#WorldMilitary
Published 14 March 2022
နေတိုး(NATO)အဖွဲ့ဝင် ပိုလန်နိုင်ငံနယ်စပ်အနီးရှိ ယူကရိန်းစစ်အခြေစိုက်စခန်းကြီးတစ်ခုကို ရုရှားတို့က တနင်္ဂနွေနေ့က ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၃၅ ဦးသေဆုံးပြီး ၁၃၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်းမှတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။
အခုဆိုရင်တိုက်ခိုက်မှုတွေက ယူကရိန်းနိုင်ငံအနောက်ပိုင်းအထိပါ ရောက်ရှိလာတာဖြစ်ပါတယ်။
လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာမှာ စစ်လေ့ကျင်းရေးစခန်းကြီးထဲက အခြားနိုင်ငံများမှထောက်ပံ့ထားတဲ့ လက်နက်အများအပြားကိုဖျက်ဆီးနိုင်ခဲ့ပြီး နိုင်ငံခြားကြေးစားစစ်သည် ၁၈၀ ဦးသေဆုံးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။
ရုရှားတို့တိုက်ခိုက်ခဲ့တဲ့ ယာဗိုရစ်ဗ်အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းလုံခြုံမှုထိန်းသိမ်းရေးဗဟိုဌာနဟာ ပိုလန်နယ်စပ်မှ ၂၅ ကီလိုမီတာသာကွာဝေးတဲ့ အခြေစိုက်စခန်းတစ်ခုဖြစ်ပြီး မကြာသေးမီကမှ နေတိုးစစ်သင်တန်းပို့ချသူတွေ ရှိနေခဲ့တဲ့နေရာဖြစ်ပါတယ်။
အဆိုပါအခြေစိုက်စခန်းကို တိုက်ခိုက်ခဲ့ခြင်းဟာ အနောက်တိုင်းမဟာမိတ်နိုင်ငံများပိုင်နက်နဲ့ အလွန်နီးကပ်လာတဲ့အနေအထားဖြစ်နေပါပြီ။
ယူကရိန်းနိုင်ငံဆီသို့ လက်နက်ထောက်ပံ့သယ်ဆောင်လာတဲ့ အနောက်နိုင်ငံတွေမှယာဉ်တန်းတွေကို တိုက်ပွဲပစ်မှတ်အဖြစ်သတ်မှတ်သွားမှာဖြစ်တယ်လို့ ရုရှားတို့က စနေနေ့ကသတိပေးလိုက်ပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် အခြေအနေတင်းမာမှုများ သိသိသာသာမြင့်တက်လာနိုင်ကြောင်း ဗြိတိန်ကမှတ်ချက်ပြုလိုက်တဲ့အပြင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး'အန်တိုနီဘလင်ကန်'က တွစ်တာပေါ်မှာ "ရက်ရက်စက်စက်တိုက်ခိုက်ခြင်းတွေ ရပ်တန့်သင့်ပြီ"လို့ ရေးသားဖော်ပြထားပါတယ်။
နေတိုးအဖွဲ့ဝင်များရဲ့ပိုင်နက်ကို ထိပါးတိုက်ခိုက်လာရင် အင်ပြည့်အားပြည့်ဖြင့်တုန့်ပြန်လာမှာဖြစ်ကြောင်း အိမ်ဖြူတော်မှ နိုင်ငံတော်လုံခြုံရေးအကြံပေးအရာရှိ'ဂျိတ်ခ်ဆာလီဗန်'က သတိပေးခဲ့ပါတယ်။
ယာဗိုရစ်ဗ်စခန်းကြီးကို ရုရှားလေယာဉ်တွေက ဒုံးကျည် ၃၀ ခန့်ပစ်ခတ်သွားတယ်လို့ ယူကရိန်းမှ ဒေသတွင်းအုပ်ချုပ်ရေးမှူး'မက်ဆင်ကိုဇစ်စကီယီ'က အတည်ပြုလိုက်ပါတယ်။
ရုရှားတို့ရဲ့ တိကျသေချာတဲ့အဝေးပစ်လက်နက်များဖြင့် ယာဗိုရစ်ဗ်စခန်းနဲ့ စတယ်ရစ်ချီရွာမှနောက်ထပ်စခန်းတစ်ခုတို့ကို ပစ်ခတ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ'အစ်ဂေါကိုနာရှန်ကော့ဗ်'က ပြောပြသွားပါတယ်။
အဆိုပါတိုက်ခိုက်မှုကြောင့် နိုင်ငံခြားကြေးစားစစ်သည်အယောက် ၁၈၀ သေဆုံးပြီး အခြားနိုင်ငံများမှ ထောက်ပံ့ပေးထားတဲ့ လက်နက်အများအပြားပျက်စီးသွားခဲ့ပါတယ်။
နိုင်ငံအနောက်ဘက်ပိုင်းမှာတည်ရှိတဲ့ ယာဗိုဗစ်ဗ်အခြေစိုက်စခန်းကြီးဟာ ၃၆၀ စတုရန်းကီလိုမီတာကျယ်ဝန်းပြီး ယူကရိန်းနိုင်ငံရဲ့ အကြီးမားဆုံးစစ်စခန်းကြီးဖြစ်ပါတယ်။
ယူကရိန်းအနောက်ပိုင်းဟာ အခုအချိန်ထိတော့ အခြားဒေသတွေလောက် စစ်ဒဏ်ခံရခြင်းမရှိသေးတဲ့ဒေသဖြစ်ပါတယ်။
ရုရှားတို့ ကျူးကျော်မှုမလုပ်ခင်အချိန်တုန်းက အဆိုပါစစ်စခန်းမှာ ယူကရိန်းနဲ့အနောက်တိုင်းနိုင်ငံများပူးပေါင်းကာ အဓိကစစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ခဲ့ပြီး စက်တင်ဘာလက နောက်ဆုံးစစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ခဲ့ပါတယ်။
ယူကရိန်းမီဒီယာများရဲ့ဖော်ပြချက်အရ ဖေဖော်ဝါရီလလယ်လောက်မှာ နိုင်ငံခြားမှစစ်သင်တန်းပို့ချသူများထွက်ခွာသွားခဲ့ပြီး ပစ္စည်းလက်နက်တွေတော့ ချန်ထားခဲ့ကြောင်း သိရှိရပါတယ်။
"ယခုတိုက်ခိုက်မှုကြောင့် စားသောက်ခန်းတွေ၊ အိပ်ဆောင်တွေ၊ စစ်တန်းလျားတွေ ဖျက်ဆီးခံလိုက်ရပါတယ်။ အရေးကြီးဆုံးကတော့ အခုအချိန်အထိအသက်ရှင်နေတာပါပဲ" လို့ ဗိုလ်မှူးကြီး'လီယိုနစ်ဘန်ဇယ်လို'က ရိုက်တာကိုပြောပြသွားပါတယ်။
အနောက်နိုင်ငံတွေက ယူကရိန်းကို လက်နက်များထောက်ပံ့လျက်ရှိပြီး ရုရှားကို ထိရောက်ပြင်းထန်တဲ့စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ထားပါတယ်။
စစ်ရေးပဋိပက္ခအတွင်း နေတိုးအဖွဲ့ပါဝင်သွားမှာကို အမေရိကန်နဲ့မဟာမိတ်နိုင်ငံတွေက စိုးရိမ်ပူပန်နေကြပါတယ်။
ယူကရိန်းနိုင်ငံမှာ နေတိုးနဲ့သက်ဆိုင်တဲ့သူတစ်ဦးတစ်ယောက်မျှ မရှိဘူးလို့ နေတိုးအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။
Source: Reuters
#Yangon_Media_Group
#WorldHealth
Published - 14 March 2022
ကိုဗစ်ရောဂါကူးစက်ခံရခြင်းကြောင့် ဆေးရုံတက်ကုသခံယူနေရတဲ့အပြင် မွေးရာပါနှလုံးရောဂါရှိနေတဲ့လူတွေဟာ အလွန်နေမကောင်းဖြစ်ခြင်းများကြုံတွေ့ရနိုင်ပြီး အသက်အန္တရာယ်လည်းစိုးရိမ်နိုင်ရကြောင်း သုတေသီများကပြောကြားခဲ့ပါတယ်။
ဒီတွေ့ရှိချက်တွေကိုလေ့လာရာမှာ နှလုံးအားနည်းရောဂါရှိပြီး ကိုဗစ်ကူးစက်ခြင်းကြောင့်ဆေးရုံတက်ကုသခံနေရတဲ့လူနာ ၄၂၁ ဦးနဲ့ ပုံမှန်နှလုံးလုပ်ဆောင်ချက်ရှိပြီး ကိုဗစ်ကူးစက်ခြင်းကြောင့်ဆေးရုံတက်ကုသခံနေရတဲ့လူ ၂၃၅,၆၃၈ ဦးတို့ကိုနှိုင်းယှဉ်ခဲ့ကြတာဖြစ်ပါတယ်။
လူနာတွေရဲ့အခြားရောဂါဖြစ်ပွားနိုင်တဲ့ အချက်အလက်တွေကိုပါထည့်သွင်းလေ့လာရာမှာ မွေးရာပါနှလုံးရောဂါခံစားရတဲ့လူတွေက နှလုံးရောဂါမရှိတဲ့လူတွေထက် အထူးကြပ်မတ်ကုသခံယူရမှု ၄၀ ရာခိုင်နှုန်း၊ အသက်ရှူကိရိယာလိုအပ်မှု ၈၀ ရာခိုင်နှုန်းနဲ့ ဆေးရုံတက်ကုသရင်းအသက်သေဆုံးမှုက ၂ ဆ အသီးသီးပိုများနေခဲ့ပါတယ်။
ဒီတွေ့ရှိချက်တွေကို Circulation ဂျာနယ်မှာ တနင်္လာနေ့ကဖော်ပြခဲ့ပါတယ်။မွေးရာပါနှလုံးရောဂါနဲ့ဆေးရုံတက်ကုသခံနေရသူများမှာ အခြားကျန်းမာရေးရောဂါတစ်ခုခုရှိနေပါက အသက်အန္တရာယ်ပိုဆိုးလာနိုင်ချေရှိနေပါတယ်။
"မွေးရာဂါနှလုံးရောဂါရှိတဲ့သူတွေအနေနဲ့ ကိုဗစ်ကာကွယ်ဆေးတွေ အားမြှင့်ကာကွယ်ဆေးတွေထိုးဖို့ လိုအပ်ပါတယ်။ နှာခေါင်းစည်းတပ်ဆင်ခြင်း၊ ခပ်ခွာခွာနေထိုင်ခြင်းများကဲ့သို့ ကိုဗစ်ကာကွယ်ရေးဆောင်ရွက်ချက်တွေကို ဆက်လက်လိုက်နာသင့်ပါတယ်" လို့ အမေရိကန်ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာမှ ဦးဆောင်လေ့လာသူ'ကယ်ရီဒေါင်းနင်း'က ပြောကြားသွားပါတယ်။
Source: Reuters
#WorldHealth
Published - 14 March 2022
ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဒယ်လ်တာမျိုးဗီဇကွဲနဲ့ အိုမီခရွန်မျိုးဗီဇကွဲတို့မှ မျိုးရိုးဗီဇများပေါင်းစပ်သွားကာ ပေါ်ပေါက်လာသည့်မျိုးဗီဇကွဲအသစ်ကို 'ဒယ်လ်တာခရွန်'လို့အမည်ပေးခဲ့ကြပါတယ်။
အဆိုပါဒယ်လ်တာခရွန်မျိုးဗီဇကွဲကူးစက်မှုကို အမေရိကန်နဲ့ဥရောပမှလူနာ အနည်းဆုံး ၁၇ ဦးမှာတွေ့ရှိခဲ့ကြကြောင်း သုတေသီများထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဒယ်လ်တာခရွန်ကူးစက်ခံရသူ အလွန်နည်းပါးလွန်းသေးတာကြောင့် ဒီမျိုးဗီဇကွဲအသစ်က အလွန်ကူးစက်မြန်နိုင်လား ဒါမှမဟုတ် ရောဂါဆိုးရွားပြင်းထန်စေလားဆိုတာကို မသိရသေးကြောင်း ပြင်သစ်နိုင်ငံမာဆေးလ်မြို့ရှိ IHU Mediterranee Infection ကုမ္ပဏီမှ 'ဖီးလစ်ကော်ဆန်'က medRxiv ဝက်ဘ်ဆိုက်မှာ အင်္ဂါနေ့ကဖော်ပြခဲ့ပါတယ်။
အဆိုပါ SARS-CoV-2 ဗိုင်းရပ်စ်မျိုးဗီဇကွဲအသစ်ဟာ ဒယ်လ်တာမျိုးဗီဇကွဲရဲ့ကိုယ်ထည်နဲ့ အိုမီခရွန်မျိုးဗီဇကွဲရဲ့စပိုက်ခ်ပရိုတိန်းတို့ကို ပေါင်းစပ်ထားတာဖြစ်ပြီး ပြင်သစ်နိုင်ငံအတွင်းကူးစက်သူ အနည်းဆုံး ၃ ယောက်တွေ့ရှိထားကြောင်း ဖော်ပြထားပါတယ်။
အမေရိကန်မှာလည်း ဒယ်လ်တာခရွန်မျိုးဗီဇကွဲကူးစက်သူ ၂ ဦးတွေ့ရှိထားကြောင်းကို မျိုးရိုးဗီဇလေ့လာရေးကုမ္ပဏီ Helix က medRxiv မှာ ဖော်ပြထားပါတယ်။
ဗိုင်းရပ်စ်ရှာဖွေလေ့လာရေးသတင်းများအရ ဇန်နဝါရီလကစပြီး ဥရောပမှာ ဒယ်လ်တာခရွန်မျိုးဗီဇကွဲကူးစက်သူ ၁၂ ယောက်တိုးလာခဲ့ပါတယ်။
လူသားဆဲလ်တစ်ခုတည်းအတွင်း မျိုးဗီဇကွဲနှစ်မျိုးကူးစက်တဲ့အခါ ကိုရိုနာဗိုင်းရပ်စ်အချင်းချင်း မျိုးရိုးဗီဇပေါင်းစပ်ခြင်းတွေထွက်ပေါ်လာနိုင်ပါတယ်။
"SARS-CoV-2 ဗိုင်းရပ်စ်ကပ်ရောဂါကာလမှာ တူညီတဲ့အချိန်ကာလတစ်ခုနဲ့ တူညီတဲ့နေရာဒေသတစ်ခုအတွင်း မျိုးဗီဇကွဲ ၂ မျိုး ဒါမှမဟုတ် ၂ မျိုးထက်ပိုပြီးကူးစက်ပြီဆိုရင် အဆိုပါမျိုးဗီဇကွဲတွေအချင်းချင်း ပေါင်းစပ်သွားနိုင်ချေရှိနေပါတယ်။ အဆိုပါဗိုင်းရပ်စ်အသစ်ကို အချိန်တိုအတွင်းစမ်းသပ်စစ်ဆေးတွေ့ရှိနိုင်မယ့် PCR test ကို ဖန်တီးထုတ်လုပ်ထားပါတယ်" လို့ 'ကောလ်ဆန်'က ပြောပြသွားပါတယ်။
Source: Reuters
Published 14 March 2022
၁၉၈၀ကျော်ကာလများက နာမည်ကျော်လူကြိုက်များခဲ့တဲ့ “Broadcast News” “Body Heat” နှင့် “The Big Chill” ရုပ်ရှင်ဇာတ်ကားတွေမှာ အဓိကသရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်မင်းသားကြီး ဝီလီယမ်ဟတ်ဟာ အသက် ၇၁နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။
ဟတ်ဟာ မတ်(၁၃)ရက် တနင်္ဂနွေနေ့က မိသားစုဝင်တွေကြားမှာပဲ ငြိမ်းအေးစွာ ကွယ်လွန်သွားပြီးဖြစ်တယ်လို့ သူ့သား ဝယ်လ်က သတင်းထုတ်ပြန်ပါတယ်။ ဟောလီဝုဒ်ရီပို့တာသတင်းဌာနကတော့ သူဟာ အော်ရီဂွန်ပြည်နယ် ပေါ့တ်လန်းက သူ့အိမ်မှာကွယ်လွန်သွားတယ်လို့ပြောပါတယ်။သူဟာ ယခင်က ဆီးကျိတ်ကင်ဆာရောဂါကို ကုသခံခံခဲ့ရပါတယ်။ ၂၀၁၈ခုနှစ်မှာ ကင်ဆာဆဲလ်တွေဟာ အရိုးအထိပျံ့နှံ့ခဲ့တာဖြစ်ပါတယ်။
ဟတ်ဟာ ရုပ်ရှင်လောကမှာ နှစ်ကာလရှည်ကြာ ကျင်လည်ခဲ့သူဖြစ်ပါတယ်။ လေးကြိမ်တိုင်တိုင် အကယ်ဒမီဆုအတွက် ဆန်ကာတင်အရွေးခံခဲ့ရပြီး ၁၉၈၅ခုနှစ်မှာ ဂေးအကျဉ်းသားတစ်ဦးအဖြစ်သရုပ်ဆောင်ခဲ့တဲ့ “Kiss of the Spider Woman” ဇာတ်ကားနှင့် အကောင်းဆုံးသရုပ်ဆောင်ဆုရခဲ့ပါတယ်။
သူဟာ ၁၉၈၁မှာပြသခဲ့တဲ့ လိင်အသားပေး ရုပ်ရှင်ဇာတ်ကား “Body Heat”မှာ ရှေ့နေတစ်ဦးအဖြစ် မင်းသမီးကြီး ကက်သလင်းတာနာနှင့်အတူ သရုပ်ဆောင်ခဲ့ပါတယ်။ ကတ်ဟာ ဝါရှင်တန်ဒီစီမှာ မွေးဖွာခဲ့ပြီး သူ့အဖေဟော နိုင်ငံခြားရေးဝန်ကြီးဌာနမှာ အလုပ်လုပ်ခဲ့ပါတယ်။မိဘနှစ်ပါးက သူ၁၀နှစ်အရွယ်မှာ ကွဲခဲ့ပြီး မိခင်က တိုင်းမ်မဂ္ဂဇင်းတည်ထောင်သူ ရဲ့သားတစ်ဦးဖြစ်တဲ့ ဟင်နရီလုစ်-၃ နှင့် လက်ထပ်ခဲ့ပါတယ်။
ဟတ်ဟာ ၁၉၇၁ခုနှစ်ကနေ ၁၉၈၂အထိ “Big Chill” ဇာတ်ကားမှာ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ ရုပ်ရှင်မင်းသမီး မာရီဘတ်ဟတ်ကို လက်ထပ်ခဲ့ပါတယ်။ အဲဒီနောက် ဆန်ဒရာဂျင်နင်းနှင့် ဇာတ်လမ်းဖြစ်ခဲ့ပြီး သားတစ်ဦးမွေးဖွားခဲ့ပါတယ်။ အဲဒီနောက် သူမဟာ တောင်ကာရိုလိုင်းနားဥပဒေအရ ဟတ်ရဲ့ ဇနီးဖြစ်လို့ ဟတ်ဝင်ငွေတွေ မျှဝေခံစားထိုက်တယ်လို့ ဆန်ဒရာဂျင်နင်းကတရားစွဲတဲ့အတွက် လူသိအလွန်များတဲ့ တရားစွဲဆိုမှုတစ်ခုဖြစ်ခဲ့ပါတယ်။ သို့သော်တရားရုံးက ဟတ်ဘက်နေပဲ အနိုင်ပေးခဲ့ပါတယ်။
Source AP
Published 13 March 2022
အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဘာဆာနာမြို့မှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ဟိန္ဒူတို့ရဲ့ရိုးရာ ဘာသာရေးပွဲတော် ဟိုလီရောင်စုံပွဲတော်ကို စတင်ကျင်းပနေပါတယ်။ အဲဒီပွဲဟာ ဟိန္ဒူတို့ရဲ့ ဒဏ္ဍာရီတွေကို အခြေပြုပြီး ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ ပွဲတော်မှာ တစ်ဦးနှင့်တစ်ဦး ရောင်စုံအမှုန့်တွေ၊ရေတွေနှင့်ပက်ဖျန်းကြပြီး ပွဲကိုဆင်နွှဲကြပါတယ်။ အဲဒီအပြင် ဒိုင်းကာထားတဲ့ အမျိုးသားတစ်ဦးကို အမျိုးသမီးတွေက တုတ်ချောင်းတွေနှင့် ဝိုင်းရိုက်ကြတာတွေလည်းပါဝင်ပါတယ်။ တစ်နိုင်ငံလုံးအနေနှင့် မတ်၁၈ရက်နေ့မှာ ပွဲတော်ကျင်းပမှာဖြစ်ပါတယ်။
Source AFP
Published 13 March 2022
ပြင်သစ်နိုင်ငံ ပါရီမြို့တော်က စတော့အိတ်ချိန်းရပ်ကွက်မှာ လူတွေဟာ ရွှေတွေကို အပြေးအလွှားရောင်းဝယ်နေကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ယူကရိန်းစစ်ပွဲကြောင့် ရွှေဈေးတွေက ခေါင်ခိုက်အောင်တက်သွားခဲ့လို့ဖြစ်ပါတယ်။
တစ်ရက်တစ်ရကို ရွှေတစ်ကီလိုကို ယူရိုတစ်ထောင်လောက်တက်နေတာဖြစ်ပြီး အခုဆို စံချိန်တင်လောက်တဲ့အထိ ဈေးက မိုးကိုထောင်တက်နေပြီလို့ ပြောကြပါတယ်။
လူတွေဟာ သူတို့ စုဆောင်းထားသမျှတွေနှင့် ရွှေတွေအလုအယက်ဝယ်လာကြပါတယ်။ မသေချာမရေရာမှုတွေဖြစ်နေတဲ့ အချိန်မှာ ရွှေက စိတ်အချရဆုံးလို့ သူတို့ကပြောပါတယ်။ ရွှေဆိုင်တွေမှာလည်း လူတွေက တစ်ပြိုင်နက်လိုလို စုပြုံဝယ်လာကြလို့ မအားနိုင်ဖြစ်ကြရတယ်လို့ ဆိုင်ရှင်တစ်ဦးကပြောပါတယ်။
Source AFP
Published 13 March 2022
ဆွီဒင်နိုင်ငံ စတော့ဟုမ်းမှာ အခြေစိုက်တဲ့ အေဂျင်စီအသေးကလေးတစ်ခုဖြစ်တဲ့ Eccho Rights ဟာ အခု အတော့်ကို အလုပ်များနေခဲ့ရပါတယ်။ ယခုယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလင်စကီး သရုပ်ဆောင်ထားတဲ့ ဇာတ်မြူးရုပ်သံစီးရီးကို ရုပ်သံထုတ်လွှင့်ခွင့်လာတောင်းသူတွေများနေလို့ပါ။
ပထမတော့(၁)ဦး၊နောက်တော့(၂) အဲသလိုနှင့် (၂၀)လောက်အထိ ဖြစ်လာနေပါတယ်။
အဲဒီရုပ်သံဇာတ်လမ်းတွဲမှာ ဇီလင်စကီးဟာ သာမန်ကျောင်းဆရာကလေးတစ်ဦးကနေ မမျှော်လင့်ဘဲ ယူကရိန်းသမ္မတဖြစ်သွားရတဲ့ ဇာတ်လမ်းမှာ ပြောင်မြောက်စွာ သရုပ်ဆောင်ခဲ့တာပါ
ယူကရိန်းကို ရုရှားက ဝင်ရောက်ကျူးကျော်အပြီးမှာပဲ ဗြိတိန်က ချယ်နယ်လ်(၄)၊ ဂရိက အေအင်န်တီ-၁ နှင့် ရိုမေနီးယားက ပရိုတီဗွီတို့ဟာ ခပ်သွက်သွက်ရောက်လာပြီး အဲဒီ ၂၀၁၅ခုနှစ်တုန်းက ယူကရိန်းမှာပြသခဲ့တဲ့ "Servant of the People" ရုပ်သံဇာတ်မြူကို ထုတ်လွှင့်ပြသခွင့်တောင်းခဲ့ကြပါတယ်။
ထုတ်လွှင့်ပြသခွင့်တစ်ခုရဲ့ဈေးက ဘယ်လောက်လဲဆိုတာကို လျှို့ဝှက်ထားပေမယ့် ယူရိုတစ်သန်းခန့်ရှိတယ်လို့ သိရပါတယ်။
အဲဒီဇာတ်လမ်းတွဲထဲက ဇာတ်ဝင်ခန်းတစ်ချို့ကို ကောက်နှုတ်ဖော်ပြလိုက်ပါတယ်
Source AFP/ECCHO RIGHTS
Page 883 of 926