#WorldHealth
Published 03 May 2022
တရုတ်ကုမ္ပဏီ Suzhou Abogen Biosciences မှ စမ်းသပ်ထုတ်လုပ်လျက်ရှိတဲ့ အိုမီခရွန်သီးသန့် mRNA ကိုဗစ်ကာကွယ်ဆေးကို ယူအေအီးနိုင်ငံမှာ လက်တွေ့စမ်းသပ်ခွင့်ရရှိခဲ့ပြီဖြစ်ကြောင်း ကုမ္ပဏီကသောကြာနေ့မှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ဖိုင်ဇာ-ဘိုင်အိုတက်ခ်ကုမ္ပဏီနဲ့ မိုဒါနာကုမ္ပဏီတိုကလည်း အိုမီခရွန်ကိုကာကွယ်နိုင်အောင် ပြုပြင်ထုတ်လုပ်ထားတဲ့ ကိုဗစ်ကာကွယ်ဆေးများကို စမ်းသပ်ခွင့်ရရှိထားပြီဖြစ်ပြီး အခုဆိုရင် Abogen ကုမ္ပဏီရဲ့ကာကွယ်ဆေးပါ ပါဝင်လာတာဖြစ်ပါတယ်။
အလွန်ကူးစက်မြန်တဲ့ အိုမီခရွန်မျိုးဗီဇကွဲဟာ လက်ရှိကိုဗစ်ကာကွယ်ဆေးတွေကရရှိတဲ့ ပဋိပစ္စည်း(antibody)များကို ခုခံနိုင်စွမ်းမြင့်မားနေပါတယ်။
တရုတ်ပြည်မကြီးရှိလူဦးရေ ၁.၄ ဘီလီယံမှာ ၈၈ ရာခိုင်နှုန်းကျော်လောက်က mRNA အမျိုးအစားမဟုတ်တဲ့ ကိုဗစ်ကာကွယ်ဆေး ထိုးနှံထားကြတာဖြစ်ပါတယ်။
တရုတ်နိုင်ငံမှာ နိုင်ငံခြားထုတ်ကိုဗစ်ကာကွယ်ဆေးတွေကို အသိအမှတ်မပြုထားဘဲ အသုံးအများဆုံးတရုတ်နိုင်ငံထုတ်ကာကွယ်ဆေးတွေဖြစ်တဲ့ Sinopharm နဲ့ Sinovac တို့ဟာ ဖိုင်ဇာ-ဘိုင်အိုတက်ခ်နဲ့ မိုဒါနာ mRNA ကာကွယ်ဆေးတွေလောက် ကိုဗစ်ရောဂါကိုထိရောက်စွာမကာကွယ်နိုင်ကြောင်း အချက်အလက်တွေမှာတွေ့ရှိထားပါတယ်။
Abogen ကုမ္ပဏီအနေနဲ့ ယူအေအီးအပြင် တရုတ်နဲ့ အခြားနိုင်ငံတွေမှာ အိုမီခရွန်ကာကွယ်ဆေးကိုစမ်းသပ်ခွင့်ရဖို့ ဆက်သွယ်နေပါတယ်။
သက်မဲ့ကိုရိုနာဗိုင်းရပ်စ်ပါဝင်ပြီး Sinopharm မှ ထုတ်လုပ်တဲ့ အိုမီခရွန်သီးသန့်ကာကွယ်ဆေးနှစ်မျိုးနဲ့ Sinovac မှ အိုမီခရွန်သီးသန့်ကာကွယ်ဆေးတို့ကို ဟောင်ကောင်နဲ့ တရုတ်ပြည်မကြီးတို့မှာစမ်းသပ်ဖို့ ခွင့်ပြုချက်ရရှိထားပြီးဖြစ်ပါတယ်။
ယူအေအီးမှ တာဝန်ရှိသူတွေ Sinopharm ရဲ့ အိုမီခရွန်သီးသန့်ကာကွယ်ဆေး တတိယတစ်မျိုးကို စမ်းသပ်ခွင့်ပြုထားပြီဖြစ်သလို သက်မဲ့ဗိုင်းရပ်စ်အမျိုးအစား အိုမီခရွန်သီးသန့်ကာကွယ်ဆေးနှစ်မျိုးကိုလည်း စမ်းသပ်ခွင့်ပြုထားကြောင်း Sinopharm လက်ခွဲကုမ္ပဏီ China National Biotec Group က သောကြာနေ့က ပြောကြားလိုက်ပါတယ်။
Source: Reuters.
#Yangon_Media_Group
Published 02 May 2022
ရုရှားနှင့်ယူကရိန်း ပဋိပက္ခနှင့် ရုရှားအပေါ် စီးပွားရေးပိတ်ဆို့အရေးယူမှုတွေ ကြောင့် မလေးရှားဟာ ငွေကြေးဖောင်းပွမှုနှင့်ရင်ဆိုင်နေရကြောင်း မလေးရှားစာရင်းအင်းဌာနရဲ့ အစီရင်ခံစာတစ်ခုမှာ ဖော်ပြထားပါတယ်။
အဲဒီအစီရင်ခံစာအရ ကြက်သား၊ကြက်ဥနှင့် ဟင်းနုနွယ်ကို အရင်က ၁၀၀ရင်းဂစ်(၂၃ဒေါ်လာ)လောက်နှင့် ဝယ်နိုင်ခဲ့ရာကနေ ယခု ၁၁၀ရင်းဂစ်ကနေ ၁၂၄ ရင်းဂစ်(၂၅မှ၂၈ ဒေါ်လာ)အထိ ပေးဝယ်နေကြရပါတယ်လို့သိရပါတယ်။ ရုရှားနှင့်ယူကရိန်း ပဋိပက္ခကြောင့် ဓာတ်မြေဩဇာဈေးနှုန်းတွေတက်တာဟာ အချို့သော လယ်ယာထွက်ကုန်တွေဈေးတက်ရတဲ့ အဓိက အကြောင်းရင်းပဲဖြစ်တယ်လို့ ပညာရှင်တွေကထောက်ပြကြပါတယ်။
ပဋိပက္ခကြောင့် နေကြာဆီတွေ ပြတ်လတ်မှုတွေရှိနေတဲ့အတွက် ကမ္ဘာ့စားအုံးဆီတင်ပို့မှုရဲ့ ၆၀ရာခိုင်နှုန်းနီးပါး တင်ပို့နေတဲ့ အင်ဒိုနီးရှားနိုင်ငံဟာ ပြည်တွင်းစားသုံးဆီဖူလုံဖို့ ပြည်ပပို့ကုန်ကို ပိတ်လိုက်ကြောင်း ဒီတစ်ပတ်မှာကြေညာခဲ့ပါတယ်။ အဲဒီလုပ်ရပ်ကြောင့်လည်း မလေးရှားမှာ စားအုံးဆီတွေ ဈေးတက်လာရပါတယ်။
နိုင်ငံရဲ့ ရိုးရာပွဲတော်တွေရောက်လာတာနှင့် တိုက်ဆိုင်သွားတာကြောင့် အစာအစာဈေးနှုန်းတွေ သိသိသာသာမြင့်တက် လာလိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။ ဒီနှစ်မတ်လမှာ မလေးရှားနိုင်ငံရဲ့ ဓာတ်ဆီအောက်တိန်း၉၇ ဈေးနှုန်းဟာ မနှစ်ထက်ယှဉ်ရင် ၅၀ ရာခိုင်နှုန်းမြင့်တက်လာတာဖြစ်ပါတယ်။
Source CMG
#WorldConstruction
Published 2 May 2022
ဖန်အကြည်ကြမ်းပြင်ဖြင့် တည်ဆောက်ထာားတဲ့ လူကူးတံတားတစ်ခုကို ဗီယက်နမ်မှာသောကြာနေ့က ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။
#Yangon_Media_Group
Published 02 May 2022
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်ရှိ ဆင်းရဲသားရပ်ကွက်တစ်ခုမှာ မေ(၂)ရက် တနင်္လာနေ့က
မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ကလေးငယ်(၆)ဦးအပါအဝင် လူ(၈)ဦးသေဆုံးခဲ့ရပါတယ်။
အဲဒီအပြင် နောက်ထပ်လူ(၃)ဦးထိခိုက်ဒဏ်ရာရရှိပြီး အိမ်ခြေပေါင်း ၈၀ လည်း
မီးထဲပါသွားတယ်လို့ မီးသတ်ဌာန အရာရှိတစ်ဦးက ပြောပါတယ်။
ဖိလစ်ပိုင်တက္ကသိုလ်ရဲ့ ပြန့်ကျဲနေတဲ့ ဝင်းထဲက တရားမဝင်ဆောက်လုပ်ထားတဲ့ ပြွတ်သိပ်နေတဲ့ အိမ်ရာတွေထဲက အိမ်တစ်လုံးကို တနင်္လာနေ့ မနက်၅နာရီမှာ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။
မီးစွယ်ကျိုးဖို့အတွက် နှစ်နာရီခန့်ကြာအောင် မီးငြိမ်းသတ်ခဲ့ရပြီး သေဆုံးသူတွေဟာ အိမ်ထဲမှာပိတ်မိနေသူတွေဖြစ်တယ်လို့ အကြီးတန်းမီးသတ်အရာရှိ ဂရက်ဘီချေဒါက အေအက်ဖ်ပီကိုပြောပါတယ်။
မီးလောင်ကျွမ်းရတဲ့အကြောင်းရင်း စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။
Source AFP
#LocalNews
#Published - 2 May 2022
လက်ရှိနွေစပါးရိတ်သိမ်းရာသီမှာ စပါးစျေးမြင့်တက်နေပေမယ့် သယ်ယူပို့ဆောင်စရိတ်တွေ မြင့်တက်နေတာကြောင့် တောင်သူတွေ အမြတ်ငွေနည်းပါးနေတယ်လို့ တောင်သူတွေဆီက သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published -2 May 2022
၁။ စပါးစျေးမြင့်တက်နေသော်လည်း သယ်ယူပို့ဆောင်စရိတ် မြင့်တက်နေခြင်းကြောင့် တောင်သူများအမြတ်ငွေနည်းပါး။
၂။ အပူရှပ်ပြီး သတိလစ်သည့်လူနာ၊တက်သည့်လူနာနှင့် ဖျားနာလူနာများ ဆေးရုံပို့ဆောင်ပေးရမှုများနေ။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ရင်သပ်ရှုမောဖွယ် ဖန်သားကြမ်းခင်းတံတား ဗီယက်နမ်တွင်ဖွင့်လှစ်...အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Ukraine_Crisis
Published 02 May 2022
ရုရှားစစ်တပ်များဝိုင်းရံထားတဲ့ မာရီယူပိုလ်မြို့ရှိ အာဇော့ဗ်စတယ်လ်သံမဏိစက်ရုံမြေအောက်မှာ သီတင်းပတ်အတော်ကြာပိတ်မိနေခဲ့တဲ့ ယူကရိန်းအရပ်သား ၁၀၀ ခန့်ကို တနင်္ဂနွေနေ့က ဘေးကင်းရာသို့ ပို့ဆောင်ကယ်ဆယ်ခဲ့ပါတယ်။
အဆိုပါသံမဏိစက်ရုံဟာ မာရီယူပိုလ်မြို့ရဲ့ နောက်ဆုံးခုခံပိတ်ဆိုထားရာ နေရာလည်းဖြစ်ပါတယ်။
ကုလထွေချုပ်'အန်တိုနီယိုဂူတာရက်စ်'က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မော်စကိုနဲ့ ကိဗ်တို့ကို လာရောက်ခဲ့ပြီး မကြာခင်မှာပဲ လူအများမျှော်လင့်ထားကြတဲ့ ကယ်ဆယ်ရေးအစီအစဉ်ကို ကုလသမဂ္ဂက ကြားဝင်ဖြေရှင်းပေးခဲ့တာဖြစ်ပါတယ်။
တနင်္ဂနွေနေ့ညနေက ယူကရိန်းသမ္မတ 'ဗိုလိုဒီမီယာဇယ်လန်စကီ'ပြောကြားရာမှာ "လူ ၁၀၀ ခန့်ပါဝင်တဲ့ ပထမဆုံးအဖွဲ့ကတော့ အစိုးရထိန်းချုပ်ရာ ဒေသဆီ ဦးတည်ပြီးသွားနေပါပြီ" လို့ ဆိုပါတယ်။
ကယ်ဆယ်လာတဲ့ အရပ်သားတွေဟာ ဇာပိုရစ်ဇ်ဇီယာမြို့သို့ တနင်္လာနေ့မှာ ရောက်ရှိဖို့မျှော်မှန်းထားကြောင်း ဆိုပါတယ်။
သံမဏိစက်ရုံမြေအောက်ကွန်ရက်ကြီးမှာ ပုန်းခိုနေတဲ့သူ အနည်းဆုံး ၁,၀၀၀ ခန့်ရှိမယ်လို့ခန့်မှန်းထားပြီး လူအားလုံးလွတ်မြောက်နိုင်ဖို့အတွက် ယူကရိန်းက ကုလသမဂ္ဂနဲ့ ပူးပေါင်းလုပ်ဆောင်လျက်ရှိပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ အာဇော့ဗ်စတယ်လ်စက်ရုံမှလွတ်မြောက်လာသူ အယောက် ၅၀ နီးပါးရှိပြီး ၂၁ ယောက်ကို ရုရှားထိန်းချုပ်ရေးနယ်မြေသို့ ပို့ဆောင်ခဲ့ကြောင်း တနင်္ဂနွေနေ့ အစောပိုင်းက ကြေညာခဲ့ပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ဖော်ပြသခဲ့တဲ့ဗီဒီယိုထဲမှာ ကျူးကျော်သူ ရုရှားတပ်ဖွဲ့များအသုံးပြုလေ့ရှိတဲ့ "Z" အမှတ်တံဆိပ်ပါ ကားတွေနဲ့ ဘတ်စ်ကားယာဉ်တန်းဟာ ညဘက်အတွင်းဖြတ်သန်းသွားလာနေတာကို တွေ့ခဲ့ရပါတယ်။
ကလေးငယ်များအပါအဝင် အရပ်သားဒါဇင်ခန့်ဟာ ရုရှားထောက်ခံတဲ့ ခွဲထွက်ရေးသမားများထိန်းချုပ်ထားတဲ့ ဘက်ဇီမန်ရွာရှိ ယာယီနေထိုင်ရာ စခန်းသို့ရောက်ရှိလာခဲ့တာကို မြင်တွေ့ခဲ့ရကြောင်း ရိုက်တာသတင်းဌာနက သတင်းတင်ပို့ထားပါတယ်။
အဆိုပါ ယာဉ်တန်းမှာပါဝင်တဲ့ ရုရှားတပ်ဖွဲ့တွေနဲ့ မော်တော်ယာဉ်တွေမှာ ကုလသမဂ္ဂအမှတ်အသားတွေ တပ်ဆင်ထားပါတယ်။
နိုင်ငံပိုင်သတင်းဌာန RIA Novosti ဖော်ပြထားတဲ့ ဗီဒီယိုထဲမှာ အရပ်သားတွေက ဘတ်စ်ကားတွေထဲမှ ဆင်းလာကြကာ ရုရှားစစ်သားများ စောင့်ကြပ်နေတဲ့ တဲများသို့ ဝင်ရောက်သွားခဲ့ကြောင်း တွေ့ရှိရပါတယ်။
ရုရှားစစ်တပ်က ထွက်ပြေးတိမ်းရှောင်မယ့် အရပ်သားတွေကို ပိတ်ဆို့တားဆီးနေတယ်လို့ ယူကရိန်းအာဏာပိုင်များက အစောပိုင်းက ဝေဖန်ခဲ့ကြပြီး ရုရှားနယ်မြေနဲ့ ခွဲထွက်ရေးသမားများထိန်းချုပ်ထားတဲ့ နယ်မြေများကို ထွက်ပြေးလာတဲ့ ယူကရိန်းအရပ်သား တစ်သန်းခန့်ကို ဓားစာခံအနေနဲ့ ထိန်းသိမ်းထားတယ်လို့ ဆိုနေကြပါတယ်။
ပုပ်ရဟန်းမင်းကြီး'ဖရန်စစ္စ'က တနင်္ဂနွေနေ့က စိန့်ပီတာရင်ပြင်၌ တရားဟောပြောကြားရာမှာ မာရီယူပိုလ်ရှိ အရပ်သားများ လွတ်မြောက်ဖို့ လူသားချင်းစာနာထောက်ထားရေး အစီအစဉ်များ ပြုလုပ်ဖို့တောင်းဆိုလိုက်ပြီး စစ်ပွဲကလူသားမျိုးနွယ်ဆုတ်ယုတ်လာစေတဲ့ အကြောင်းအရင်းဟု မှတ်ချက်ပြုခဲ့ပါတယ်။
"ရက်ရက်စက်စက်ဗုံးကျဲတိုက်ခိုက်ခံခဲ့ရတဲ့ မာရီယူပိုလ်မြို့ကိုပဲ စိတ်ကရောက်နေပါတယ်" လို့ မိန့်ကြားခဲ့ပါတယ်။
Source: The Telegraph
#Yangon_Media_Group
Page 841 of 929