Published 20 March 2022
သီရိလင်္ကာနိုင်ငံမှာ သန်းပေါင်းများစွာသော ကျောင်းသူကျောင်းသားတွေအတွက် ပုံနှိပ်စက္ကူတွေ မလုံလောက်လို့ စာမေးပွဲတွေကို ရွှေ့ဆိုင်းလိုက်ရပါတယ်။ သီရိလင်္ကာအနေနှင့် စက္ကူတွေ တင်သွင်းဖို့ နိုင်ငံခြားငွေ မလုံမလောက်ဖြစ်နေတာကြောင့် ယခုလို စာမေးပွဲတွေ ရက်ရွှေ့လိုက်ရတာဖြစ်တယ်လို့ အရာရှိတွေကပြောပါတယ်။
၁၉၄၈ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက အဆိုးရွားဆုံးဘဏ္ဍာရေးအကျပ်အတည်းဖြစ်လာနေတဲ့ သီရိလင်္ကာမှာ စက္ကူပြတ်တောက်မှုအကြီးအကျယ်ဖြစ်နေတဲ့အတွက် လာမယ့်တနင်္လာနေ့ကစပြီး တစ်ပတ်ကြာကျင်းပမယ့် အစမ်းစာမေးပွဲတွေကို သေချာပေါက် ရွှေ့ဆိုင်းလိုက်ရတာဖြစ်တယ်လို့ ပညာရေးအာဏာပိုင်တွေက ပြောပါတယ်။
“ လိုအပ်တဲ့ စက္ကူတွေနှင့် မင်တွေကို တင်သွင်းဖို့ နိုင်ငံခြားငွေ မရရှိတဲ့အတွက် ကျောင်းအုပ်တွေဟာ စာမေးပွဲတွေ စစ်ဆေးမပေးနိုင်ပါဘူး” လို့ အနောက်ပိုင်းပြည်နယ် ပညာရေးဌာနက ပြောပါတယ်။
အဲဒါကြောင့် တစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းသားကျောင်းသူ ၄.၅သန်း ရဲ့ သုံးပုံနှစ်ပုံခန့် စာမေးပွဲမဖြေရပဲရှိနိုင်တယ်လို့လည်း အရာရှိတွေကပြောပါတယ်။
အစမ်းစာမေးပွဲတွေဟာ စာသင်နှစ်ကုန်တဲ့အချိန်မှာ ကျောင်းသူကျောင်းသားတွေ နောက်နှစ် အတန်းတက်နိုင်ဖို့ ဆုံးဖြတ်နိုင်အောင် စဉ်ဆက်မပြတ်အကဲဖြတ်တဲ့ စာမေးပွဲတွေရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။
စီးပွားရေးအကျပ်အတည်းကြောင့် အရန်နိုင်ငံခြားငွေမလုံလောက်မှုဖြစ်ကာ မရှိမဖြစ်လိုအပ်တဲ့ သွင်းကုန်တွေအတွက် အခက်တွေ့နေတာပါ။ သီရိလင်္ကာမှာ အစားအစာ၊လောင်စာဆီနှင့် ဆေးဝါးတွေ နည်းပါးမှုနှင့်လည်းကြုံနေရပါတယ်။
လူဦးရေ၂၂သန်းရှိတဲ့ တောင်အာရှနိုင်ငံဖြစ်တဲ့ သီရိလင်္ကာက ယင်းရဲ့ နိုင်ငံခြားကြွေးမြီအကျပ်အတည်းကိုဖြေရှင်းပေးဖို့နှင့် ပြည်ပအရန်ငွေကြေးဖြည့်တင်းပေးဖို့ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF ဆီက အကူအညီရယူမယ်လို့ဒီတစ်ပတ်ထဲမှာ ကြေညာထားပါတယ်။
သမ္မတ ဂိုတာဘာရာ ရာဂျာပါဆာရဲ့ မထင်မှတ်ထားတဲ့ အကူအညီတောင်းခံမှုကို စဉ်းစားနေတယ်လို့ IMF က သောကြာနေ့က အတည်ပြုပြောဆိုပါတယ်။
ဒီနှစ်အတွင်းမှာ သီရိလင်္ကာဟာ နိုင်ငံခြားကြွေးမြီ အမေရိကန်ဒေါ်လာ ၆.၉ ဘီလျံပေးဆပ်ဖို့ရှိနေပြီး အရန်နိုင်ငံခြားငွေက လည်း ဖေဖော်ဝါရီလကုန်အထိ ဒေါ်လာ ၂.၃ ဘီလျံပဲကျန်ရှိနေပါတယ်။
နိုင်ငံအနှံ့မှာ ကုန်စုံနှင့် စားသုံးဆီတွေကို တန်းအရှည်ကြီးစီပြီးဝယ်ယူနေကြရပါတယ်။ လျှပ်စစ်မီးပြတ်တောက်မှုတွေနှင့် နို့မှုန့်၊သကြား၊ပဲနီကလေးနှင့်ဆန်တွေကို ခွဲတမ်းနှင့် ဝယ်ယူနေကြရပါတယ်။
သီရိလင်္ကာဟာ ယင်းရဲ့ အဓိက မြီရှင်နိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံကို အကြွေးတွေဆိုင်းထားဖို့ အကူအညီ တောင်းထားပါတယ်။ ဒါပေမယ့် ယခုထက်ထိတော့ တရုတ်ဘက်က တရားဝင်အကြောင်းပြန်ကြားခြင်းမရှိသေးပါဘူး။
Source AFP
#WorldHealth
Published - 20 March 2022
အိုမီခရွန်ကူးစက်မှုကာလများအတွင်း တရုတ်နိုင်ငံထုတ် ဆိုင်နိုဗက်(Sinovac)ကိုဗစ်ကာကွယ်ဆေးဟာ အသက် ၃ နှစ်မှ ၅ နှစ်ကြားကလေးတွေမှာ ကိုဗစ်ရောဂါကို ၃၈.၂ ရာခိုင်နှုန်းကာကွယ်ပေးနိုင်ကြောင်း ချီလီနိုင်ငံမှလေ့လာစမ်းသပ်ချက်မှာ ဖော်ပြခဲ့ပါတယ်။
ဒီလေ့လာချက်ကို အင်္ဂါနေ့ကထုတ်ပြန်ခဲ့တာဖြစ်ပြီး ကျွမ်းကျင်ပညာရှင်များအချင်းချင်း သုံးသပ်မှုမလုပ်ရသေးပါဘူး။
အစောပိုင်းသုံးသပ်ချက်များအရ ကိုရိုနာဗက်ကာကွယ်ဆေးဟာ ဒယ်လ်တာမျိုးဗီဇကွဲလွှမ်းမိုးချိန်ကာလအတွင်း အသက် ၆ နှစ်မှ ၁၆ နှစ်ကြားကလေးတွေမှာ ကိုဗစ်ရောဂါကို ၇၄.၅ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ကြောင်း စမ်းသပ်ရရှိခဲ့ပါတယ်။
အိုမီခရွန်မျိုးဗီဇကွဲက ကာကွယ်ဆေးမှရရှိတဲ့ခုခံအားကို ကျော်ဖြတ်သွားနိုင်တယ်လို့ WHO က အသိပေးခဲ့ပေမယ့် နိုင်ငံအနှံ့အပြားမှာ ကိုဗစ်အားမြှင့်ကာကွယ်ဆေး(booster)ထိုးနှံဖို့ ညွှန်ကြားလျက်ရှိပါတယ်။
ဒါ့အပြင် ကာကွယ်ဆေးအများစုက ရောဂါပြင်းထန်စွာဖြစ်ပွားခြင်းကို ထိရောက်စွာကာကွယ်ပေးနိုင်ဆဲဖြစ်ပါတယ်။ ဆိုင်နိုဗက်ကာကွယ်ဆေးက ဆေးရုံတက်ကုသခံယူရမှုနှုန်းကို ၆၄.၅ ရာခိုင်နှုန်းကာကွယ်ပေးနိုင်ပြီး အရေးပေါ်ကြပ်မတ်ကုသခံယူရမှုနှုန်းကို ၆၉ ရာခိုင်နှုန်းကာကွယ်ပေးထားနိုင်ကြောင်း ချီလီကလေ့လာသုံးသပ်ထားပါတယ်။
နယူးယော့ခ်မှသုတေသီများသုံးသပ်ထားတဲ့ လေ့လာချက်တစ်ခုမှာ ဖိုင်ဇာကိုဗစ်ကာကွယ်ဆေးက အိုမီခရွန်ကူးစက်မှုကာလအတွင်း အသက် ၅ နှစ်မှ ၁၁ နှစ်ကြားကလေးငယ်တွေမှာ ကာကွယ်နိုင်စွမ်း အလျင်အမြန်ကျဆင်းသွားကြောင်း ဖေဖော်ဝါရီလက ဖော်ပြထားပါတယ်။
Source: Reuters
#WorldHealth
Published - 20 March 2022
ကိုဗစ်ရောဂါကို အလွန်ထိရောက်စွာကုသပေးနိုင်ပြီး ဖိုင်ဇာကုမ္ပဏီမှထုတ်လုပ်တဲ့ ပက်ဇ်လိုဗစ်(Paxlovid) ကိုဗစ်ကုသရေးသောက်ဆေးကို ကမ္ဘာအနှံ့အပြားရှိ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ ၃၅ ခုက ဈေးသက်သာစွာဖြင့် ထုတ်လုပ်ရောင်းချသွားမှာဖြစ်ပါတယ်။
အဲဒီနောက် ဆင်းရဲနွမ်းပါးတဲ့နိုင်ငံ ၉၅ နိုင်ငံမှာ အဆိုပါဆေးဝါးများကို ပေးပိုထောက်ပံ့သွားမှာဖြစ်ကြောင်း တစ်ကမ္ဘာလုံးဆေးဝါးကုသမှုရရှိရေးအဖွဲအစည်း(MPP)က ကြာသပတေးနေ့က အတည်ပြုလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ်က ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီတွေကနေ ဆင်းရဲနွမ်းပါးတဲ့နိုင်ငံ ၉၅ နိုင်ငံအတွက် ဆေးဝါးများထုတ်လုပ်ပေးဖို့ ဖိုင်ဇာက သဘောတူညီခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ဖိုင်ဇာမှထုတ်လုပ်ခွင့်ပေးမယ့် ဆေးဝါးကုမ္ပဏီများကို ရွေးချယ်နေခဲ့ကြပါတယ်။
လက်တွေ့စမ်းသပ်ချက်များအရ ပက်ဇ်လိုဗစ်ဆေးဟာ ဆေးရုံတက်ကုသခံယူရမှုနှုန်းကို ၉၀ ရာခိုင်နှုန်းခန့်လျှော့ချပေးနိုင်တာကြောင့် ကိုဗစ်ရောဂါကိုတိုက်ဖျက်ရာမှာ အရေးကြီးတဲ့အစိတ်အပိုင်းအဖြစ် မျှော်လင့်နေကြပါတယ်။ စမ်းသပ်ချက်များအရ Merck ကုမ္ပဏီကထုတ်လုပ်တဲ့ မော်နျူပီရာဗီယာ(Molunupiravir)ဆေးထက် ပက်ဇ်လိုဗစ်က များစွာထိရောက်မှုရှိခဲ့ပါတယ်။
ဖိုင်ဇာနဲ့ Merck တို့ဟာ သူတို့ရဲ့ဆေးတွေကို အခြားဆေးဝါးကုမ္ပဏီတွေကနေ ထုတ်လုပ်ခွင့်ပေးဖို့ MPP နဲ့ သဘောတူညီထားကြပါတယ်။ Merck ကုမ္ပဏီရဲ့ဆေးထုတ်လုပ်ပုံကို MPP ခွင့်ပြုချက်ဖြင့် ဆေးဝါးကုမ္ပဏီပေါင်း ၁ ဒါဇင်လောက်က ဈေးနှုန်းသက်သာစွာနဲ့ နိုင်ငံအချို့မှာ ထုတ်လုပ်ပေးနေပြီဖြစ်ပါတယ်။
ဒါပေမဲ့ ယခုနှစ်ကုန်မတိုင်ခင်အထိတော့ ဆေးဝါးကုမ္ပဏီတွေအနေနဲ့ ပက်ဇ်လိုဗစ်ဆေးအမြောက်အများ ထုတ်လုပ်ဖို့တော့ မဖြစ်နိုင်သေးပါဘူး။ ပက်ဇ်လိုဗစ်ဆေးဝါးထုတ်လုပ်နည်းအတိုင်း ထုတ်လုပ်သွားမယ့်ကုမ္ပဏီတွေထဲမှာ နိုင်ငံ ၁၂ နိုင်ငံမှ ကုမ္ပဏီ ၃၅ ခုပါဝင်ပါတယ်။
အစ္စရေးလ်မှ Teva ဆေးဝါးထုတ်လုပ်ရေး၊ အိန္ဒိယမှ Sun ဆေးဝါးထုတ်လုပ်ရေး၊ အမေရိကန်မှ Viatris ဆေးဝါးကုမ္ပဏီတို့လို ကမ္ဘာ့အကြီးဆုံးဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီတွေ ပါဝင်ပါတယ်။
ကိုဗစ်ရောဂါကို တစ်ကမ္ဘာလုံးမှပြည်သူ့ကျန်းမာရေးပြဿနာလို့ WHO ကသတ်မှတ်ထားတဲ့အတွက် အခြားဆေးဝါးထုတ်လုပ်ရေးများမှ ရောင်းချရတဲ့အမြတ်ငွေကို ဖိုင်ဇာကရရှိမှာမဟုတ်ပါဘူး။
၂၀၂၂ အတွင်း တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ကိုဗစ်ကုသဆေးပေါင်း သန်း ၂၅၀ ထုတ်လုပ်ဖို့ ခန့်မှန်းခဲ့ကြပေမယ့် အခုနှစ်အတွင်း အနည်းဆုံး သန်း ၁၂၀ ထုတ်လုပ်ဖို့သာ စီစဉ်ထားကြောင်း ဖိုင်ဇာကပြောကြားလိုက်ပါတယ်။
ပက်ဇ်လိုဗစ်ဆေး ၁၀ သန်းခန့်ကို ဆင်းရဲတဲ့နိုင်ငံတွေမှာ ထောက်ပံ့ပေးနိုင်ဖို့ ဖိုင်ဇာကမျှော်လင့်ထားပါတယ်။
Source: The Jerusalem Post
#WorldBusiness
Published 19 March 2022
ဂျပန်နိုင်ငံမှာ ထမင်းလုံးကစလို့ ကလေးအနှီးများအထိ ကုန်ပစ္စည်းတန်ဖိုးတွေမြင့်တက်လာခဲ့ပြီဖြစ်ပါတယ်။
#Yangon_Media_Group
Published 19 March 2022
ဆီးရီးယားသမ္မတ ဘာရှာအယ်အာဆတ်ဟာ အာရပ်စော်ဘွားများသမ္မတနိုင်ငံကို သောကြာနေ့က သွားရောက်ခဲ့ပါတယ်။ ၂၀၁၁ခုနှစ် ပြည်တွင်းစစ်ဖြစ်ပွားပြီးနောက် အာရပ်နိုင်ငံတစ်ခုဆီသို့ သူ့ရဲ့ ပထမဆုံးပြည်ပတရားဝင်ခရီးဖြစ်ပါတယ်။
အာဆတ်ဟာ အာရပ်စော်ဘွားများ သမ္မတနိုင်ငံရဲ့လက်တွေ့ခေါင်းဆောင်ဖြစ်တဲ့ အိမ်ရှေ့မင်းသား ရှိတ်မိုဟာမက် ဘင်ဇာယက်အယ်လ်နာယမ်နှင် အာဘူဒါဘီမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ဒီလိုတွေ့ဆုံမှုဟာ ဆီရီးယားနှင့် ယူအေအီးအကြား နွေးထွေးတဲ့ဆက်ဆံရေးကိုပြသတဲ့ နောက်ဆုံးလက္ခဏာတစ်ခုပါ။ နှစ်နိုင်ငံဟာ ၂၀၁၂ခုနှစ် ဖေဖော်ဝါရီလမှာ ဆက်ဆံရေးပြတ်တောက်ခဲ့ကြတာဖြစ်ပါတယ်။
Source AFP
Published 19 March 2022
တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန်ဟာ တူရကီနိုင်ငံ ဒတ်ဒန်နယ်လေးစ်ရေလက်ကြားပေါ် ဖြတ်ကျော်ပြီး တူရကီအနောက်မြောက်ပိုင်းကို ဆန့်တန်းတည်ဆောက်ထားတဲ့ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားဖွင့်ပွဲကို သောကြာနေ့က တက်ရောက်ခဲ့ပါတယ်။
အာရှကနေ ဥရောပကိုခရီးသွားတဲ့အချိန်ကို ဒီတံတားကြောင့် ငါးမိနစ်အထိ လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။
"1915 Canakkale Bridge" လို့အမည်ပေးထားတဲ့ ဒီတံတားဟာ ဒေါ်လာ ၂.၈ဘီလျံကုန်ကျခဲ့ပြီး တူရကီနှင့် တောင်ကိုးရီးယား ကုမ္ပဏီတွေတည်ဆောက်ခဲ့ကြတာဖြစ်ပါတယ်။ မျှော်စင်ကြီးနှစ်ခုအကြားက တံတားရဲ့ အလျားဟာ ၂.၀၂၃ ကီလိုမီတာရှိပါတယ်။တူရကီနိုင်ငံတာ်အလံအရောင်ဖြစ်တဲ့ အနီနှင့်အဖြူရောင်တွေ တံတားမှာခြယ်သပေးထားပါတယ်။
ဒီတံတားဟာ ယခင်က ကမ္ဘာ့အရှည်လျားဆုံးကြိုးတံတားဖြစ်တဲ့ ဂျပန်က အကာရှီကိုင်ကျိုတံတားကို ဖြတ်ကျော် စံချိန်ချိုးခဲ့တာဖြစ်ပါတယ်။
တံတားကို အော်တိုမန်တပ်များရဲ့ ရေတပ်အောင်ပွဲ ၁၀၇နှစ်ပြည့်နှင့် တိုက်ဆိုင်ဖွင့်လှစ်ခဲ့တာပါ။ အော်တိုမန်တွေဟာ ဗြိတိန်နှင့် ပြင်သစ်တပ်တွေကို ပထမကမ္ဘာစစ်အတွင်း ချေမှုန်းအောင်ပွဲဆင်ခဲ့ကြတာဖြစ်ပါတယ်။
Source AFP
#DailyNews
Published - 19 Mar 2022
၁။ လျှပ်စစ်ပြတ်တောက်မှုကြောင့် အအေးခန်းစက်ရုံများနှင့် အထည်ချုပ်လုပ်ငန်းများအခက်အခဲတွေ့။
၂။ အာဆီယံအထူးကိုယ်စားလှယ်ခရီးစဉ်အတွင်း NLD ပါတီအပါအဝင် နိုင်ငံရေးပါတီအတော်များများဖြင့် တွေ့ရန်ရှိနေ။
၃။ နေ့စဉ်မိုးလေဝသ သတင်း။
၄။ ဂျပန်မှ ကုန်ပစ္စည်းတန်ဖိုးများမြင့်တက်လာပြီး ဘယ်လောက်အထိကြာမလဲဟု မေးခွန်းထုတ်နေကြ.......အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
#Yangon_Media_Group
Page 878 of 927