#Daily_News
Published_ 18 May 2024
၁။ မြန်မာ့ပထမဦးဆုံး ဂီတအကယ်ဒမီထူးချွန်ဆုပေးပွဲ ကျင်းပမည်၊ ထူးချွန်ဆု(၉)ဆုပေးရန် ရည်မှန်းထား
၂။ ကုန်အဝင်နည်းလာပြီး ပြည်တွင်းသုံးစွဲမှု များတဲ့အတွက် ကြက်သွန်ဖြူဈေး ပြန်မြင့်တတ်
၃။ ရွှေဈေး ကျပ်၅၁သိန်းအထိ စံချိန်တင်မြင့်တက်နေသော်လည်း ဝယ်ယူသူမရှိ
၄။ အိမ်အဟောင်းအား အိမ်အသစ်ဖြင့် လဲလှယ်ရေးအစီအစဥ်အသစ်အား ဝူရှီမြို့ပြဆောက်လုပ်ရေးအဖွဲ့ကုမ္ပဏီစတင် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 18 May 2024
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက တိုင်းပြည်ရဲ့ နျူကလီးယားတပ် ပိုမိုလျင်မြန်စွာ တိုးတက်ရေးအတွက် နျူကလီးယားဒုံးကျည်များ အရှိန်မြှင့် ထုတ်လုပ်ရန် မိန့်ကြားလိုက်ကာ ထိုနေ့မှာပဲ လမ်းညွှန်စနစ်သစ် ပါဝင်တဲ့ ဗျူဟာမြောက် ပဲ့ထိန်းပစ်ဒုံးကျည်များ စမ်းသပ်မှုကို ကြီးကြပ်ခဲ့ကြောင်း KCNA သတင်းဌာနက စနေနေ့မှာ ဖော်ပြခဲ့ပါတယ်။
ကင်မ်ဂျုံအန်းက သောကြာနေ့မှာ လက်နက်ထုတ်စက်ရုံတစ်ခုသို့ သွားရောက်လည်ပတ်ခဲ့ပြီး ရန်သူတွေဘက်မှ အထိန်းအကွပ်မဲ့ စစ်ရေးရင်ဆိုင်မှုများ ရှိလာနိုင်တာကို ဖြေရှင်းရန်နဲ့ နျူကလီးယားစစ်ပွဲ ဟန့်တားရေးစနစ် မြှင့်တင်နိုင်ရန် လက်နက်များထုတ်လုပ်ဖို့ ညွှန်ကြားခဲ့ပါတယ်။
ဒါမှသာ ရန်သူတွေက မြောက်ကိုရီးယားရဲ့ နျူကလီးယား တိုက်ခိုက်ရေး အသင့်အနေအထားကို ကြောက်ရွံ့နေမှာ ဖြစ်တယ်လို့ ကင်မ်က ဆိုပါတယ်။
သောကြာနေ့က မြောက်ကိုရီးယားဟာ အရှေ့ဘက်ကမ်းရိုးတန်းရှိ ပင်လယ်ထဲသို့ တာတိုပဲ့ထိန်းပစ်ဒုံးကျည်များ စမ်းသပ်ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်ကလည်း ပြောကြားလိုက်ပါတယ်။
ကင်မ်ဂျုံအန်းက အလိုအလျောက် လမ်းညွှန်ပြစနစ်ပါဝင်တဲ့ ဒုံးကျည်တွေကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တဲ့အတွက် ကျေနပ်နေပါတယ်။
အမေရိကန်နဲ့ တောင်ကိုရီးယားတို့က လေကြောင်းတိုက်ခိုက်မှုပုံစံ ဖန်တီးကာ ကိုယ်ပျောက်တိုက်လေယာဥ်များဖြင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ပြီး နောက်တစ်ရက်မှာပဲ မြောက်ကိုရီးယားကလည်း ဒုံးကျည်စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။
Source: Reuters
#World_News
#Published_ 18 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Published 18 May 2024
အိန္ဒိယအပါအဝင် အရှေ့တောင်အာရှဒေသမှာ သွေးတိုးရှိသူ ၂၉၄ သန်းခန့် ရှိနေနိုင်တယ်လို့ အရှေ့တောင်အာရှဆိုင်ရာ WHO ညွှန်ကြားရေးမှူး ဆိုင်မာဝါဇက်က ကြာသပတေးနေ့က ဆိုလိုက်ပါတယ်။
မေလ ၁၇ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့သွေးတိုးရောဂါနေ့မှာ အသံတိတ်ဒုက္ခပေးနေတဲ့ ရောဂါအကြောင်း ပိုမိုသိရှိစေရန်နဲ့ သွေးတိုးတိုက်ဖျက်ရေးများ လုပ်ဆောင်ရန် ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
စောစီးစွာ သိရှိဖို့နဲ့ ထိန်းချုပ်နိုင်ဖို့က အလွန်အရေးကြီးပြီး သွေးတိုးရောဂါရှိသူ တဝက်ခန့်က ရောဂါရှိမှန်း မသိကြဘူးလို့ ပြောပါတယ်။
မထိန်းသိမ်းပါက နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ကျောက်ကပ်ရောဂါ၊ စောစီးစွာ သေဆုံးခြင်းတို့ ဖြစ်နိုင်ပါတယ်။
ရောဂါဖြစ်စေတဲ့ အဓိကအကြောင်းအရင်းတွေက ဆားစားသုံးမှု လွန်ကဲခြင်း၊ ဆေးလိပ် အရက်သောက်သုံးခြင်း၊ ကျန်းမာရေးနဲ့မညီတဲ့ အစားအစာများ၊ ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း၊ စိတ်ဖိစီးမှု၊ လေထုညစ်ညမ်းခြင်းတို့ ပါဝင်နေပါတယ်။
နိုင်ငံအများအပြားမှာ အထောက်အထား အခြေပြုပြီး သွေးတိုးထိန်းသိမ်းခြင်း ဗျူဟာများ ချမှတ်နေပါပြီ။
ဆေးလိပ်လျှော့ချသောက်ခြင်း၊ အိမ်တွင်းလေထုညစ်ညမ်းမှု သက်သာအောင် ပြုလုပ်ခြင်းတို့ဖြင့် သွေးတိုးနိုင်ခြေ လျော့ပါးနိုင်ပါတယ်။
နိုင်ငံ ၄ နိုင်ငံကတော့ စားသောက်ကုန် လည်ပတ်မှုပိုင်းမျာ ဖက်တီးအက်ဆစ်များ ဖယ်ရှားရန် အတိုင်းအတာများ စလုပ်နေပြီဖြစ်ပြီး ၂ နိုင်ငံကတော့ စားသုံးသူများ ရွေးချယ်ဝယ်ယူနိုင်ရန် တံဆိပ်ကပ်နှိပ်ရေး စံနှုန်းများ သတ်မှတ်ထားပါပြီ။
ဒါ့အပြင် နိုင်ငံအများအပြားကလည်း သွေးတိုးနဲ့ ဆီးချိုထိန်းသိမ်းမှု တိုးတက်လာအောင် ရည်မှန်းချက်များထားပြီး လုပ်ဆောင်နေပါပြီ။
Source: NDTV.
#World_Health
#Published_ 18 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Published 18 May 2024
ဂရိပ်ဖရုသီးက ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုပေမယ့် လူတိုင်းအတွက်တော့ မဟုတ်ပါဘူး။
အချဥ်သီးအမျိုးအစားဖြစ်တဲ့ ဂရိပ်ဖရုဟာ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ ပိုတက်ဆီယမ်၊ အမျှင်ဓာတ်များ ကြွယ်ဝတယ်လို့ အသိအမှတ်ပြု အာဟာရပညာရှင် အယ်ရင်ပယ်လန်စကီဝိတ်ဒ်က ပြောပြပါတယ်။
အာဟာရဓာတ်များ ပါဝင်ကာ သွေးတွင်းသကြားဓာတ် မမြင့်စေပါဘူး။
အမျှင်ဓာတ်က အူလမ်းကြောင်း ရောင်ရမ်းခြင်းကို လျှော့ချပေးကာ ဝမ်းချုပ်ခြင်းကို သက်သာစေပြီး ဗိုက်ပြည့်စေတဲ့အတွက် ကိုယ်အလေးချိန် ထိန်းသိမ်းရန် ကူညီပေးပါတယ်။
ဂရိပ်ဖရုတစ်လုံးစားခြင်းဖြင့် တစ်နေ့တာလိုအပ်တဲ့ ဗိုက်တာမင်-စီ ပေးစွမ်းနိုင်ပြီး ကိုယ်ခံအားကို မြှင့်တင်ပေးကာ ကော်လာဂျင် ထုတ်လုပ်ပေးပါတယ်။
ရေဓာတ်ကြွယ်ဝတဲ့အတွက် အသားအရေ ဝင်းပစေပါတယ်။
ဂရိပ်ဖရုက အက်ဆစ်ဓာတ် ပါဝင်တာကြောင့် အစာအိမ်အက်ဆစ် လျှံတက်ခြင်း ခံစားရတတ်တဲ့ လူတွေမှာ ပိုဆိုးစေနိုင်ပါတယ်။
အစာအိမ်နံရံရောင်ခြင်း၊ အစာအိမ် အူသိမ် အစာရေမျိုတို့မှာ အနာဖြစ်ခြင်း ခံစားရတဲ့သူတွေလည်း ဂရိပ်ဖရုကို ရှောင်ရှားသင့်တယ်လို့ ဟော့ပ်ကင်းစ်ဆေးဌာနက ဆိုပါတယ်။
အချို့သောဆေးဝါးတွေကို ချေဖျက်ရာမှာ ကူညီပေးတဲ့ အင်မ်ဇိုင်းတစ်မျိုးကိုလည်း ဟန့်တားတာမျိုး ရှိပါတယ်။
ထိုဆေးတွေထဲမှာ ကိုလက်စ်ထရောလ် ချပေးတဲ့ အေတိုဗာစတက်တင်၊ လိုဗာစတက်တင်၊ ဆင်မ်ဗာစတက်တင်၊ အလာ့ဂျစ်ဆေး ဖက်ဆိုဖာနာဒင်း၊ သွေးပေါင်ချိန်ထိန်းဆေး နစ်ဖက်ဒီပင်း၊ ကိုယ်ခံအားနှိမ့်ဆေး ဆိုက်ကလိုစပိုရင်းတို့ ပါဝင်ပါတယ်။
Source: New York Post.
#World_Health
#Published_ 18 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
တရုတ်လျှပ်စစ်ကားများအပေါ် အမေရိကန်မှ အကောက်ခွန်အသစ်များ သတ်မှတ်လိုက်ခြင်းဟာ တရုတ်လုပ်ငန်းများအပေါ် သက်ရောက်မှု အနည်းငယ်ရှိမယ်လို့ မျှော်လင့်ရကြောင်း စက်မှုလုပ်ငန်းအတွင်းရေးမှ သိရှိရပါတယ်။
#World_Automobile
#Published_ 17 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
#Daily_News
Published_ 17 May 2024
၁။ ရန်ကုန်တိုင်းနှင့်ဒေသအချို့ အခုရက်ပိုင်း၌ မိုးထစ်ချုန်းရွာပြီး လေပြင်းများတိုက်နိုင်
၂။ လာမည့်ကဆုန်လပြည့်နေ့တွင် မန္တလေး မဟာမုနိဘုရားကြီးကို လာရောက်မည့် ဘုရားဖူးဧည့်သည် ယမန်နှစ်ထက် ပိုများနိုင်မည်ဟုဆို
၃။ အာလူးအထွက်များချိန် ဖြစ်သော်လည်း ဈေးပုံမှန်ရရှိနေ
၄။ တရုတ်လျှပ်စစ်ကားတင်သွင်းခြင်းအပေါ် အမေရိကန်မှ အကောက်ခွန်များ တိုးမြှင့်သတ်မှတ် ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
Published 17 May 2024
တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ဟာ အမေရိကန်ရဲ့ အင်အားကြီးပြိုင်ဘက် နိုင်ငံများအဖြစ် လက်တွဲပူးပေါင်းခြင်းဆိုင်ရာ ခေတ်သစ်တစ်ခု ထူထောင်ရန် ကြာသပတေးနေ့က ကတိပြုလိုက်ပါတယ်။
အမေရိကန်ဟာ ကမ္ဘာတဝှမ်းမှာ ပဋိပက္ခတွေ ဖန်တီးနေပြီး ရန်ဆောင်နေတဲ့ စစ်အေးကာလ ဗိုလ်ကျအုပ်စိုးနေတဲ့သူ ဖြစ်တယ်လို့ ယင်းနှစ်နိုင်ငံက မှတ်ယူနေကြပါတယ်။
ရှီကျင့်ဖျင်က ပေကျင်းမြို့ ပြည်သူ့ခန်းမကြီးအပြင်ဘက် ကော်ဇောနီပေါ်မှာ ပူတင်ကို နှုတ်ဆက်ခဲ့ပြီး တရုတ်ပြည်သူ့သမ္မတ တပ်မတော်သားများ သေနတ်ပစ်ဖောက် ဂုဏ်ပြုခဲ့ကြကာ ကလေးများက တရုတ်နဲ့ ရုရှားအလံများ ဝေ့ယမ်းနေခဲ့ပါတယ်။
ရုရှားတပ်များ ယူကရိန်းသို့ မကျူးကျော်ခင် ရက်ပိုင်းအတွင်းက တရုတ်ပြည်သို့ ပူတင်လာရောက်ခဲ့ပြီး ၂၀၂၂ ဖေဖော်ဝါရီမှာ အကန့်အသတ်မရှိ မိတ်ဖက်ပူးပေါင်းခြင်းကို တရုတ်နဲ့ ရုရှားတို့ ကြေညာခဲ့ပါတယ်။
အမေရိကန်နဲ့ ပတ်သက်လို့ လုံခြုံရေးပြဿနာများကို ဆန့်ကျင်ထားကြသလို ထိုင်ဝမ်၊ ယူကရိန်းကစလို့ မြောက်ကိုရီးယားအရေးအထိ အမြင်တူညီနေပြီး နျူကလီးယား နည်းပညာ ငြိမ်းချမ်းစွာ အသုံးပြုရေးနဲ့ ဘဏ္ဍာရေးကိစ္စများ ပူးပေါင်းဆောင်ရွက်ရေးတို့မှာ ခေတ်သစ်တစ်ခု ထူထောင်ရန် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ယနေ့ရရှိလာတဲ့ တရုတ်-ရုရှား ဆက်ဆံရေးက ခက်ခက်ခဲခဲ ရရှိလာတာဖြစ်ပြီး ဒါကို ထိန်းသိမ်းပြုစုသွားရမယ်လို့ ရှီကျင့်ဖျင်က ပူတင်ကို ပြောပါတယ်။
ရုရှားတို့က နေတိုး(NATO)မှ ထောက်ပံ့ပေးနေတဲ့ ယူကရိန်းတပ်များကို စစ်ဆင်နွှဲနေပြီး တရုတ်ကတော့ ယင်းရဲ့စီးပွားရေးနဲ့ စစ်ရေးအင်အား တိုးချဲ့ကြီးထွားလာမှုကို တန်ပြန်ဖို့ကြိုးစားနေတဲ့ အမေရိကန်ရဲ့ ဖိအားကို ရင်ဆိုင်နေရကာ ယင်းနှစ်နိုင်ငံက ဘုံတူတဲ့ ပထဝီနိုင်ငံရေးကိစ္စ ရှိနေတာ ဖြစ်ပါတယ်။
တရုတ်နဲ့ ရုရှားပူးပေါင်းပြီး ကမ္ဘာကြီးမှာ ရာစုနှစ်အတွင်း မမြင်ဖူးတဲ့ ပြောင်းလဲမှုများ ပြုလုပ်ရန် အခွင့်အရေးရှိတယ်လို့ ပြောကြားခဲ့ကြပါတယ်။
တရုတ်နဲ့ ရုရှားတို့က အခက်အခဲများ ရင်ဆိုင်နေရပြီး တရုတ်က စီးပွားရေးဖွံ့ဖြိုးမှု နှောင့်နှေးနေသလို ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက် နေတိုးက နေရာတိုးချဲ့လာပါတယ်။
အမေရိကန်ကလည်း တရုတ်ကို အကြီးမားဆုံး ယှဥ်ပြိုင်ဘက်အဖြစ် သတ်မှတ်ထားပြီး ရုရှားကိုတော့ တိုင်းပြည်အဆင့် အကြီးမားဆုံး ခြိမ်းခြောက်နေတဲ့ နိုင်ငံအဖြစ် သတ်မှတ်ထားပါတယ်။
စစ်အေးကာလပုံစံမျိုး ပြုမူနေတဲ့ အမေရိကန်ကို ရှီကျင့်ဖျင်နဲ့ ပူတင်နှစ်ဦးစလုံးက ရှုတ်ချလိုက်ပါတယ်။
Source: Reuters
#World_News
#Published_ 17 May 2024
#Yangon_Times #YMG_News #Yangon_Media_Group
Page 168 of 860