#WorldHealth
Published 25 April 2022
တစ်ခါသုံးကော်ဖီခွက်တွေက သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေနိုင်ပြီး ပါးလွှာတဲ့ပလတ်စတစ်အလွှာလေးတွေက ပြန်လည်အသုံးပြုနိုင်အောင်လုပ်ဖို့ အလွန်ခက်ခဲပါတယ်။
အခုဆိုရင် တစ်ခါသုံးခွက်တွေထဲ သောက်စရာပူပူထည့်သောက်ခြင်းက အဏုမြူပလတ်စတစ်အမှုန်လေးတွေ ထရီလီယံနဲ့ချီပြီး ဝင်ရောက်လာနိုင်တယ်လို့ တွေ့ရှိလာကြပါတယ်။
တစ်ခါသုံးအပူခံခွက်လေးတွေမှာ ပေါ့ပါးသေးငယ်တဲ့ပေါ်လီအီသိုင်လင်း(LDPE)ဖြင့်ဖုံးအုပ်ထားပြီး အရည်လုံအောင်ထိန်းသိမ်းပေးထားတဲ့ ပျော့ပျောင်းနူးညံ့တဲ့ပလတ်စတစ်အလွှာလေးဖြစ်ပါတယ်။
ထိုခွက်တွေထဲကို အပူချိန် ၁၀၀ ဒီဂရီဆဲလ်စီးယပ်စ်ရှိတဲ့ရေထည့်လိုက်တဲ့အချိန်မှာ ရေတစ်လီတာအတွင်း နာနိုအမှုန်လေးတွေထရီလီယံနဲ့ချီပြီး ထွက်လာတာကို တွေ့ရှိခဲ့ကြပါတယ်။
ဒီအမှုန်တွေက လူတွေနဲ့တိရိစ္ဆာန်တွေကို ဘေးအန္တရာယ်ဖြစ်စေလားဆိုတာ မသိရသေးကြောင်း၊ အမှုန်တွေထွက်လာတယ်ဆိုတာကတော့ သေချာနေကြောင်း စံချိန်စံညွှန်းနဲ့နည်းပညာတက္ကသိုလ်(NIST)မှ ဓာတုပညာရှင်'ခရစ္စတိုဖာဇန်မိုက်စတာ'က ပြောပြခဲ့ပါတယ်။
ကော်ဖီခွက်ကထွက်လာတဲ့ နာနိုအမှုန်လေးတွေကိုလေ့လာကြည့်ဖို့အတွက် 'ဇန်မိုက်စတာ'နဲ့သုတေသနအဖွဲ့က ခွက်ထဲကအရည်ကို ရေမှုန်လေးတွေဖြစ်အောင်ဖျန်းပြီး အခြောက်ခံလိုက်ကာ နာနိုအမှုန်တွေကျန်ရစ်ခဲ့အောင် ဖယ်ထားလိုက်ကြပါတယ်။
ရေမှုန်တွေခြောက်သွားတဲ့အခါ နာနိုအမှုန်တွေက အရွယ်အစားအလိုက် စီပြီးတည်ရှိနေပါတယ်။
နာနိုအမှုန်တွေကို အယ်လ်ကိုဟောတစ်မျိုးဖြစ်တဲ့ ဗြူတနောလ်အပူငွေ့ဖြင့် ထိတွေ့စေရာမှာလည်း အခြောက်ခံပြီးနောက် အမှုန်လေးတွေက အရွယ်အစားကြီးလာတာကိုတွေ့ရှိခဲ့ကြပါတယ်။
၂၀၂၀ ခုနှစ်က အိန္ဒိယနည်းပညာတက္ကသိုလ်တစ်ခုမှပြုလုပ်တဲ့ လေ့လာချက်မှာလည်း တစ်ခါသုံးအပူခံခွက်တစ်ခွက်မှာ မိုက်ခရိုပလတ်စတစ် ၂၅,၀၀၀ ခန့်နဲ့ ဇင့်၊ ခဲ၊ ခရိုမီယံဓာတ်များလည်းပါဝင်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ဘယ်နေရာကိုပဲကြည့်ကြည့် ပလတ်စတစ်တွေမြင်တွေ့နေရကြောင်း 'ဇန်မိုက်စတာ'က ဆိုပါတယ်။
"အန်တာတိကရေခဲကန်တွေက နှင်းတွေကိုလေ့လာကြည့်တဲ့အခါ ၁၀၀ နာနိုမီတာထက်ပိုကြီးတဲ့ ပလတ်စတစ်အမှုန်တွေတွေ့ရှိရတာကြောင့် ဒီအရွယ်အစားက သက်ရှိဆဲလ်တွေထဲ မဝင်ရောက်နိုင်လောက်ပါဘူး" လို့ ဆိုပါတယ်။
Source: DailyMail
#Yangon_Media_Group
#WorldHealth
Published 25 April 2022
စိတ်ကျရောဂါပျောက်ဆေးသုံးစွဲသူတွေဟာ ဆေးမသုံးစွဲတဲ့စိတ်ကျဝေဒနာရှင်တွေထက် ပိုပြီးသက်သာတာမျိုးမတွေ့ရကြောင်း လက်ရှိလေ့လာချက်ကြီးတစ်ခုမှာ ဖော်ပြထားပါတယ်။
အမေရိကန်မှာ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း စိတ်ဓာတ်ကျဝေဒနာခံစားနေရသူ ၁၇.၅ သန်းကိုလေ့လာခဲ့ကြပြီး စိတ်ကျရောဂါပျောက်ဆေးသုံးစွဲသူအရေအတွက်တဝက်နဲ့ ဆေးမသုံးစွဲသူအရေအတွက်တဝက် ပါဝင်ခဲ့ပါတယ်။
အဆိုပါနှစ်ဖွဲစလုံးဟာ ဆေးသုံးစွဲသည်ဖြစ်စေ မသုံးစွဲသည်ဖြစ်စေ စိတ်ကျန်းမာရေးအခြေအနေအနည်းငယ်တိုးတက်ခဲ့ကြောင်း တွေ့ရှိခဲ့ကြပါတယ်။
စိတ်ဓာတ်ကျဝေဒနာရှင်တွေအနေနဲ့ စိတ်ကျရောဂါပျောက်ဆေးသုံးစွဲတဲ့အခါ ကျန်းမာရေးအခြေအနေပေါ် သက်ရောက်မှုကိုသိရှိနိုင်ရန် ကာလရှည်စောင့်ကြည့်လေ့လာဖို့ ဆော်ဒီအာရေဗျနိုင်ငံ ကင်းဆော့ဒ်တက္ကသိုလ်မှ သုတေသီများကအကြံပြုလိုက်ပါတယ်။
အမျိုးသားကျန်းမာရေးဝန်ဆောင်မှုအဖွဲ့အစည်း (NHS)မှ ဆရာဝန်များက စိတ်ကျရောဂါပျောက်ဆေးတွေဟာ ဘေးထွက်ဆိုးကျိုးတွေဖြစ်ပေါ်စေနိုင်တဲ့အတွက် ဆေးညွှန်းပေးလေ့မရှိတော့ပါဘူး။
အခုဆိုရင် သာမန်စိတ်ကျရောဂါဝေဒနာရှင်များအတွက် ဆေးအသုံးမပြုခင် တိုင်ပင်ဆွေးနွေးကုသဖို့ အကြံပေးနေကြပါတယ်။
အခြားလေ့လာချက်တွေမှာတော့ ဆေးသုံးစွဲခြင်းက ကျန်းမာရေးအခြေအနေတိုးတက်လာစေကြောင်း ချေပပြောဆိုနေကြပါတယ်။
၂၀၁၇ မှ ၂၀၁၈ အတွင်း အင်္ဂလန်ရှိ အရွယ်ရောက်ပြီးသားလူဦးရေ ၁၇ ရာခိုင်နှုန်းဟာ စိတ်ကျရောဂါပျောက်ဆေး သုံးစွဲနေရပါတယ်။
အသုံးအများဆုံးဆေးတွေကတော့ citalopram, sertraline, fluoxetine အမျိုးအစားတွေဖြစ်ပြီး Celexa, Zoloft, Prozac အမှတ်တံဆိပ်တွေဖြစ်ပါတယ်။
၂၀၁၅ မှ ၂၀၁၈ အတွင်း အမေရိကန်မှာ အသက် ၁၈ နှစ်အထက်လူဦးရေ ၁၃.၂ ရာခိုင်နှုန်းဟာ ဆေးပုံမှန်သုံးစွဲနေခဲ့ကြောင်း ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ (CDC)က ဖော်ပြထားပါတယ်။
Source: DailyMail.
#Yangon_Media_Group
Published 24 April 2022
ကုလသမဂ္ဂအကြီးအကဲ ကိဗ်ကိုမကြာမီလာမယ့်ခရီးဟာ ယူကရိန်းအတွက် ပိုမိုအားကောင်းတဲ့ ထောက်ခံမှုတွေ ယူဆောင် လာလိမ့်မယ်လို့ သူမျှော်လင့်တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလင်စကီးက ပြောပါတယ်။
ယူကရိန်းနိုင်ငံ၊ကိဗ်မြို့တော်ရဲ့မြေအောက်ဘူတာရုံတစ်ခု မှာ စနေနေ့ကပြုလုပ်ခဲ့တဲ့ နိုင်ငံတကာမီဒီယာများနှင့်တွေ့ဆုံပွဲမှာ သူက အဲသလိုပြောကြားခဲ့တာပါ။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟာ ရုရှားသမ္မတဗလက်ဒီမာပူတင်နှင့် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလင်စကီးတို့ကို ဧပြီ ၂၆ရက်နှင့် ၂၈ ရက်တို့မှာ သွားရောက်တွေ့ဆုံဖို့ စီစဉ်ထားတာဖြစ်ပါတယ်။
Source CMG
Published 24 April 2022
တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာ နှစ်စဉ်ကျင်းပတဲ့ ဒေါင်လိုက်မာရသွန်အပြေးပြိုင်ပွဲကို ဧပြီ၂၃ ရက်က ကျင်းပခဲ့ရာမှာ လူပေါင်း ၇၀၀ ကျော်ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။
ဆိုးလ်မြို့မှာရှိတဲ့ အမြင့်ဆုံးမိုးမျှော်အဆောက်အဦကြီးမှာ ကျင်းပတဲ့ ဒေါင်လိုက် မာရသွန်ပွဲမှာ ပြိုင်ပွဲဝင် မာရသွန် အပြေးသမား ၇၅၀ဦးဟာ ၅၅၅ မီတာမြင့်ပြီး အထပ်ပေါင်း၁၂၃ထပ်ရှိတဲ့ Lotte ကမ္ဘာ့မျှော်စင်ကြီးရဲ့ လှေကားထစ်ပေါင်း ၂၉၁၇ထစ်ကို တက်ပြီး အပြေးပြိုင်ခဲ့ကြပါတယ်။
ကပ်ဘေးတွေရှိနေလင့်ကစား ဒီပွဲဟာ တကမ္ဘာလုံးက ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကို ယူဆောင်ပေးနိုင်လိမ့်မယ်လို့ ပွဲစီစဉ်သူတွေက မျှော်လင့်ထားပါတယ်။
“ကျွန်မအားကစားလုပ်ရတာသဘောကျတယ်။ဒီလိုစိတ်လှုပ်ရှားစရာကောင်းပြီး ကြည်နူးစရာ အငွေ့အသက်တွေနှင့် အတွေ့အကြုံရယူလိုပါတယ်။ အဲဒါကြောင့်ဝင်ပြိုင်တာပါ” လို့ မာရသွန်ပြိုင်ပွဲဝင်တစ်ဦးကပြောပါတယ်။ သူဟာ ဘော်စတွန် မာရသွန်မှာ ပြိုင်ပွဲဝင်ခဲ့သူပါ။
ပြိုင်ပွဲဝင်ကြသူတွေထဲမှာ ကြေးစားအားကစားသမားတွေနှင့် အပျော်တမ်းအပြေးသမားတွေ အသက်ကြီးရင့်သူတွေမှ ကလေးငယ်တွေအထိ အစုံပါဝင်ကြပါတယ်။ ကိုဗစ်-၁၉ကန့်သတ်ချက်ကြောင့် သူတို့ကို အုပ်စုတွေခွဲပြီး အသုတ်လိုက် ခွဲပြီး အဆောက်အဦထဲဝင်ကြရပါတယ်။
အပန်းဖြေဖို့အတွက်၁၀၂ထပ်မှာ ကစားသမားတွေ ရေငတ်ပြေသောက်ဖို့ အားဖြည့်အချိုရည်တွေထားပေးထားပါတယ်။
ဆိုးလ်မြို့ ဆောင်ပါဂူခရိုင်ရဲ့ မာရသွန်အသင်းဝင် ပြိုင်ပွဲဝင်တစ်ဦးက ၁၂၃ထပ်မှာ နာရီဝက်ထက်လျော့ပြီး ပန်းဝင်ခဲ့ပါတယ်။
“ပြေးရတာ ကျွန်တော်သိပ်သဘောကျတယ်။ အဲဒါကြောင့် ဒီနေ့ သိပ်စိတ်မပူမိပါဘူး။ကျွန်တော်မျှော်လင့်ထားတာထက်တောင် ပျော်စရာကောင်းသေးတယ်။ နောက်နှစ်ထပ်လုပ်ရင် ကျွန်တော်သေချာပေါက်ထပ်လာဦးမယ်” လို့ သူကပြောပါတယ်။ နောက်တစ်ခါဆိုရင် မိနစ်၂၀နှင့်ပန်းဝင်အောင်လုပ်မယ်လို့လည်း သူကပြောပါတယ်။
Source CMG
Published 24 April 2022
တရုတ်နိုင်ငံက ရထားနှစ်စီးကို စမ်းသပ်မောင်းနှင်ပြပြီး ကမ္ဘာ့အမြန်ဆုံးရထား စံချိန်သစ်ထပ်ချိုးလိုက်ပါတယ်။ တရုတ်နိုင်ငံအလယ်ပိုင်း ဟင်နန်းပြည်နယ်မှာ မတူတဲ့ရထားလမ်းနှစ်ခုမှာ ရထားနှစ်စီးမောင်းနှင်စမ်းသပ်ခဲ့တာဖြစ်တယ်လို့ တရုတ်နိုင်ငံတော်ရထားအုပ်စုကုမ္ပဏီလိမိတက်က ပြောပါတယ်။
ရထားနှစ်စီးဟာ ဟင်နန်ပြည်နယ် ရွှန်းရှင်းခရိုင်ထဲက လဟာပြင်ရထာလိုင်းပိုင်းမှာ ကြာသပတေးန့ မွန်းလွဲ ၁၂နာရီ ၅၃ မိနစ်မှာ တစ်စီးနှင့် တစ်စီးဖြတ်သန်းကြပါတယ်။အဲဒီအချိန်မှာ ရထားတစ်စီးစီဟာ အမြန်နှုန်း တစ်နာရီကို ၄၃၅ကီလိုမီတာ နှင့် ပြေးလွှားခဲ့တာကို ရထားမှာတပ်ဆင်ထားတဲ့ အမြန်နှုန်းပြကိရိယာအရသိရပါတယ်။ တစ်စီးနှင့်တစ်စီးဖြတ်သန်းချိန်ဟာ ၀.၈၆ စက္ကန့်သာ ကြာညောင်းခဲ့ပါတယ်။
ယခုအမြန်နှုန်းဟာ ဧပြီ၁၂ရက်မှာ တရုတ်နိုင်ငံကပဲ စ့ချိန်တင်ထားတဲ့ တစ်နာရီ ၄၀၃ ကီလိုမီတာ အမြန်နှုန်းကို ကျော်လွန် စံချိန်ချိုးခဲ့တာဖြစ်ပါတယ်။ ဟင်နန်းပြည်နယ် ကျိုင်းကျိုးမြို့နှင့် အနောက်တောင်ပိုင်း ချုံချိုင်းမြူနီစပါယ်ဒေသတွေကနေ မောင်းနှင်ခဲ့ကြပါတယ်။
“ တရုတ်က လွတ်လပ်စွာ တီထွင်ထားတဲ့ နည်းပညာသစ်(၉)ခုကို ဒီရထားတွေနှင့် စမ်းသပ်မောင်းနှင်ရာမှာ အသုံးပြုခဲ့ပါတယ်။ သူတို့ရဲ့ စမ်းသပ်မှုအတွင်း အလုံးစုံစွမ်းရည်ဟာ ကမ္ဘာ့ဦးဆောင်အဆင့်ကို ရောက်ရှိပါတယ်။ တရုတ်နိုင်ငံမှာ နည်းပညာကွာဟမှုတော်တော်များများကို ဖြည့်ဆည်းပေးနိုင်ပါတယ်” လို့ တရုတ်နိုင်ငံ ရထားသိပ္ပံအကယ်ဒမီရဲ့ ဒုတိယဥက္ကဋ္ဌချိုင်းကျုံးက ပြောပါတယ်။
Source CMG
#World_Record_China_Train_Speed
#China_State_Railway_Group_Set_World_Record
#China_Train_Technology
Published 24 April 2022
မော်စကိုက တောင်ပိုင်းမြို့ မာယီယူပူးလ်ကို သိမ်းပိုက်ကြောင်းနှင့် စက်ရုံကိုသိမ်းရန်မလိုကြောင်းကြေညာခဲ့ပြီးနောက် ရက် အနည်းငယ်မှာ ရုရှားတပ်တွေက ယူကရိန်းရဲ့ နောက်ဆုံးခုခံကာကွယ်သူတွေရှိနေကြတဲ့ သံမဏိစက်ရုံကြီးကို ပြန်လည် တိုက်ခိုက်မှုတွေ ဧပြီ၂၄ ရက်က စတင်လာကြပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလင်စကီးက ယူကရိန်းစစ်တပ်ဟာ မာယီယူပူးလ်ဆိပ်ကမ်းမြို့ကို ပြန်သိမ်းယူဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ပြောပါတယ်။
ဒါပေမယ့် အမေရိကန်က ထိပ်တန်းသံတမန်တွေဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်၊ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်တို့ ဧပြီ၂၄ ရက်(တနင်္ဂနွေ)နေ့မှာ ကိဗ်ကိုလာရောက်ကြမှာဖြစ်ပြီး ရုရှားကျူးကျော်မှုတတိယပတ်ထဲ ရောက်လာတဲ့အချိန်မှာ ယူကရိန်းဟာ ဘယ်လိုလက်နက်တွေလိုအပ်တယ်ဆိုတာ ဆွေးနွေးကြမယ်လို့ သူက ပြောပါတယ်။
“ ကျွန်တော်တို့ လက်နက်တွေပိုရလာတာနှင့်အမျှ လက်နက်တွေလုံလောက်ပြီဆိုတာနှင့် ယာယီသိမ်းပိုက်ခံထားရတဲ့ ဒီနယ်မြေကို ချက်ခြင်းပြန်သိမ်းပိုက် မှာပါ။ကျွန်တော့်ကိုယုံပါ” လို့ ဇီလင်စကီးက စနေနေ့ညနေခင်းသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဘလင်ကင်နှင့်အော်စတင်တို့ရဲ့ ခရီးနှင့်ပတ်သက်လို့ အိမ်ဖြူတော်က အတည်ပြုချက်မပေးပါဘူး။ နိုင်ငံခြားရေးဌာနနှင့် ပင်တဂွန်ကလည်း မှတ်ချက်ပေးဖို့ငြင်းဆန်ပါတယ်။
မာရီယူပူးလ်ကို တိုက်ခိုက်မှုတွေဟာ ရက်သတ္တပတ်များစွာ ပစ်ခတ်နေပြီး ပဋိပက္ခအတွင်း အကြီးကျယ်ဆုံးဖြစ်ပါတယ်။ ဒီမြို့ကို သိမ်းပိုက်မှုဟာ အရှေ့ပိုင်းဒွန်ဘတ်ဒေသနှင့် ၂၀၁၄မှာ မော်စကိုက သိမ်းပိုက်ထားတဲ့ ပင်လယ်နက်ကျွန်းဆွယ်က ခရိုင်းမီးယားကို ချိတ်ဆက်နိုင်မယ့် ရုရှားရဲ့ မရှိမဖြစ်လိုအပ်တဲ့ ဆောင်ရွက်မှုဖြစ်ပါတယ်။
မော်စကိုက ထောက်ခံထားတဲ့ ခွဲထွက်ရေးသမားတွေဟာ ဒွန်ဘတ်စ်ဒေသမှာ နှစ်ပေါင်းများစွာ နယ်မြေစိုးမိုးထားပါတယ်။
ပင်လယ်နက်ဆိပ်ကမ်းမြို့ အိုဒီဆာမှာ ဒုံးကျည်တိုက်ခိုက်ခံရမှုကြောင့် လူ(၇)ဦး သေဆုံးခဲ့တယ်လို့ ဇီလင်စကီးကပြောပါတယ်။ ဒုံးကျည်တွေဟာ စစ်ဘက်အဆောက်အဦတစ်လုံးနှင့် လူနေအဆောက်အဦနှစ်လုံး ဖျက်ဆီးခံရတယ်လို့ ယူကရိန်းစစ်တပ်ကပြောပါတယ်။
အသေအပျောက်များနှင့်ပတ်သက်လို့ အတည်ပြုလို့မရသေးပါဘူး။ အိုဒီဆာကို နောက်ဆုံးအကြီးအကျယ်တိုက်ခိုက်ခဲ့တာဟာ ဧပြီလစောစောပိုင်းမှာဖြစ်ပါတယ်။
ရုရှားဟာ ယူကရိန်းကို သူတို့ရဲ့ ဒုံးကျည်အများဆုံး ပစ်ခတ်ပြီးပြီလို့ ဇီလင်စကီးကပြောပါတယ်။ “ သူတို့မှာ ကျန်သေးတာပေါ့။ အဲဒါကြောင့်လည်း သူတို့ ကျွန်တော်တို့ပြည်သူတွေကို ဒုံးကျည်နှင့်အကြမ်းဖက်မှုတွေ ဆက်လုပ်နိုင်ကြတာပေါ့” လို့ သူကပြောပါတယ်။
ရုရှားကတော့ အရပ်သားတွေပစ်မှတ်ထားတိုက်ခိုက်တယ်ဆိုတာတွေကို ငြင်းဆိုထားပါတယ်။
သူတို့ရဲ့ ပစ်မှတ်တိကျတဲ့ ဒုံးကျည်တွေဟာ အမေရိကန်နှင့် ဥရောပနိုင်ငံတွေက ပေးပို့ထားတဲ့ လက်နက်တွေရှိနေတဲ့ အိုဒီဆာက ထောက်ပို့ရုွတစ်ခုကို ဖျက်ဆီးပစ်လိုက်နိုင်တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
အဲဒီအပြင် ယူကရိန်းတပ်သား၂၀၀အထိ သတ်ပစ်ခဲ့ပြီး နှင့် ယန္တယားပေါင်း ၃၀ကျော်ကို ဖျက်ဆီးခဲ့တယ်လို့လည်း ရုရှားက ပြောပါတယ်။
Source Reuters
#WorldHealth
Published 24 April 2022
ကုလကျန်းမာရေးအေဂျင်စီရဲ့ လေ့လာသုံးသပ်ချက်အရ ဖိုင်ဇာ(Pfizer)မှထုတ်လုပ်တဲ့ ကိုဗစ်ကုသဆေးဟာ ဆေးရုံတက်ကုသခံယူရမှုနှုန်းကိုလျှော့ချနိုင်ကြောင်း တွေ့ရှိပြီးနောက် ရောဂါကြောင့် အသက်အန္တရာယ်ရှိနိုင်တဲ့သူတွေမှာ အသုံးပြုနိုင်တယ်လို့ WHO က ကြာသပတေးနေ့က ထောက်ခံလိုက်ပါတယ်။
လတ်တလောမှာ ကိုဗစ်ကူးစက်မှု တဖြည်းဖြည်းလျော့နည်းလာပြီဖြစ်ပေမယ့် ကိုဗစ်ရောဂါကြောင့် အပတ်တိုင်း လူထောင်နဲ့ချီပြီး သေဆုံးနေဆဲဖြစ်ပါတယ်။
လက်ရှိအသုံးပြုနိုင်တဲ့ ကိုဗစ်ကုသဆေးတွေထဲမှာ ဖိုင်ဇာကထုတ်တဲ့ ပက်ဇ်လိုဗစ်(Paxlovid)က အာနိသင်အထိရောက်ဆုံးဖြစ်နေကြောင်း WHO က ဆိုပါတယ်။
အခြားဆေးတွေထဲမှာတော့ Merck ကုမ္ပဏီမှထုတ်တဲ့ Molnupiravir, Gilead Sciences' မှထုတ်တဲ့ remdesivir နဲ့ ပဋိပစ္စည်းဆေးများပါဝင်ပါတယ်။
ပက်ဇ်လိုဗစ်ဆေးဖြင့် လူနာပေါင်း ၃,၁၀၀ ပါဝင်တဲ့ စမ်းသပ်မှုနှစ်ခုကို WHO က လေ့လာဆန်းစစ်ခဲ့ရာမှာ ဆေးရုံတက်ကုသခံယူမှုနှုန်း ၈၅ ရာခိုင်နှုန်းလျှော့ချပေးနိုင်တာကို တွေ့ရှိခဲ့ပါတယ်။
ရောဂါအန္တရာယ်များတဲ့ လူနာ ၁,၀၀၀ မှာ ဆေးရုံတက်ကုသခံယူရမှု ၈၄ ယောက်လျော့နည်းခဲ့ပါတယ်။
"ဒီဆေးတွေက ကိုဗစ်ကာကွယ်ဆေးနေရာမှာ အစားထိုးလိုရမယ့်ဆေးမဟုတ်ပါဘူး။
ရောဂါကူးစက်ပြီး နာတာရှည်ရောဂါရှိသူတွေ၊ ခုခံအားချို့တဲ့သူတွေ၊ ကာကွယ်ဆေးမထိုးရသေးသူတွေအတွက် နောက်ထပ်အသုံးပြုနိုင်တဲ့ကုသနည်းသာဖြစ်ပါတယ်" လို့ WHO မှ 'ဂျဲနတ်ဒီယာ့ဇ်'က ဆိုပါတယ်။
ပက်ဇ်လိုဗစ်ကို အသုံးပြုနိုင်ဖို့အတွက်က ရောဂါပိုးကူးစက်ပြီး အစောပိုင်းရက်အတွင်း အသုံးပြုရမှာဖြစ်သလို ရောဂါပိုးရှိ/မရှိ စစ်ဆေးသိရှိဖို့လည်း လိုအပ်ပါတယ်။
အခြားဆေးဝါးတွေနဲ့ တွဲစပ်အသုံးပြုရာမှာလည်း သတိထားစရာတွေရှိနေပါတယ်။
ဒါ့အပြင် ပက်ဇ်လိုဗစ်ကို ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များ၊ ကလေးများမှာ အသုံးပြုလို့ရ/မရကို မလေ့လာရသေးပါဘူး။
ဒီအချက်တွေကြောင့် အချို့နိုင်ငံတွေမှာ အဆိုပါဆေးတွေရရှိနိုင်ပေမယ့် ဝယ်လိုအားက နည်းပါးနေတာဖြစ်ပါတယ်။
ဖိုင်ဇာကုမ္ပဏီက ၂၀၂၂ ခုနှစ်အတွင်း ပက်ဇ်လိုဗစ်ရောင်းချမှုကနေ ဒေါ်လာ ၂၂ ဘီလီယံရရှိမယ်လို့ခန့်မှန်းထားပါတယ်။
Source: Reuters.
#Yangon_Media_Group
Page 849 of 929