးကတော့ ..
(၁) အိပ်ရေးပျက်တယ်ဆိုရင် အဆီမလောင်ကျွမ်းဘဲ အဆီသိုလှောင်လာကာ ကယ်လိုရီအနည်းငယ်သာ လောင်ကျွမ်းပါတယ်။
(၂) အိပ်ရေးပျက်ပါက ဖိစီးမှုဟော်မုန်း မြင့်တက်စေပြီး အဆီလောင်ကျွမ်းမှု နှောင့်နှေးစေပါတယ်။
(၃) ဇီဝကမ္မဖြစ်စဥ် မြန်တယ်ဆိုရင် ကယ်လိုရီပိုမိုလောင်ကျွမ်းတဲ့အတွက် အိပ်ရေးပျက်ရင်တော့ ဇီဝကမ္မဖြစ်စဥ်နှေးစေကာ ကိုယ်အလေးချိန်ကျဖို့ ခက်စေပါတယ်။
Source: NDTV
၁၈ ဧပြီ ၂၀၂၄
အစ္စရေးလ်ကို အီရန်တိုက်ခိုက်တာဟာ အကျိုးအကြောင်း ဆီလျော်ပြီး တရားဝင်ဖြစ်ကာ ဒေသတွင်းတင်းမာမှု မြင့်တက်စေလိုခြင်း မရှိဘူးလို့ အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ နက်ဆာကန်နာနီက တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။
အီရန် မီဒီယာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားရာမှာ ကန်နာနီက အီရန်လုပ်ရပ်ဟာ တရားဝင် ကိုယ်ပိုင်ကာကွယ်ခွင့်ရှိတယ်ဆိုတဲ့ ကုလသမဂ္ဂ ပဋိဉာဥ်စည်းမျဥ်း အပိုဒ် ၅၁ နဲ့ ကိုက်ညီပြီး ဆီးရီးယားရှိ အီရန်ကောင်စစ်ဝန်ရုံးကို အစ္စရေးလ်တို့ တိုက်ခိုက်ခဲ့တဲ့အပေါ် တုန့်ပြန်တာဖြစ်တယ်လို့ ဆိုပါတယ်။
‘’အီရန်က ဒေသတွင်းတင်းမာမှု မြင့်တက်လိုခြင်းမရှိပါဘူး။ ကုလသမဂ္ဂ ပဋိဉာဥ်စည်းမျဥ်းများ၊ နိုင်ငံတကာဥပဒေများနဲ့အညီ ပြုလုပ်ခဲ့တာ ဖြစ်တယ်ဆိုတာကို အလေးပေးပြောလိုပါတယ်’’ လို့ ပြောကြားသွားပါတယ်။
ဧပြီ ၁ ရက်နေ့ ဆီးရီးယားရှိ အီရန်ကောင်စစ်ဝန်ရုံးကို အစ္စရေးလ်တိုက်ခိုက်ခဲ့တဲ့အပေါ် တုန့်ပြန်တဲ့အနေနဲ့ အီရန်တို့က အစ္စရေးလ်ဘက်ကို ဒရုန်း ၁၇၀၊ ပဲ့ထိန်းဒုံးကျည် ၃၀ ကျော်၊ တိုက်ချင်းပစ်ဒုံးကျည် ၁၂၀ ကျော်တို့ဖြင့် ပြန်လည်ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
မတိုက်ခိုက်ခင်တစ်ရက်မှာ အီရန် အစ္စလာမ်တော်လှန်ရေး အစောင့်တပ်(IRGC)က ပါရှန်ပင်လယ်ကွေ့မှာ အစ္စရေးလ်ဆက်စပ်တဲ့ ကုန်တင်သင်္ဘောတစ်စီးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကာ အခုဆိုရင် အီရန်ရှိ ဘန်ဒါအက်ဘာဆိပ်ကမ်းအနီးမှာ ကမ်းကပ်ထားပုံကို မီဒီယာတွေမှာ ဖော်ပြထားပါတယ်။
ထိုသင်္ဘောဟာ အစ္စရေးလ်အစိုးရပိုင်ဖြစ်ပြီး နိုင်ငံတကာ ပို့ဆောင်ရေးစည်းမျဥ်းတွေကို ချိုးဖောက်ခဲ့တာကြောင့် ထိန်းသိမ်းခဲ့တာ ဖြစ်တယ်လို့ ကန်နာနီက ဆိုပါတယ်။
ဆီးရီးယားမှာ အစ္စရေးလ်တိုက်ခိုက်ဖို့ကို အမေရိကန်က ခွင့်ပြုတဲ့အတွက် အမေရိကန်မှာလည်း တာဝန်ရှိတယ်လို့ ဆိုသွားပါတယ်။
Published 18 April 2024
ဒီဇင်ဘာလတုန်းက အစ္စရေးလ်ဘက်က ပစ်လိုက်တဲ့ အမြောက်ဆံတစ်ခုဟာ ဂါဇာရှိ အကြီးဆုံး မျိုးပွားဆေးခန်းကို ထိမှန်ခဲ့ရာ ပေါက်ကွဲမှုကြောင့် သန္ဓေဌာနထောင့်တစ်နေရာမှာ သိမ်းထားတဲ့ အရည်နိုက်ထရိုဂျင်အိုး ၅ လုံး အဖုံးပွင့်သွားခဲ့ပါတယ်။
အလွန်အေးတဲ့ အရည်တွေ အငွေ့ပျံသွားပြီး နိုက်ထရိုဂျင်အိုးတွေထဲက အပူချိန်မြင့်တက်လာကာ ဂါဇာမြို့ အယ်လ်ဘက်စ်မာ ဖန်ပြွန်သန္ဓေဌာနမှာ သိမ်းထားတဲ့ သန္ဓေသားလောင်း ၄၀၀၀ ကျော်၊ သုတ်ပိုးနဲ့ သန္ဓေမဖြစ်သေးတဲ့ မမျိုးဥ ၁၀၀၀ ကျော် ပျက်စီးသွားခဲ့ပါတယ်။
ထိုပေါက်ကွဲမှုရဲ့ သက်ရောက်မှုက မခန့်မှန်းနိုင်လောက်တဲ့အထိ ထိခိုက်နေနိုင်ပါတယ်။
နိုက်ထရိုဂျင်အိုးတွေထဲက သန္ဓေသားလောင်းတွေဟာ မျိုးမပွားနိုင်ဖြစ်နေတဲ့ ပါလက်စ်တိုင်းစုံတွဲတွေအတွက်တော့ နောက်ဆုံးမျှော်လင့်ချက် ဖြစ်ခဲ့ပါတယ်။
အသက်ပေါင်း ၅၀၀၀ မကတဲ့ သန္ဓေသားတွေဟာ မိဘတွေအတွက်တော့ ဘယ်လောက်အထိ အဓိပ္ပာယ်ရှိလဲဆိုတာ အသေအချာသိထားတယ်လို့ ဆေးခန်းတည်ထောင်ခဲ့တဲ့ သားဖွားမီးယပ်ဆရာဝန် ဘာဟေးလ်ဒင်းဂယ်လာယီနီက ပြောပြခဲ့ပါတယ်။
သုတ်ပိုးတွေ မျိုးဥတွေ မထုတ်လုပ်နိုင်တော့တဲ့ စုံတွဲတွေ၊ သန္ဓေသားလောင်း မရှင်သန်နိုင်တော့တဲ့ စုံတွဲတွေကတော့ နောက်ထပ်ကိုယ်ဝန် ရနိုင်တော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အစ္စရေးလ်က အရပ်ဘက် အဆောက်အအုံတွေကို တမင်ရည်ရွယ်တာမျိုး မရှိဘူးလို့ ငြင်းဆိုထားကာ ကျန်းမာရေးဌာနတွေမှာ စစ်ရေးစစ်ရာတွေ လုပ်ဆောင်နေတဲ့ ဟားမတ်စ်တို့ကို စွပ်စွဲလိုက်ပါတယ်။
ဂါဇာဒေသဟာ ဆင်းရဲနွမ်းပါးပေမယ့် ကလေးမရနိုင်တဲ့ စုံတွဲတွေဟာ ပိုင်ဆိုင်မှုတွေကို ရောင်းချပြီး ဖန်ပြွန်သန္ဓေသားနည်းလမ်းကို အသုံးပြုကြပါတယ်။
အမြောက်ဆံတစ်ခုတည်းနဲ့ အသက်ပေါင်း ၅၀၀၀ ဆုံးရှုံးသွားရတယ်လို့ ဂယ်လာယီနီက ဆိုသွားပါတယ်။
ရိုက်တာသတင်းဌာနမှ သတင်းထောက်များ ဧပြီလမှာ ထိုနေရာသို့ ရောက်ရှိခဲ့ပြီး ဓာတ်ခွဲခန်းထဲ ပျက်စီးနေဆဲဖြစ်တာတွေကို မြင်တွေ့ခဲ့ကြပါတယ်။
Source: Reuters
Published 18 April 2024
လူတွေအားလုံးဟာ ဘဝမှာ အတက်အကျမျိုးစုံ ကြုံတွေ့နေရပြီး အချို့သော အတွေ့အကြုံဆိုးတွေ၊ နာမကျန်းဖြစ်ခြင်းတွေ၊ ထိခိုက်နာကျင်ရတာတွေ၊ ခွဲခွာခြင်းမျိုးတွေဆိုရင် အမှတ်ရနေမိပြီး အတော်ကြာတဲ့အထိ အတွေးထဲဝင်နေတတ်ပါတယ်။
ဒါပေမဲ့ ဒီလိုမျိုး အဖြစ်ဆိုးတွေကနေ အကောင်းမြင်တတ်စေမယ့် နည်းလမ်း ၂ မျိုးကို သုတေသနပြုခဲ့ကြပါတယ်။
ပထမနည်းလမ်းကတော့ ပြန်လည်သုံးသပ်ခြင်း ဖြစ်ပါတယ်။
ဖြစ်ရပ်ဆိုးကို ပြန်လည်စဥ်းစားသုံးသပ်ပြီး အကောင်းမြင်ရှုထောင့်ကနေ ပိုမိုအသားပေးရမှာ ဖြစ်ပါတယ်။
ဥပမာအားဖြင့် မိမိလက်တွဲဖော်နဲ့ ရင်နာနာကွဲကွာခဲ့ရပြီး ဘယ်တော့မှ ဖြည်ဆည်နိုင်မှာ မဟုတ်ဘူးလို့ ထင်နေတယ်ဆိုရင် ပြန်လည်သုံးသပ်ခြင်းဖြင့် အဆိုးထဲကနေ အကောင်းတွေကို မြင်လာတတ်ပြီး အနာဂတ်မှာ ပိုမိုခိုင်မြဲသေချာတဲ့ မေတ္တာရေးဖြစ်လာစေရန် အထောက်အကူ ဖြစ်စေပါတယ်။
နောက်ထပ်နည်းလမ်းကတော့ အတိတ်အကြောင်း ပြန်ပြောရင်း အဖတ်ဆယ်ဖို့ပဲ ဖြစ်ပါတယ်။
မကောင်းတဲ့ အတွေ့အကြုံတွေကို ဇာတ်လမ်းထဲ ဆွဲထည့်လိုက်ရင် ပိုမိုကျယ်ပြန့်ကောင်းမွန်တဲ့ ဇာတ်လမ်းဖြစ်လာနိုင်ပါတယ်။
ဇာတ်လမ်းတိုင်းက မနာကျင်ရတာမျိုး မရှိပေမယ့် ပြန်လည်ပြောပြဖို့ ဇာတ်လမ်းမျိုးဖြစ်လာနိုင်ပါတယ်။
အဆိုပါ နည်းလမ်း ၂ မျိုးက အတိတ်က ဖြစ်ရပ်ဆိုးတွေကို ကျော်လွှားပြီး ပိုမိုကောင်းမွန်တဲ့ စိတ်အနေအထားဖြင့် ရှေ့ဆက်နိုင်မှာ ဖြစ်ပါတယ်။
Source: WION
Published 18 April 2024
အင်္ဂါအစားထိုးခြင်းက လူတွေရဲ့ အသက်ကို ကယ်တင်နိုင်သလို လေ့လာချက်အသစ်မှာတော့ ပင်ကိုစရိုက်တွေလည်း ပြောင်းလဲနိုင်ဖွယ်ရှိတယ်လို့ ရှာတွေ့ထားပါတယ်။
အင်္ဂါအစားထိုး လက်ခံတဲ့သူတွေမှာ ပြုမူပုံတွေ၊ အတွေးအခေါ်တွေ၊ လုပ်ရပ်တွေ ဘယ်လိုပြောင်းလဲသလဲဆိုတာကို လေ့လာခဲ့ကြပါတယ်။
နှလုံးအစားထိုးသူတွေ ပြောင်းလဲသွားတဲ့ ပုံစံတွေကို လေ့လာပြီး အခြားအင်္ဂါအစားထိုးသူများနဲ့ ကွဲပြားမှုရှိသလား ဆိုတာကို ကြည့်ရှုခဲ့ပါတယ်။
၄၇ ဦးကို အွန်လိုင်းစစ်တမ်း ကောက်ယူခဲ့ကာ ၂၃ ဦးက နှလုံးအစားထိုး လက်ခံသူတွေဖြစ်ပြီး ၂၄ ဦးကတော့ အခြားအင်္ဂါအစားထိုးသူများ ဖြစ်ပါတယ်။
အားလုံးထဲက ၈၉ ရာခိုင်နှုန်းက အစားထိုးခွဲစိတ်ပြီးနောက် ပင်ကိုစရိုက်ပြောင်းလဲမှုတွေ ခံစားရတယ်လို့ ဖြေဆိုကြပါတယ်။
အစားအစာ၊ ဂီတ၊ အနုပညာ၊ အသက်မွေးဝမ်းကြောင်း၊ အပျင်းပြေ တစ်စုံတစ်ခု ပြုလုပ်ခြင်းတို့မှာ ပြောင်းလဲတယ်လို့ ဖြေဆိုကြပါတယ်။
အချို့ဆိုရင် မှတ်ဉာဏ်အသစ်များ ဖြစ်ပေါ်ခြင်း၊ အသိဉာဏ်စွမ်းရည် မြင့်တက်လာခြင်း၊ လူမှုရေးနဲ့ လိင်ပိုင်းဆိုင်ရာ လိုက်လျောညီထွေ ဖြစ်လာခြင်း၊ ဘာသာရေး ပိုမိုလိုက်စားလာခြင်း စတာတွေပါ ဖော်ပြကြပါတယ်။
ဒါ့အပြင် သောကရောက်ခြင်း၊ ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်ဖောက်ပြန်ခြင်းတို့ပါ ခံစားရတာတွေကိုလည်း ဖော်ပြထားပါတယ်။
အင်္ဂါလှူဒါန်းတဲ့ သူဆီက မှတ်ဉာဏ်တွေကို ခံစားရသကဲ့သို့ ဆက်စပ်နေပါတယ်။
Source: WION
တစ်နာရီကို ၄၀၀ ကီလိုမီတာ အမြန်နှုန်းသွားနိုင်အောင် ထုတ်လုပ်ထားတဲ့ တရုတ်နိုင်ငံရဲ့ CR450 EMU ရထား ရှေ့ပြေးပုံစံကို ယခုနှစ်အတွင်း ဆောက်လုပ်သွားနိုင်ရန် စီစဥ်ထားကြောင်း တရုတ်ပြည်မီးရထားအဖွဲ့အစည်းမှ အကြီးတန်းအရာရှိတစ်ဦးက ဆိုလိုက်ပါတယ်။
Page 193 of 861