#World_News
Published 08 May 2024
▪️ တစ်တော့(TikTok)နဲ့ တရုတ်မူရင်းကုမ္ပဏီ ByteDance တို့က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် လက်မှတ်ရေးထိုးထားတဲ့ ဥပဒေတစ်ရပ်ကို ကန့်ကွက်ရန်အတွက် အမေရိကန် ဖက်ဒရယ်တရားရုံးမှာ အင်္ဂါနေ့က တရားစွဲဆိုလိုက်ပါတယ်။
▪️ ထိုဥပဒေဟာ အမေရိကန် နိုင်ငံသား သန်း ၁၇၀ ခန့် အသုံးပြုနေတဲ့ တစ်တော့အက်ပ်လီကေးရှင်းကို ရောင်းချခြင်း ဒါမှမဟုတ် ပိတ်ပင်ခြင်းပြုလုပ်မယ့် ဥပဒေ ဖြစ်ပါတယ်။
▪️ အဆိုပါ ကုမ္ပဏီတွေက ကိုလံဘီယာခရိုင် အမေရိကန် အယူခံဝင်ရေး တရားရုံးမှာ တရားစွဲဆိုချက်များကို တင်ပြခဲ့ပြီး ထိုဥပဒေဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ကာကွယ်ရေး ပထမပြင်ဆင်ချက် အပါအဝင် အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရာကျတယ်လို့ ဆိုလိုက်ပါတယ်။
▪️ ဧပြီ ၂၄ ရက်နေ့က ဂျိုးဘိုင်ဒင် လက်မှတ်ရေးထိုးလိုက်တဲ့ ဥပဒေဟာ တစ်တော့ကို ရောင်းချရန် ဒါမှမဟုတ် ပိတ်ပင်သွားရန် ByteDance ကို ဇန်နဝါရီ ၁၉ ရက်နေ့မတိုင်မီအထိ အချိန်ပေးထားပါတယ်။
▪️ လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုကြတဲ့ ဆိုရှယ်အက်ပ်တစ်ခုကို အမည်တပ်ပြီး နိုင်ငံတဝှမ်း ရာသက်ပန်ပိတ်ပင်လိုက်တဲ့ ဥပဒေကို ပြဌာန်းလိုက်တာ ဒါပထမဆုံး မြင်ဖူးတာပါပဲလို့ တရားစွဲဆိုချက်တွေမှာ ဖော်ပြထားပါတယ်။
▪️ တစ်တော့အနေနဲ့ အမေရိကန်မှာ ပိတ်သိမ်းခြင်း မခံရဖို့ အခုနောက်ဆုံး တရားစွဲဆိုလာတာဖြစ်ပါတယ်။
▪️ ဒီအချိန်မှာ Snap နဲ့ Meta တို့ကတော့ တစ်တော့ရဲ့ နိုင်ငံရေးမရေရာခြင်းကို အခွင့်ကောင်းယူကာ ကြော်ငြာခတွေ ရရှိဖို့ ကြိုးပမ်းလာပါတယ်။
▪️ တရုတ်က တစ်တော့အက်ပ်ကို အသုံးပြုပြီး အမေရိကန်များထံမှ အချက်အလက်များ ရယူခြင်း၊ လျှို့ဝှက်စုံစမ်းခြင်းများ ပြုလုပ်မှာကို အမေရိကန် လွှတ်တော်အမတ်များ စိုးရိမ်နေကြသဖြင့် ဥပဒေကြမ်း အဆိုပြုပြီး ရက်သတ္တပတ်အကြာမှာပဲ မဲအပြတ်အသတ်ဖြင့် ကွန်ဂရက်ကနေ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။
▪️ တစ်တော့ကတော့ အမေရိကန်တွေရဲ့ အချက်အလက်တွေကို အသုံးပြုမျှဝေခြင်း မရှိဘူးလို့ ငြင်းဆန်လိုက်ကာ အမေရိကန် လွှတ်တော်အမတ်တွေကို စွပ်စွဲလိုက်ပါတယ်။
▪️ ထိုကဲ့သို့ အက်ပ်တွေကနေ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ ပြဿနာဖြေရှင်းရန် တစ်ခုတည်းသောနည်းလမ်းက ဥပဒေရေးရာဖြင့်သာ ဖြစ်ကြောင်း၊ ByteDance အနေနဲ့ ရောင်းချဖို့အစီအစဥ် စတင်သင့်ပြီဖြစ်ကြောင်း တရုတ်ပြည်ဆိုင်ရာ အောက်လွှတ်တော်ကော်မတီ ထိပ်သီးဒီမိုကရက်တစ်ဦးဖြစ်တဲ့ ရာဂျာခရစ်ရှ်နာမူအာသီက ပြောပြသွားပါတယ်။
▪️ အမေရိကန်မှာ တစ်တော့အောင်မြင်ရခြင်းရဲ့ အဓိကအချက်ဖြစ်တဲ့ ByteDance ကို အတင်းရောင်းချခြင်းမျိုး တရုတ်အစိုးရက ခွင့်မပြုနိုင်ဘူးလို့ ရှင်းရှင်းလင်းလင်း အသိပေးထားကြောင်း တရားစွဲဆိုချက်မှာ ပါဝင်ပါတယ်။
▪️ တရုတ်ပြည်မှာ နိုင်ငံတော်လုံခြုံရေး ကာကွယ်တဲ့အနေနဲ့ Meta ရဲ့ WhatsApp နဲ့ Threads တို့ကို ဖယ်ရှားရန် တရုတ်က အမိန့်ပေးထားပါတယ်။
#Source: Reuters
#World_Health
Published 08 May 2024
▪️ စိတ်ဖိစီးစရာအဖြစ်ကို ပြန်လည်တွေးတောပြီး ဒေါသထွက်နေတာဟာ သွေးစီးဆင်းမှုအတွက် လိုအပ်တဲ့ သွေးကြောများ ပြေလျော့နိုင်စွမ်းကို ယာယီအားဖြင့် ထိခိုက်စေတယ်လို့ လေ့လာဖော်ပြထားပါတယ်။
▪️ နယူးယော့ခ်မြို့မှ လူ ၂၈၀ ဦးကို စိတ်ဆိုးစိတ်ပျက်စရာအဖြစ်များ ၈ မိနစ်ကြာအောင် ပြန်လည်စဥ်းစားခိုင်းခဲ့ပါတယ်။
▪️ ပြန်လည်စဥ်းစားခြင်းမပြုခင်နဲ့ စမ်းသပ်ပြီးနောက် သွေးကြောများရှိ ဆဲလ်များကို တိုင်းတာစစ်ဆေးခဲ့ကြပါတယ်။
▪️ သွေးစီးဆင်းမှု ကောင်းမွန်စေတဲ့ သွေးကြောကျယ်ခြင်းကို မိနစ် ၄၀ ခန့်အထိ ထိခိုက်စေကြောင်း တွေ့ရှိခဲ့ကြပါတယ်။
▪️ စိတ်ဆိုးစိတ်ပျက်စရာများ စဥ်းစားပြီးနောက် သွေးကြောနံရံတွေမှာ သိသိသာသာ ပြောင်းလဲသွားခြင်း မရှိတာကို တွေ့ရှိခဲ့ကြပါတယ်။
▪️ ဒေါသထွက်ခြင်းနဲ့ သွေးကြောများ ထိခိုက်ခြင်းတို့ကြား ဆက်စပ်မှုများကို လေ့လာခြင်းဖြင့် နှလုံးသွေးကြောပြဿနာ ဖြစ်နိုင်ခြေများတဲ့သူတွေမှာ ထိရောက်စွာ ကာကွယ်ကုသနိုင်စေမှာဖြစ်ကြောင်း ကိုလံဘီယာတက္ကသိုလ် အာဗင်းဆေးဘက်ဆိုင်ရာဌာနမှ ပရော်ဖက်ဆာ ဒေါက်တာ ဒိုင်အိချိရှင်ဘိုက ပြောပြပါတယ်။
▪️ နှလုံးနဲ့ ဦးနှောက်သို့ သွေးစီးဆင်းမှု ပိတ်ဆို့သွားတဲ့အခါ နှလုံးဖောက်ခြင်း၊ လေဖြတ်ခြင်းတို့ ဖြစ်တတ်ပါတယ်။
▪️ အမေရိကန်မှာ စက္ကန့် ၄၀ ကြာတိုင်း တစ်ယောက်နှုန်းဖြင့် နှလုံးဖောက်နေကြပြီး နှလုံးသွေးကြောရောဂါကြောင့် ၃၃ စက္ကန့်ကြာတိုင်း ၁ ယောက်နှုန်း သေဆုံးနေကြကြောင်း အမေရိကန် နှလုံးအဖွဲ့အစည်းက ဖော်ပြထားပါတယ်။
▪️ ထိုတွေ့ရှိချက်တွေက နှလုံးရောဂါရှိပြီး ဒေါသမထိန်းနိုင်တဲ့ သူတွေအနေနဲ့ ယောဂကျင့်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ အခြားကုသနည်းလမ်းတို့ဖြင့် ဒေါသထိန်းနိုင်ဖို့ အထောက်အကူ ဖြစ်စေနိုင်ကြောင်း နှလုံးအထူးကု ဒေါက်တာ ဟိုလီမစ်ဒယ်ကော့ဖ်က ဆိုပါတယ်။
▪️ စမ်းသပ်ချက်က လက်တွေ့အခြေအနေတွေမှာ စမ်းသပ်တာ မဟုတ်သလို အချိန်ကြာမြင့်စွာ စမ်းသပ်တာမျိုး မဟုတ်ပါဘူး။
#Source: New York Post
#World_Health
Published 08 May 2024
▪️ ဟောလစ်(Horlicks)နဲ့ ဘုစ်(Boost)တို့လို အမှတ်တံဆိပ်တွေ ထုတ်လုပ်နေတဲ့ ဟိန္ဒူစတန်ယူနီလီဗာ (Hindustan Unilever)ကုမ္ပဏီဟာ ယင်းရဲ့ ကျန်းမာရေးအဖြစ် သောက်စရာများဆိုတဲ့ ခေါင်းစဥ်ကို ပြုပြင်ဖော်ပြလိုက်ပါတယ်။
ဟောလစ်ရဲ့ ကျန်းမာရေးဖြစ်ဆိုတဲ့ အမှတ်အသားကို ဖြုတ်ချလိုက်ကာ ကျန်းမာရေးထောက်ကူ စားသောက်ကုန်ဆိုပြီး ပြောင်းလဲသတ်မှတ်လိုက်တာ ဖြစ်ပါတယ်။
▪️ ကုန်သွယ်ရေးနဲ့ စက်မှုဝန်ကြီးက သောက်သုံးစရာများကို ကျန်းမာရေးဖြစ်ဆိုတဲ့ ခေါင်းစဥ်အောက်နေ ဖယ်ရှားရန် တောင်းဆိုလိုက်ပြီးနောက် အခုလို ကြေညာလိုက်တာ ဖြစ်ပါတယ်။
▪️ ယခုလိုပြောင်းလဲလိုက်ခြင်းက အမျိုးအစား ဖော်ပြချက်မှာ ပိုမိုတိကျမြင်သာစေမှာ ဖြစ်တယ်လို့ ဟိန္ဒူစတန်ယူနီလီဗာ ဘဏ္ဍာရေးမှူးချုပ် ရီတက်ရှ်တီဝါရီက ဧပြီ ၂၄ ရက်နေ့ မီဒီယာကွန်ဖရင့်မှာ ပြောကြားလိုက်ပါတယ်။
▪️ ကျန်းမာရေးထောက်ပံ့ အာဟာရဖြစ် သောက်သုံးစရာ အမျိုးအစားကဏ္ဍဆိုတာဟာ အာဟာရဓာတ်ချို့တဲ့သူတွေ လိုအပ်တဲ့ ပရိုတိန်းနဲ့ အာဟာရဓာတ်ကို ဆိုလိုပါတယ်။
▪️ ထိုအမျိုးအစားဟာ အပင်၊ တိရိစ္ဆာန်၊ အဏုဇီဝတို့မှရတဲ့ ဇီဝသတ္တိကြွပစ္စည်း ပါဝင်တာကြောင့် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများ ရရှိစေမယ့် အယ်လ်ကိုဟောမပါသော သောက်စရာများ ဖြစ်ပါတယ်။
▪️ အစားအစာ ဘေးကင်းရေးနှင့် စံနှုန်းအက်ဥပဒေ ၂၀၀၆ အရ ကျန်းမာရေးဖြစ် သောက်သုံးစရာဆိုပြီး တိကျသေချာတဲ့ သတ်မှတ်ချက် မရှိတာကြောင့် အခုလို ပြောင်းလဲပေးရန် အမိန့်ချလိုက်တာ ဖြစ်ပါတယ်။
▪️ ဟောလစ်၊ ဘွန်ဗီတာတို့လို သောက်စရာတွေမှာ သကြားဓာတ်ပါဝင်မှု မြင့်မားတာကြောင့် စိုးရိမ်မှုများ မြင့်တက်လာခဲ့ပြီး ယခုလို ထုတ်ပြန်လာကြတာ ဖြစ်ပါတယ်။
#Source: India Today
အမြင်အာရုံချို့ယွင်းသူများအတွက်ခြေ(၆)ချောင်းပါသော စက်ရုပ်လမ်းပြခွေးအား တရုတ်သုတေသီများ တီထွင်
တရုတ်နိုင်ငံမှ ထုတ်လုပ်တဲ့ စက်ရုပ်ခွေးဟာ နိုင်ငံအတွင်း လမ်းပြခွေးရှားပါးမှုကို ကူညီပေးသွားမှာဖြစ်ပြီး အမြင်အာရုံချိုယွင်းသူများအတွက် ပိုမိုအဆင်ပြေစေမှာ ဖြစ်ပါတယ်။
#Asia_Technology
Published 07 May 2024
#စက်ရုပ်လမ်းပြခွေးတီထွင် #အမြင်အာရုံချို့ယွင်းသူများ
#Yangon_Times #YMG_News #Yangon_Media_Group
#Daily_News
Published_07 May 2024
၁။ ယခုဘဏ္ဍာနှစ်အစ၌ ဆန်နှင့် ဆန်ကွဲတန်ချိန် တစ်သိန်းကျော်စတင်တင်ပို့
၂။ ရန်ကုန်အပါအဝင်ဒေသအချို့တွင် နေ့အပူချိန်တိုး၍ မိုးထစ်ချုန်းရွာမည်
၃။ ၀င်္ဂဘော်ဆင်စခန်းကို လာရောက်လည်ပတ်သူနည်းလာသော်လည်း အဝေးမှအလှူငွေပေးပို့ကာ ဆင်စာဘူဖေးကျွေးသူများပြားဟုဆို
၄။ အမြင်အာရုံချို့ယွင်းသူများအတွက် ခြေ(၆)ချောင်းပါသော စက်ရုပ်လမ်းပြခွေးအား တရုတ်သုတေသီများတီထွင် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
၇ မေ ၂၀၂၄
အိန္ဒိယနိုင်ငံ မီဇိုရမ်တက္ကသိုလ်၊ သတ္တဗေဒဌာနမှ ပါမောက္ခ နှင့် ပညာရှင်များသည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် မြွေမျိုးစိတ်အသစ်များကို ရှာဖွေတွေ့ရှိခဲ့ကြတယ်လို့ အိန္ဒိယပြည်တွင်းသတင်းများတွင်ဖော်ပြပါတယ်။
အဆိုပါအဖွဲ့မှာ အဆိုပါမီဇိုရမ်တက္ကသိုလ် သတ္တဗေဒဌာနပါမောက္ခ အိတ်ချ်တီ လာရမ်ဆန်ဂါဦးဆောင်ပြီး သုတေသနပညာရှင် လာဘီရက်ဇူအာလာ၊ဗီယက်နမ် တွားသွားသတ္တဝါပညာရှင် တန်ဗန်ငုယင်နှင့် ဂျာမနီတွားသွားသတ္တဝါပညာရှင် ဂါနောတ့် ဗိုဂဲလ် တို့ ပါဝင်ကြပါတယ်။
သူတို့ဟာ မီဇိုရမ်၊ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့မှ ရုပ်သွင်ပညာရပ်ဆိုင်ရာနှင့် မော်လီကျူးဆိုင်ရာ အချက်အလက်တွေကို အခြေခံပြီးနောက် ရှုပ်ထွေးလှတဲ့ တွားသွားသတ္တဝါမျိုးစိတ်တွေကို မျိုးခွဲလေ့လာခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီအခါ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရဲ့ ရခိုင်ရိုးမဆင်ရိုင်းဘေးမဲ့တောအတွင်းမှာ မြွေမျိုးစိတ်အသစ်တွေရှာတွေ့ခဲ့တာလို့ သတင်းမှာဖော်ပြထားပါတယ်။
အသစ်ရှာတွေတဲ့ မြွေအမျိုးအစားကို ဒါဗီဒီ မြွေမျိုးကွဲ လို့အမည်ပေးထားပါတယ်။ ပြင်သစ်တွားသွားသတ္တဝါပညာရှင် ပက်ထရစ် ဒေးဗစ်ရဲ့အမည်ကို ဂုဏ်ပြုအမည်ပေးထားတာပါ။ အဆိုပါမြွေမျိုးစိတ်အသစ်တွေ့ရှိကြောင်းကို ၂၀၂၄ခု မေလ ၄ရက်ထုတ် သိပ္ပံသုတေသနဂျာနယ်တစ်စောင်ဖြစ်တဲ့ European Journal of Taxonomy အတွဲ ၉၃၂ မှာ ပုံနှိပ်ဖော်ပြထားပါတယ်။
“ ရှာတွေ့တဲ့ မြွေမျိုးစိတ်အသစ်ဟာ အင်မတန်ရှားပါးတဲ့မြွေမျိုးပါ။ နောက်ကြောင်းခံလိုက်ကြည့်သမျှ ပြောပြရရင် အဆိပ် မပြင်းတဲ့မြွေအမျိုးအစားထဲပါပြီး အရှည်က တစ်ပေ ၉လက်မကနေ ၁၁လက်မအကြားရှိတာတွေ့ရတယ်” လို့ ပါမောက္ခ အိတ်ချ်တီ လာရမ်ဆန်ဂါ ကပြောပါတယ်။
သူတို့ဟာ ဖားကို စားကြတယ်။ စိုးထိုင်းဆမြင့်မားပြီး မြေနိမ့်ပိုင်းရွှံ့နွံတွေထဲမှာ နေထိုင်ကျက်စားလေ့ရှိတယ်” လို့ သူကဆက်ပြောပါတယ်။
@ymg/knl
#World_News
Published 07 May 2024
▪️ ဂါဇာအရေးနဲ့ ပတ်သက်ပြီး ကြားဝင်စေ့စပ်သူများမှ တင်ပြတဲ့ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်တစ်ရပ်ကို ပါလက်စ်တိုင်း စစ်သွေးကြွဟားမတ်စ်အဖွဲ့က တနင်္လာနေ့မှာ သဘောတူလိုက်ပါတယ်။ ဒါပေမဲ့ အစ္စရေးလ်တို့ကတော့ ထိုအဆိုပြုချက်ထဲက အချက်အလက်တွေဟာ ယင်းတို့လိုချင်တဲ့ အချက်တွေနဲ့ မကိုက်ညီဘဲ စေ့စပ်ညှိနှိုင်းမှုတွေ ဆက်လက်ပြုလုပ်နေစဉ်မှာပဲ ရာဖာကို ဆက်လက်ဖိအားပေး တိုက်ခိုက်နေဦးမယ်လို့ ဆိုပါတယ်။
▪️ ၇ လသက်တမ်းကြာလာပြီဖြစ်တဲ့ ဂါဇာစစ်ပွဲနဲ့ ပတ်သက်ပြီး တိုးတက်မှုတွေ ရှိလာပေမယ့် အစ္စရေးလ်တပ်တွေက ဂါဇာတောင်ဘက်ခြမ်းရှိ ရာဖာကို လေကြောင်းနဲ့ မြေပြင်တို့ကနေ တိုက်ခိုက်နေကာ အရပ်သားတွေကို ထွက်ပြေးခိုင်းထားပါတယ်။
▪️ အပစ်အခတ် ရပ်စဲရေး အဆိုပြုကမ်းလှမ်းချက်က အစ္စရေးလ်လိုချင်တာတွေနဲ့ မကိုက်ညီပေမယ့် သဘောတူညီချက် ရရှိဖို့ ညှိနှိုင်းဆွေးနွေးရန် ကိုယ်စားလှယ်အဖွဲ့ စေလွှတ်သွားမယ်လို့ အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟူ အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။
▪️ ကာတာနိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ အစ္စရေးလ်နဲ့ ဟားမတ်စ်တို့ကြား ဆွေးနွေးညှိနှိုင်းမှုများ ပြန်လည်စတင်ရန် ကိုယ်စားလှယ်အဖွဲ့ကို ကိုင်ရိုသို့ စေလွှတ်သွားမယ်လို့ ဆိုပါတယ်။
▪️ အစ္စရေးလ်အစိုးရအဖွဲ့မှ ထုတ်ပြန်တာမှာ ရာဖာမှာ စစ်ဆင်ရေး ဆက်လက်ပြုလုပ်သွားဖို့ကို ဝန်ကြီးများအဖွဲ့က အသိအမှတ်ပြုလိုက်တယ်လို့ သိရပါတယ်။
▪️ အစ္စရေးလ်ဘက်က စစ်ပွဲအပြီးသတ် ရပ်စဲရေးကတိမပေးဘဲ ဓားစာခံတွေ ထပ်မံလွှတ်ပေးဖို့ကို ဟားမတ်စ်တို့က ငြင်းဆိုထားရာ သဘောတူညီချက် အသစ်တစ်ခုရဖို့ ကြိုးပမ်းလာရတာ ဖြစ်ပါတယ်။
▪️ ယခုအဆိုပြုချက်က ဟားမတ်စ်တို့ အလိုရှိတဲ့အတိုင်း ဂါဇာမှာ ပြန်လည်တည်ဆောက်ရေး၊ စစ်ဘေးရှောင် ပါလက်စ်တိုင်းအရပ်သားများ ပြန်လည်နေရာချထားရေး၊ အစ္စရေးလ်ဓားစာခံများကို အစ္စရေးလ်အကျဉ်းထောင်များရှိ ပါလက်စ်တိုင်း အကျဉ်းသားများနဲ့ လဲလှယ်ရေးတို့နဲ့ ကိုက်ညီနေပါတယ်။
▪️ ရာဖာမှာ ဟားမတ်စ်တိုက်ခိုက်ရေးသမား အများအပြားအပြင် ဓားစာခံဒါဇင်ခန့် ရှိနေမယ်လို့ အစ္စရေးလ်တို့က ယုံကြည်နေကာ အောင်ပွဲရရေးမှာ ထိုမြို့ကိုသိမ်းယူဖို့က အဓိကကျတယ်လို့ ဆိုထားပါတယ်။
▪️ အစ္စရေးလ်ရဲ့ အနီးစပ်ဆုံးမဟာမိတ် အမေရိကန်က ရာဖာကို အစ္စရေးလ်တိုက်ခိုက်မှာ စိုးရိမ်နေပြီး အရပ်သားကာကွယ်ရေး အစီအစဉ်တွေ မရှိဘဲနဲ့ မတိုက်ရဘူးလို့ မှာကြားထားပါတယ်။
#Source: Reuters
Page 176 of 860