၂၆ ဩဂုတ် ၂၀၂၄
ပါကစ္စတန်နိုင်ငံမှာ စစ်သွေးကြွ ဘလော့ချ်လွတ်မြောက်ရေးတပ်(ဘီအယ်အေ)အဖွဲ့က အမြန်လမ်းမကြီးတစ်ခုပေါ်မှာ ကားများကိုရပ်တန့်ပြီး ခရီးသည်များတစ်ဦးချင်းစစ်ဆေးကာ အနည်းဆုံး လူ ၂၂ဦးကိုပစ်သတ်ခဲ့ကြပါတယ်။
အဆိုပါဖြစ်ရပ်မှာ ဩဂုတ် ၂၆ ရက် တနင်္လာနေ့စောစောပိုင်းမှာ ပါကစ္စတန်နိုင်ငံ ဘလော့ချ်ချစ်စတန်ပြည်နယ် မူဆာဟေးလ် ခရိုင်မှာ ဖြစ်ပွားခဲ့တာပါ။
အဲဒီ ဆင်းရဲမွဲတေလှတဲ့ ပြည်နယ်ဟာ ပါကစ္စတန်စစ်တပ်နှင့် ဂိုဏ်းဂဏစွဲကြီးတဲ့ လူမျိုးစုတွေနှင့်ခွဲထွက်ရေးအကြမ်းဖက်တွေ နှင့် တိုက်ပွဲတွေဖြစ်ပွားနေတဲ့နေရာဖြစ်ပါတယ်။
ဘတ်စ်ကားတွေ၊ဗန်ကားတွေနှင့် ထရပ်ကားတွေဟာ ပန်ဂျပ်နှင့် အဲဒီပြည်နယ်ကို ဆက်သွယ်ထားတဲ့ အမြန်လမ်းမ တစ်နေရာမှာ တန်းစီရပ်ခဲ့ကြရပါတယ်။
စစ်သွေးကြွတွေအရေအတွက်က ၃၀ နှင့် ၄၀ ဦးအကြားရှိပြီး သူတို့က ကား ၂၂စီးကိုရပ်တန့်ခဲ့ကြတယ် လို့ အကြီးတန်းအရာရှိ နာဂျစ်ဘူလာကာကာ က အေအက်ဖ်ပီကိုပြောပါတယ်။
ကားတွေပေါ်ပါလာတဲ့ ပန်ဂျပ်က သူတွေကို ပစ်သခတ်ခဲ့တာလို့ သူကဖြည့်ပြောပါတယ်။
သေဆုံးသူ ၂၂ဦးရှိပြီး အများစုဟာ ပန်ဂျပ်က အလုပ်ကြမ်းသမားတွေနှင့် ပြည်သူ့စစ် နှစ်ဦးတို့ဖြစ်ကြတယ်လို့ သူကပြော ပါတယ်။
သူတို့ဟာ လူတွေကိုပစ်သတ်ပြီးတဲ့အခါ ကား အနည်းဆုံး ၁၀စီးကို မီးရှို့ပြီး ထွက်ပြေးသွားခဲ့ကြတယ်လို့ သိရပါတယ်။
ဘီအယ်လ်အေကတော့ သူတို့ဟာ အရပ်သားလိုဝတ်ဆင်ထားတဲ့ စစ်သားတွေကို သတ်ပစ်လိုက်တာဖြစ်တယ်လို့ ကြေညာထားပြီး ဘာအထောက်အထားတစ်ခုကိုမှ ထုတ်ပြန်ပေးထားခြင်းမရှိပါဘူး။
ဘလော့ချ်ချစ်စတန်ပြည်နယ်ဟာ ထုတ်မသုံးရသေးတဲ့ သဘာဝ အရင်းအမြစ်တွေ အလျံပယ်ရှိနေပေမယ့် ပါကစ္စတန်မှာ အကြီးဆုံးနှင့် အဆင်းရဲဆုံးပြည်နယ်ဖြစ်နေပါတယ်။
#World_News
Published 26 August 2024
▪️ မြောက်ကိုရီးယားတို့ရဲ့ အသေခံဖောက်ခွဲရေးဒရုန်း စမ်းသပ်မှုနဲ့ ဟန်ပြတင့်ကားတစ်စီး အပါအဝင် စမ်းသပ်ပစ်မှတ်များအား တိုက်ခိုက်ဖျက်ဆီးပုံတွေကို ခေါင်းဆောင် ကင်မ်ဂျုံအန်းက ကြီးကြပ်စောင့်ကြည့်ခဲ့ကာ မောင်းသူမဲ့ယာဉ်များအတွက် ဉာဏ်ရည်တုစနစ် ထုတ်လုပ်ရန် သုတေသီများကို တိုက်တွန်းလိုက်ကြောင်း နိုင်ငံပိုင်မီဒီယာမှ တနင်္လာနေ့မှာ ဖော်ပြလိုက်ပါတယ်။
▪️ ကင်မ်ဂျုံအန်းဟာ စနေနေ့က မြောက်ကိုရီးယား ကာကွယ်ရေးသိပ္ပံ အကယ်ဒမီသို့ သွားရောက်လည်ပတ်ခဲ့ကာ ကြိုတင်သတ်မှတ်ထားတဲ့ လမ်းကြောင်းအမျိုးမျိုးမှာ ပျံသန်းပြီးနောက် ပစ်မှတ်များကို မှန်ကန်စွာ ရှာဖွေဖျက်ဆီးနိုင်ခဲ့သည့် ဒရုန်းစမ်းသပ်မှုကို ကြည့်ရှုခဲ့တယ်လို့ KCNA သတင်းဌာနက ဖော်ပြပါတယ်။
▪️ ခြေလျင်တပ်နဲ့ ရေအောက်အသေခံ ဖောက်ခွဲရေးဒရုန်းလိုမျိုး အထူးစစ်ဆင်ရေးတပ်တွေမှာ အသုံးပြုဖို့အတွက် အသေခံဖောက်ခွဲရေး ဒရုန်းတွေကို ပိုမိုထုတ်လုပ်ရန်နဲ့ ဗျူဟာမြောက် ထောက်လှမ်းရေးနဲ့ ဘက်စုံတိုက်ခိုက်ရေး ဒရုန်းများကိုလည်း ပိုမိုထုတ်လုပ်ရန် ညွှန်ကြားခဲ့ပါတယ်။
▪️ အသင့်ပြင်ဆင်ထားတဲ့ လက်နက်ခဲယမ်းတွေဟာဆိုရင် အမြင့်ကနေ နေရာယူနိုင်ပြီး ပစ်မှတ်မတွေ့မီကပင် တိုက်ခိုက်ရန် အသင့်ဖြစ်နေကာ ထို့နောက် တပ်ဆင်ထားတဲ့ ထိပ်ဖူးကျည်ဖြင့် ပစ်မှတ်ကို ဝင်တိုက်ဖောက်ခွဲနိုင်ပါတယ်။
▪️ မီဒီယာမှဖော်ပြထားတဲ့ ဓာတ်ပုံတွေထဲမှာ ဒရုန်းအမျိုးအစား အနည်းဆုံး ၄ မျိုးပါပြီး အချို့ဆိုရင် တွန်းကန်ပန်ကာ အသုံးမပြုခင်မှာပဲ ဒုံးပျံအင်ဂျင်ငယ်များဖြင့် လွှတ်တင်နိုင်ပါတယ်။
မြောက်ကိုရီးယားဒရုန်းအချို့နဲ့ ရုရှားတို့ရဲ့ ZALA Lancet ဒရုန်း၊ အီရန်ထုတ် Shahed ဒရုန်းတို့ဟာ အမြင်ပုံစံဆင်တူသလို ရှိနေကာ ဒီထက်ဆန်းစစ်ဖို့ လိုအပ်သေးတယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်က ဆိုပါတယ်။
▪️ ဒီဒရုန်းတွေဟာ မြောက်ကိုရီးယားနဲ့ ရုရှားတို့ ယခင်က လဲလှယ်ခဲ့ကြတာလို့ နားလည်ထားကြောင်း၊ ဒရုန်းတွေရဲ့ စွမ်းဆောင်ရည် ပိုမိုမြင့်မားလာလားဆိုတာ ထပ်မံအကဲဖြတ်ဖို့ လိုအပ်ကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။
▪️ မြောက်ကိုရီးယားအနေနဲ့ အသေခံဖောက်ခွဲရေးဒရုန်းတွေကို ပထမဆုံးအနေနဲ့ စမ်းသပ်ထုတ်ဖော်ပြတာ ဖြစ်တယ်လို့ ဆိုးလ်စည်းလုံးညီညွတ်ရေးဌာနက ဆိုပါတယ်။
▪️ ၂၀၂၂ ခုနှစ်က မြောက်ကိုရီးယားမှ ဒရုန်းအများအပြား တောင်ဘက်သို့ ကျော်ဖြတ်လာကာ ဆိုးလ်သမ္မတရုံးဝန်းကျင် ပျံသန်းခွင့်မရှိဇုန်ထဲအထိ ရောက်ရှိခဲ့ပါတယ်။
▪️ တောင်ကိုရီးယားအနေနဲ့ မြောက်ဘက်ကလာတဲ့ ဒရုန်းတွေကို ပစ်ချရန် ယခုနှစ်အတွင်း လေဆာလက်နက်များ တပ်ဆင်သွားမှာဖြစ်ကာ ဆိုးလ်မြို့ရှိ မိုးမျှော်တိုက်တွေမှာ ဝေဟင်ပစ်သေနတ်တွေ တပ်ဆင်ထားမယ့် ပထမဆုံးနိုင်ငံ ဖြစ်လာမယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။
#Source: Reuters
#World_Health
Published 26 August 2024
▪️ WHOကနေ အရေးပေါ်အခြေအနေအဖြစ် သတိပေးထားတဲ့ မျောက်ကျောက်ရောဂါဟာ အခုဆိုရင် နိုင်ငံပေါင်း ၁၁၆ နိုင်ငံသို့ ပျံ့နှံ့ထားပါတယ်။
▪️ မျောက်ကျောက်မှာ ရောဂါပြင်းထန်ပုံနဲ့ နေရာဒေသ ကွဲပြားမှုအပေါ် မူတည်ပြီး အဓိကအားဖြင့် မျိုးကွဲ ၂ မျိုးရှိကာ အာဖရိကအလယ်ပိုင်းမျိုးကွဲနဲ့ အာဖရိကအနောက်ပိုင်း မျိုးကွဲဆိုပြီး ရှိနေပါတယ်။
▪️ အာဖရိကအလယ်ပိုင်းမှ clade 1b လို့ခေါ်တဲ့ မျိုးကွဲက ပိုပြီးအန္တရာယ်ရှိတယ်လို့ သတ်မှတ်ထားပါတယ်။
▪️ ဒီမျိုးကွဲဟာ ရောဂါလက္ခဏာများ ပိုမိုပြင်းထန်နိုင်ပြီး အသက်သေဆုံးမှုနှုန်းလည်း မြင့်မားနေပါတယ်။
▪️ အာဖရိကအလယ်ပိုင်း နိုင်ငံတွေမှာ ပိုမိုတွေ့ရှိရကာ ပျံ့နှံ့မှုမြင့်မားပြီး အသက်သေဆုံးမှုနှုန်း ၁၀ ရာခိုင်နှုန်းအထိ ရှိနေပါတယ်။
▪️ clade 1b ကြောင့် ရောဂါဖြစ်ပွားသူတွေရဲ့ ၃.၆ ရာခိုင်နှုန်းမှာ သေဆုံးထားကြပြီး ကလေးတွေမှာ ပိုအဖြစ်များတယ်လို့ WHO ကဆိုပါတယ်။
▪️ အနောက်အာဖရိကမျိုးကွဲ clade 2 ကတော့ သိပ်ပြီးမပြင်းထန်ဘဲ သေဆုံးမှုနှုန်းက ၁ ရာခိုင်နှုန်းအောက် ရှိပါတယ်။
▪️ ရောဂါပြင်းထန်စွာ ခံစားရနိုင်ပေမယ့် ဒီမျိုးကွဲက သေဆုံးမှုတော့ နည်းပါးပါတယ်။
▪️ clade 1b ကပိုပြီးအန္တရာယ်ရှိတာကြောင့် ပျံ့ပွားမှုကို ထိန်းချုပ်ကာကွယ်ဖို့ ပြည်သူ့ကျန်းမာရေး ဆောင်ရွက်မှုတွေ လိုအပ်လာပါတယ်။
▪️ အိန္ဒိယမှာတော့ ဆေးရုံတွေ လေဆိပ်တွေမှာ အထူးကြပ်မတ်နေကာ အခုထက်ထိ ရောဂါမတွေ့ရှိသေးပါဘူး။
#Source: India Today
#World_Science
Published 26 August 2024
▪️ 'စတုန်းဟန့်ဂျ်'လို့ခေါ်ပြီး အဝိုင်းပုံစံစီရီထားတဲ့ ရှေးဟောင်းကျောက်တုံးတွေထဲက အလေးချိန် ၆ တန်ရှိ အကြီးဆုံးကျောက်တုံးပြာကြီးဟာ ၇၅၀ ကီလိုမီတာခန့် ဝေးကွာတဲ့ စကော့တလန်ကနေ လက်ရှိတည်နေရာ အင်္ဂလန် ဆာလစ်ဘာရီသို့ ရွှေ့ပြောင်းတာတာ ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေ ထူးဆန်းစွာ လေ့လာတွေ့ရှိထားပါတယ်။
▪️ ဒါဟာ ရှေးခေတ်ကလူတွေအနေနဲ့ ဒီလိုဧရာမကျောက်တုံးကြီးကို ကီလိုမီတာ ရာချီဝေးတဲ့ နေရာကနေ ဘယ်လိုရွှေ့ပြောင်းခဲ့လဲဆိုတာ သိချင်စရာဖြစ်လာသလို ကျောက်ခေတ်နှောင်းပိုင်းမှာ လူသားတွေ ဘယ်လိုတုန့်ပြန် လုပ်ဆောင်ကြလဲဆိုတာလည်း သိချင်စရာ ဖြစ်လာပါတယ်။
▪️ ကျောက်ခေတ်သစ်လို့လည်းခေါ်တဲ့ ကျောက်ခေတ်နှောင်းပိုင်းဟာ ၁၀၀၀၀ ဘီစီကနေ ၂၂၀၀ ဘီစီအထိ ရှိခဲ့ပါတယ်။
▪️ အစက ထိုနေရာမှာမရှိခဲ့တဲ့ ကျောက်တုံးတွေကို ကျောက်တုံးပြာလို့ အမည်ပေးကြတာဖြစ်ပြီး ဖွဲ့စည်းထားတဲ့ ဓာတုဓာတ်တွေနဲ့ သတ္တုဓာတ် သက်တမ်းတို့ကို သိပ္ပံပညာရှင်များ စမ်းသပ်ခဲ့ကြပါတယ်။
▪️ ဆန်းစစ်ချက်များအရ အကြီးဆုံးကျောက်တုံးပြာကြီးဟာ စကော့တလန် အရှေ့မြောက်ဘက် ၇၅၀ ကီလိုမီတာ ကွာဝေးတဲ့နေရာကနေ ရေတွေကြောင့် ရွေ့လာတာ ဖြစ်တယ်လို့ မှတ်ယူလာကြပါတယ်။
▪️ ကျောက်တုံးရဲ့ မူလအစက အော့ခ်နေးကျွန်းများမှ ဖြစ်မယ်လို့ ဆိုပါတယ်။
▪️ စကော့တလန် အရှေ့မြောက်ပိုင်းမှ သဲကျောက်တုံးနီအနည်များမှ စုစည်းဖြစ်ပေါ်လာခဲ့တာလို့ ယူဆကြပါတယ်။
▪️ ယခုထက်ထိ စတုန်းဟန့်ဂျ်မှ ကျောက်တုံးပြာများ အစပြုရာဟာ ဝေးလ်စ်နိုင်ငံ ပရက်ဆေလီတောင်ကုန်းတွေလို့ ခြေရာခံတွေ့ရှိထားပြီး မြင့်မားစွာ တည်ရှိနေတဲ့ အကြီးဆုံးဆာဆန်ကျောက်တုံးတွေက မာလ်ဘိုရိုအနီး အနောက်တောအုပ်တွေမှ ဖြစ်ပါတယ်။
▪️ ဒီလိုသယ်ယူလမ်းကြောင်းတွေအရ ကျောက်ခေတ်နှောင်းပိုင်းတုန်းက လူသားအသိုင်းအဝိုင်း အဆင့်မြင့်မားပုံကို ပြသနေတယ်လို့ လေ့လာချက်မှာ ဖော်ပြထားပါတယ်။
#Source: WION
၂၅ ဩဂုတ် ၂၀၂၄
ထိုင်းနိုင်ငံတွင် ပထမဦးဆုံးအဖြစ် ကူးစက်မြန်သော မျောက်ကျောက်မျိုးစိတ်သစ် Clade 1b တွေ့ရှိပြီးနောက် ကူးစက်မှု မပျံ့နှံ့ ရေးအတွက် စောင့်ကြည့် ကာကွယ်မှုတွေ တိုးလုပ်နေပါတယ်။ ထိုင်းနိုင်ငံအပြင် အာရှတွင် ပါကစ္စတန်နှင့် ဖိလစ်ပိုင်နိုင်ငံတို့မှာ ကူးစက်သူတစ်ဦးစီတွေ့ရပြီး သူတို့မှာ အပျော့စားမျိုးစိတ် Clade II ကူးစက်ခံခဲ့ရသူတွေဖြစ်ကြပါတယ်။
Source CCTV+
၂၅ ဩဂုတ် ၂၀၂၄
ထိုင်းနိုင်ငံ ဖူးကက်ကျွန်းတွင် သောကြာနေ့က မြေပြိုကျမှုကြောင့် မြန်မာ ရွှေ့ပြောင်းအလုပ်သမား (၉)ဦးအပါအဝင် ၁၃ ဦး သေဆုံးခဲ့တယ်လို့သိရပါတယ်။
အခြားသေဆုံးသူတွေက ထိုင်းနှစ်ဦးနှင့် ရုရှားစုံတွဲ နှစ်ဦးတို့ဖြစ်ကြတယ်လို့ ရှာဖွေရေးလုပ်ငန်းတွေဆောင်ရွက်အပြီးမှာ အာဏာပိုင်တွေက ယနေ့ တနင်္ဂနွေနေ့ ဩဂုတ် ၂၅ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
သည်းထန်လွန်းတဲ့မိုးကြေင့် ထိုင်းနိုင်ငံတောင်ပိုင်း နာမည်ကျော် ခရီးသွားနေရာဖြစ်တဲ့ ဖူးကက်ကျွန်း Big Buddha (ဘုရားကြီး) အနီးမှာ မြေတွေပြိုကျခဲ့တာဖြစ်ပါတယ်လို့ ဖူးကက်အုပ်ချုပ်ရေးမှူး ဆိုဖွန်ဆူဝါနာရက်က ပြောပါတယ်။
မြေပြိုမှုကြောင့် အိမ်ခြေပေါင်း ၂၀၉ လုံးပျက်စီးခဲ့ရပြီး လူ၂၀ဦးလည် ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပါတယ်။ ယခုအခါ ပျက်စီးတဲ့နေရာကို ရှင်းလင်းရေးလုပ်ငန်းတွေ ဆောင်ရွက်နေကြောင်းသိရှိရပါတယ်။
သေဆုံးသူ မြန်မာအလုပ်သမား ၉ ဦးအတွက် ဘန်ကောက်က မြန်မာသံရုံးနှင့် ဆက်သွယ်ဆောင်ရွက်နေတယ်လို့လည်း ဖူးကက် ဒေသအာဏာပိုင်တွေကပြောပါတယ်။
#World_Health
Published 25 August 2024
▪️ တစ်ကိုယ်ရည်သန့်ရှင်းမှု ဆိုတာဟာ သန့်ရှင်းမှုကို အစဉ်ထိန်းသိမ်းပြီး ရောဂါပျံ့ပွားခြင်းမှ ကာကွယ်ရန် ပြုလုပ်တဲ့ အလေ့အထတွေကို ဆိုလိုပါတယ်။
▪️ ဒီလိုနေထိုင်ခြင်းဖြင့် ရောဂါကူးစက်ခြင်းများမှ ကာကွယ်နိုင်ကာ အလုံးစုံကျန်းမာရေး တိုးတက်စေမှာ ဖြစ်ပါတယ်။
▪️ ဒါကြောင့် တစ်ကိုယ်ရည်သန့်ရှင်းမှု တိုးတက်စေမယ့် နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။
(၁) လက်ပုံမှန်ဆေးကြောပါ
▪️ လက်ကို ရေနဲ့ဆပ်ပြားသုံးပြီး ဆေးကြောခြင်းဖြင့် ပိုးမွှားအမျိုးမျိုး ဖယ်ရှားနိုင်ကာ ရောဂါကူးစက်မှုမှ ကာကွယ်နိုင်ပါတယ်။
(၂) တစ်နေ့နှစ်ကြိမ် သွားတိုက်ပါ
▪️ ပုံမှန်သွားတိုက်ပေးပြီး သွားကြားထိုးခြင်းဖြင့် အညစ်အကြေးများ ဖယ်ရှားပေးကာ သွားဖုံးရောဂါများကို ဖြစ်နိုင်ခြေ လျော့နည်းစေပါတယ်။
(၃) ပုံမှန်ရေချိုးပါ
▪️ ရေချိုးခြင်းဖြင့် ဖုန်မှုန့်များ၊ ချွေးများ၊ ဆဲလ်သေများ၊ ဘက်တီးရီးယားများ ဖယ်ရှားနိုင်ကာ အရေပြားရောဂါ ကူးစက်ခြင်းနဲ့ အနံ့ဆိုးထွက်ခြင်းကို သက်သာစေပါတယ်။
(၄) လက်သည်းခြေသည်းများကို သန့်ရှင်းဖြတ်တောက်ပါ
▪️ လက်သည်းခြေသည်းများကို သန့်ရှင်းအောင်ထားပြီး သပ်သပ်ရပ်ရပ်ညှပ်ခြင်းဖြင့် ဘက်တီးရီးယားနဲ့ မှိုကူးစက်မှုများကို လျှော့ချနိုင်ပါတယ်။
(၅) ထိတွေ့မှုများသောမျက်နှာပြင်များကို ပိုးသန့်စင်ပါ
▪️ တံခါးလက်ကိုင်၊ မီးခလုတ်၊ စားပွဲပြင်တို့ကို ပုံမှန်ပိုးသန့်စင်ပေးခြင်းဖြင့် ပိုးမွှားများဖယ်ရှားပေးကာ ရောဂါကူးစက်မှု လျော့နည်းစေပါတယ်။
(၆) ခြေထောက်သန့်ရှင်းရေး ပြုလုပ်ပါ
▪️ ခြေထောက်၊ ခြေချောင်းကြားတွေကို ဆပ်ပြာဖြင့် ပုံမှန်ဆေးကြောကာ ခြောက်သွေ့အောင်ထားခြင်းဖြင့် ခြေထောက်အနာများ ဖြစ်ခြင်းနဲ့ အနံ့ဆိုးထွက်ခြင်းမှ ကာကွယ်ပေးပါတယ်။
(၇) အစားအစာများကို သန့်ရှင်းစွာကိုင်တွယ်ပါ
▪️ အစားအစာများကို ကိုင်တွယ်တဲ့အခါ သန့်ရှင်းစွာကိုင်ပြီး ထိန်းသိမ်းခြင်းဖြင့် အစားအစာကြောင့် ဖြစ်တဲ့ ရောဂါများကို ကာကွယ်ပေးပါတယ်။
(၈) လုံလောက်စွာအိပ်စက်ပြီး အိပ်ရာကိုသန့်ရှင်းအောင်ထားပါ
▪️ အိပ်စက်ခြင်းဟာ ကျန်းမာရေးအတွက် အရေးကြီးပြီး ကိုယ်ခံအား လုပ်ဆောင်ချက်၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ ရုပ်ပိုင်းဆိုင်ရာတို့ကို ထောက်ပံ့ပေးကာ အိပ်ရာထဲမှ ပိုးမွှားများသန့်စင်စေရန် သန့်ရှင်းအောင် ထားရပါမယ်။
(၉) ချောင်းဆိုးနှာချေတဲ့အခါ ပါးစပ်နှင့်နှာခေါင်းကိုအုပ်ပါ
▪️ ဒါမှသာ အသက်ရှူလမ်းကြောင်း ကူးစက်မှုများကို အခြားသူများထံ မကူးစက်နိုင်မှာ ဖြစ်ပါတယ်။
(၁၀) ရေဓာတ်ဖြည့်ပါ
▪️ ရေဓာတ်ပြည့်ဝအောင်နေခြင်းဖြင့် အရေပြားကျန်းမာရေး၊ အစာခြေစနစ်၊ ကျောက်ကပ် လုပ်ဆောင်ချက်တို့ ကောင်းမွန်စေကာ အရေပြားကနေ ရောဂါကာကွယ်ပေးတာကြောင့် တစ်နေ့ကို အနည်းဆုံးရေ ၈ ခွက်သောက်သုံးသင့်ပါတယ်။
#Source: DoctorNDTV
Page 18 of 776