#WorldHealth
Published 16 May 2022
ကိုဗစ်နောက်ဆက်တွဲဝေဒနာ ခံစားရသူများရဲ့သွေးထဲက inflammatory ပရိုတိန်း(ရောင်ရမ်းခြင်းဖြစ်စဉ်တွင် ဆဲလ်တည်ဆောက်ခြင်းက ဖြိုခွဲခြင်းထက်ပိုမိုလျင်မြန်စွာဖြစ်ပျက်နေတဲ့ပရိုတိန်း)တည်ဆောက်ပုံများဖြင့် တစ်ချိန်ချိန်ကျရင် လူနာတစ်ဦးချင်းစီကို ကုသသွားနိုင်ဖွယ်ရှိကြောင်း လေ့လာချက်အသစ်မှာဖော်ပြထားပါတယ်။
သုတေသီများလေ့လာခဲ့ရာမှာ ကိုဗစ်ရောဂါအပျော့စားသာခံစားရပြီး နောက်ဆက်တွဲလက္ခဏာများခံစားနေရတဲ့ လူနာ ၅၅ ဦးထဲက သုံးပုံနှစ်ပုံခန့်ဟာ သူတိုရဲ့သွေးထဲမှာ inflammatory protein ပမာဏများနေတာကိုတွေ့ရှိရပါတယ်။
ဆဲလ်ရောင်ရမ်းခြင်းဖြစ်စဉ်အများစုက ကိုဗစ်နောက်ဆက်တွဲလက္ခဏာအများဆုံးဖြစ်ပွားသူတွေမှာ တွေ့ရှိရပါတယ်။
အစောပိုင်းသုတေသနများအရ ကိုဗစ်နောက်ဆက်တွဲဝေဒနာရှင်တွေမှာ အဆိုပါပရိုတိန်းမြင့်မားတာကိုတွေ့ရှိခဲ့ကြပြီး လူတဝက်ကျော်လောက်မှာ ထူးခြားတဲ့ပရိုတိန်းတည်ဆောက်ပုံရှိနေကာ အချို့မှာတော့ မတွေ့ရှိရဘူးလို့ သုတေသီများက အင်္ဂါနေ့က bioRxiv ဝက်ဘ်ဆိုက်မှာဖော်ပြခဲ့ပါတယ်။
Inflammatory ပရိုတိန်းအနည်းဆုံးနှစ်မျိုးတွေ့ရှိခဲ့ကြောင်း ဆီယက်တဲလ် ရောဂါခုခံအားဆိုင်ရာ အယ်လန်တက္ကသိုလ်မှ ဦးဆောင်လေ့လာသူ'ထရွိင်တော်ဂျာဆန်'က ပြောပြပါတယ်။
ဒီလိုပရိုတိန်းတည်ဆောက်ပုံတွေကြောင့် ကိုယ်ခံအားနှိမ့်ချတဲ့ဆေးတွေ ဆဲလ်ရောင်ရမ်းခြင်းကိုလျော့ကျစေတဲ့ဆေးတွေနဲ့ လှုံ့ဆော်ပေးကာ ကိုယ်ခံအားကတုန့်ပြန်လာပါတယ်။
သွေးထဲကအဆိုပါပရိုတိန်းတွေကို တိုင်းတာသိရှိခြင်းဖြင့် အနာဂတ်မှာပေါ်ပေါက်လာနိုင်တဲ့ကုသနည်းများဖြင့် ကိုဗစ်နောက်ဆက်တွဲလက္ခဏာလူနာတွေကို ဖော်ထုတ်ကုသပေးနိုင်မှာဖြစ်ပါတယ်။
Source: Reuters.
#Yangon_Media_Group
Published 15 May 2022
မေ ၁၄ရက်က ရုရှားနိုင်ငံ မော်စကိုမှာ ပြုလုပ်တဲ့ သံတမန်ရေးရာနှင့်ကာကွယ်ရေးရာကောင်စီအစည်းအဝေးမှာ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂီလက်ဗရော့က “ အနောက်နှင့်ဖြစ်နေတဲ့ ရုရှားစစ်ဟာ ဘယ်လောက်ကြာမယ်ဆိုတာခန့်မှန်းရခက် တယ်” လို့ပြောလိုက်ပါတယ်။
Source AFP
Published 15 May 2022
အင်ဒိုနီးရှားနိုင်ငံမှာ ဟင်းချက်ဆီဈေးနှုန်းတွေမြင့်တက်လာနေပြီး ကုန်ဈေးနှုန်းတက်မှုကို ခပ်မြန်မြန်လျှော့ချနိုင်ဖို့ သွင်းကုန်ပိတ်ပင်မှု မလုပ်ဆောင်နိုင်တာကြောင့် လူထုရဲ့ မကျေနပ်မှုတွေရှိလာနေပြီး သမ္မတ ဂျိုကိုဝီဒိုဒိုရဲ့ ထောက်ခံမှုအဆင့်ဟာ ခြောက်နှစ်အတွင်း အနိမ့်ဆုံးရောက်ရှိနေတယ်လို့ မေ၁၅ရက် တနင်္ဂနွေနေ့ နောက်ဆုံးစစ်တမ်းတစ်ခုအရသိရပါတယ်။
အင်ဒိုနီးရှားရဲ့ pollster Indikator Politik အဖွဲ့အစည်းရဲ့ ထုတ်ပြန်တဲ့ လေ့လာမှုအရ ဂျိုကိုဝီလို့သိထားကြတဲ့ သမ္မတရဲ့ လူထုထောက်ခံမှုအဆင့်ဟာ မေလမှာ ၅၈.၁ ရာခိုင်နှုန်းသို့ကျဆင်းသွားကြောင်း ဖော်ပြထားပါတယ်။
ဒီအဆင့်ဟာ ၂၀၁၅ဒီဇင်ဘာနောက်ပိုင်းအနိမ့်ဆုံးဖြစ်ပါတယ်။ အဲဒီတုန်းက လူထုထောက်ခံမှု ၅၃ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တာပါ။
ဇန်နဝါရီကနေ ဧပြီအတွင်း ၁၂မှတ်ကျဆင်းသွားတာဟာ အရှေ့တောင်အာရှရဲ့ အကြီးဆုံးစီးပွားရေးအနေနှင့် ပြည်တွင်း ဟင်းချက်ဆီဈေးနှုန်းတွေနှင့် အိမ်ထောင်စုအခြေခံစားကုန်တွေရဲ့ဈေးနှုန်းတွေကို ထိန်းချုပ်ဖို့ကြိုးစားနေရတဲ့ အချိန်နှင့် ပြီးခဲ့တဲ့လက စားအုန်းဆီကို ပြည်ပတင်ပို့မှုပိတ်ပင်တဲ့ အံအားသင့်စရာ ဆုံးဖြတ်ချက်ချအပြီးမှာ ဖြစ်လာခဲ့ရတာပါ။
အင်ဒိုနီးရှားဟာ ကမ္ဘာ့အကြီးဆုံး စားအုန်းဆီထုတ်လုပ်သူဖြစ်ပြီး အဲဒီမူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်ကြောင့် ကမ္ဘာဈေးကွက်ကို ထိတ်လန့် အံအားသင့်သွားစေခဲ့ရပါတယ်။ စားသောက်ကုန်ကရတဲ့ အခွန်ငွေတွေကြောင့် ပြည်တွင်းလိုအပ်ချက်ပြည့်မီတာနှင့် ပြည်ပပို့တာပိတ်ပင်ထားတာကိုပြန်ရုပ်သိမ်းမယ်လို့ အဲဒီတုန်းက သမ္မတက ပြောခဲ့ပါတယ်။
မေ၅ရက်မှ၁၀ရက်အတွင်း ပြုလုပ်ခဲ့တဲ့စစ်တမ်းအရ ဂျိုကိုဝီရဲ့ လူထုထောက်ခံမှုကျဆင်းရတာဟာ ဟင်းချက်ဆီဈေးနှုန်းတွေ တက်လာတာနှင့် ငွေကြေးဖောင်းပွမှုတွေ၊ မူဝါဒအရမျှော်မှန်းချက်တွေနနှင့် လက်တွေ့မြေပြင်ဖြစ်ပေါ်နေတာတွေ ကွာဟနေတာတွေနှင့်ဆက်စပ်နေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြည်ပပို့တာပိတ်လိုက်ပေမယ့် ပြည်တွင်းမှာလည်း ဈေးနှုန်းက သိသိသာသာကျဆင်းခဲ့ခြင်းမရှိလို့ဖြစ်ပါတယ်။
လူပေါင်း၁၂၀၀ကိုမေးမြန်းဆန်းစစ်ခဲ့ရာမှာ အဲဒီထဲက ၉၀ရာခိုင်နှုန်းက ပြည်ပပို့ခြင်းပိတ်တာကို ထောက်ခံကြပြီး ၇၂ ရာခိုင်နှုန်းကျော်က ဟင်းချက်ဆီဈေးနှုန်းဟာ အကုန်အကျမခံနိုင်တဲ့အဆင့်မှာရှိနေသေးတယ်လို့ဆိုကြပါတယ်။
Source Reuters
Published 15 May 2022
မြောက်အတ္တလန်တစ်စာချုပ်အဖွဲ့(နေတိုး)ကို ဆွီဒင်ဝင်ရောက်မယ့် အစိုးရရဲ့အစီအစဉ်ကို စနေနေ့က စတော့ဟုမ်းမှာ ဆန့်ကျင်သူတွေက ဆန္ဒပြခဲ့ကြပါတယ်။
ဆွီဒင်ရဲ့ အာဏာရပါတီဖြစ်တဲ့ ဆိုရှယ်ဒီမိုကရက်ပါတီက တနင်္ဂနွေနေ့မှာ နေတိုးဝင်ဖို့ဆုံးဖြတ်ခဲ့တာနှင့်ပတ်သက်လို့ ရှင်းလင်းတင်ပြဖို့ရှိပါတယ်။
“ "Say no to NATO"ဆိုတဲ့ ပြည်တွင်းအဖွဲ့အစည်းတစ်ခုက ဆန္ဒပြပွဲကို စီစဉ်ကျင်းပခဲ့တာဖြစ်ပြီး အစိုးရရဲ့ တာဝန်ဟာ နိုင်ငံရဲ့လွတ်လပ်ရေးနှင့်ငြိမ်းချမ်းရေးကို ကာကွယ်တာဖြစ်သင့်တယ်လို့သူတို့က ပြောပြပါတယ်။ နေတိုးကိုဝင်ရောက်တာဟာ အဲဒီတာဝန်နှင့်ဆန့်ကျင်ပြီး လက်ရှိအခြေအနေကို ပိုမိုတင်းမာစေတယ်လို့ သူတို့ကဆိုပါတယ်။
ွီဒင်ဟာ ၁၉၉၃ခုနှစ်ကတည်းက ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ပါတယ်။ ဒါပေမယ့် အခုထက်ထိ နေတိုးမဟာမိတ်ထဲမှာ မပါဝင်တဲ့ အီးယူနိုင်ငံတွေက အနည်းငယ်ပဲကျန်ပါတော့တယ်။ ဆွီဒင်ဟာ ဖင်လန်နှင့်အတူနေတိုးကို ဝင်ရောက်လိုက်ပါက ၂၇နိုင်ငံရှိတဲ့အီးယူထဲမှာ နေတိုးမဝင်တာ လေးနိုင်ငံပဲကျန်တော့မှာဖြစ်ပြီး အဲဒီနိုင်ငံတွေက ဩစတြီးယား၊ဆိုက်ပရပ်စ်၊ အိုင်ယာလန်နှင့် မယ်လ်တာတို့ပဲဖြစ်ပါတယ်။
တစ်နည်းအားဖြင့် နေတိုးအဖွဲ့ဝင် ၃၂နိုင်ငံမှာ အီးယူနိုင်ငံ ၂၄နိုင်ငံဖြစ်လာမယ့် သဘောပဲဖြစ်ပါတယ်။
ဆွီဒင်ပါလီမန်က သောကြာနေ့က နေတိုးဝင်သင့် မဝင်သင့် ဆန်းစစ်မှုတွေပြုလုပ်ခဲ့ရာမှာ ပါတီအများစုက နေတိုးဝင်ရောက်ခြင်းဖြင့် နော်ဒစ်နိုင်ငံတစ်နိုင်ငံအနေနှင့် လုံခြုံရေးတိုးတက်လာမယ်လို့ ကောက်ချက်ဆွဲကြပါတယ်။ လက်ဝဲပါတီနှင့် ဂရင်းပါတီတို့ကတော့ အဲဒီကောက်ချက်ကို မထောက်ခံကြပဲရှိခဲ့ပါတယ်။
Source CMG
#Sweden_to_joins_NATO
#Protest_Anti-NATO-in_Sweden
#နေတိုး_ဆွီဒင်
Published 15 May 2022
အသက်၁၈နှစ်အရွယ် လူဖြူလူငယ်သေနတ်သမားဟာ မေလ(၁၄)ရက် စနေနေ့ မွန်းလွဲပိုင်းက နယူးယောက်အထက်ပိုင်း လူမည်းရပ်ကွက်တစ်ခုထဲက ကုန်စုံဆိုင်တစ်ဆိုင်မှာ ပစ်ခတ်ခဲ့ရာ လူ(၁၀)ဦးသေဆုံးပြီး (၃)ဦးဒဏ်ရာရရှိသွားပါတယ်။
အဲဒီလူဖြူလူငယ်ဟာ ချေမှုန်းရေးပုံစံရိုင်ဖယ်တစ်လက်နှင့်ဖြစ်ပြီး တစ်ဦးတည်းကျူးလွန်ပုံရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ သူဟာ သူ့နေအိမ်ကနေ ဘတ်ဖယ်လိုကို နာရီပေါင်းများစွာ ကားမောင်းလာတာဖြစ်ပါတယ်။ သူဟာ သူ့တိုက်ခိုက်မှုကို အမေဇုန်ကပိုင်တဲ့ တွစ်ချ် Twitch ပလက်ဖောင်းကနေ တိုက်ရိုက်ရုပ်သံထုတ်လွှင့်ခဲ့ပါတယ်။
သေနတ်နှင့်အပစ်ခံရတဲ့သူ ၁၃ဦးမှာ ၁၁ဦးဟာ လူမည်းတွေဖြစ်တယ်လို့ အရာရှိတွေက ပြောပါတယ်။ အခြားနှစ်ဦးကတော့ လူဖြူတွေဖြစ်ပြီး ဒါဟာ လူမျိုးရေးပိုင်းချို့ယွင်းမှုလားဆိုတာ မရှင်းလင်းသေးပါဘူး။
တရားရုံးစာရွက်စာတမ်းများအရ သူဟာ နယူးယောက်တောင်ပိုင်းဒေသ ပင်န်စီဗေးနီးယားနယ်စပ်က လူဦးရေ ၅၀၀၀လောက်သာရှိတဲ့ ပေတွန်မြိုမှာနေထိုင်တဲ့ ဂျန်ဒရွန်ဆိုသူဖြစ်တယ်လို့ သိရပါတယ်။
သူ့ကို ပထမအဆင့် လူသတ်မှုနှင့် ပြည်နယ်တရားရုံးမှာ အမှုဖွင့်လိုက်ပြီး ဒါဟာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်မရှိ ဘဲ အမြင့်ဆုံး ထောင်တစ်သက်တစ်ကျွန်းကျခံနိုင်တဲ့ ပြစ်မှုဖြစ်ပါတယ်လို့ အီရီစီရင်စု ခရိုင်ရှေ့နေ ဂျွန်ဖလင်းက ပြောပါတယ်။ နယူးယောက်မှ သေဒဏ်မရှိပါဘူး။
သူဟာ ဘင်ဟမ်တွန်အနီးက နယူးယောက်ရဲ့ဘရွမ်းကွန်မြူနတီကောလိပ် ကျောင်းသားတစ်ဦးဖြစ်ပြီး သူ့ကိုမဖမ်းမိခင်မှာ ကိုယ့်ကိုကိုယ်သတ်သေဖို့လုပ်သေးတယ်လို့ ဘတ်ဖယ်လိုပုလိပ်မင်းကြီး ဂျိးဇက် ဂရမ်မက်လျားက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
သူဟာ Tops Friendly Markets ရဲ့ ကားရပ်ရာနေရာမှာ လူသုံးဦးကို အရင်ဆုံးပစ်သတ်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် သူဟာ စတိုးဆိုင်လုံခြုံရေးလုပ်နေတဲ့ အငြိမ်းစားရဲအရာရှိနှင့် အပြန်အလှန်ပစ်ခတ်ခဲ့ပါတယ်။ ဒါပေမယ့် သူက ကျည်ကာ အင်္ကျီဝတ်ထားပါတယ်။ သေဆုံးသူ(၁၀)ဦးထဲမှာ အဲဒီလုံခြုံရေးလည်းပါဝင်ပါတယ်။ကျန်(၉)ယောက်က ဈေးဝယ်တွေဖြစ်ပါတယ်။ စတိုးဆိုင်ဝန်ထမ်း(၃)ဦးဟာ ဒဏ်ရာရရှိခဲ့ပြီး သူတို့ဟာ အသက်ရှင်ဖို့များပါတယ်။
သူ့ကိုယ်သူစစ်တပ်ထဲကလိုပုံစံနှင့်” လို့ ဆိုင်မန်နေဂျာ ရွန်နယ်လ်ဟာရစ်က သတင်းစာကိုပြောပါတယ်။ သူဟာ သေနတ်နှင့် အချက်ပေါင်း (၇)လောက်ပစ်ခဲ့တာလို့ သူကဆက်ပြောပါတယ်။
Source Reuters
#WorldHealth
Published 15 May 2022
အကိုက်အခဲပျောက်ဆေးများသုံးစွဲလေ့ရှိတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးများမှာ မွေးဖွားတဲ့အခါဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်တတ်ကြောင်း လေ့လာတွေ့ရှိထားပါတယ်။
ပါရာစီတမော၊ အိုင်ဗျူပရိုဖန်တို့လို အကိုက်အခဲပျောက်ဆေးများသုံးစွဲတဲ့ကိုယ်ဝန်ဆောင်တွေမှာ လမစေ့ဘဲမွေးဖွားခြင်းမျိုးနဲ့ ကလေးအသေမွေးခြင်းမျိုး ဖြစ်နိုင်ချေများကြောင်း အဘာဒင်းတက္ကသိုလ်မှသုတေသီများက တွေ့ရှိခဲ့ပါတယ်။
ကိုယ်ဝန်ဆောင်ကာလအတွင်း လူသုံးများတဲ့အကိုက်အခဲပျောက်ဆေးတစ်မျိုးမျိုးကို သုံးစွဲခဲ့တဲ့အမျိုးသမီးတွေမှာ လမစေ့ဘဲမွေးဖွားခြင်းမျိုး ၅၀ ရာခိုင်နှုန်းဖြစ်ပေါ်နိုင်ချေရှိပါတယ်။
ပြီးခဲ့တဲ့ဆယ်စုနှစ် ၃ ခုအတွင်း ကိုယ်ဝန်သည်အယောက် ၁ သိန်းခွဲကျော်ကိုစောင့်ကြည့်လေ့လာခဲ့ရာမှာ ကလေးအသေမွေးခြင်းဖြစ်နိုင်ချေက ၃၃ ရာခိုင်နှုန်းရှိနေပါတယ်။
ကိုယ်ဝန်ဆောင်တဲ့အခါ အဖျားတက်ခြင်း၊ အဆစ်အမြစ်နာခြင်း စတဲ့ဝေဒနာများသက်သာစေဖို့အတွက် ၁၀ ယောက်မှာ ၈ ယောက်လောက်က အကိုက်အခဲပျောက်ဆေးသောက်သုံးကြပါတယ်။
ကိုယ်ဝန်ဆောင်တွေမှာ အကိုက်အခဲပျောက်ဆေးသုံးခြင်းက စိတ်ချရလား စိတ်မချရဘူးလားဆိုတာ အငြင်းပွားနေကြဆဲဖြစ်ပါတယ်။
NHS က ပါရာစီတမောကို ကိုယ်ဝန်သည်များအတွက် ပထမဦးစားပေးအကိုက်အခဲပျောက်ဆေးလိုသတ်မှတ်ထားပေမယ့် ရောင်ရမ်းခြင်းသက်သာစေတဲ့ အိုင်ဗျူပရိုဖန်နဲ့ အက်စ်ပရင်ပမာဏများပြားစွာအသုံးပြုခြင်းကိုတော့ သတိပေးထားပါတယ်။
လက်ရှိအကြံပြုလမ်းညွှန်ချက်တွေက ပြုပြင်ပြောင်းလဲဖို့လိုအပ်နေကြောင်း အဘာဒင်းတက္ကသိုလ်မှသုတေသီများက တိုက်တွန်းနေပါတယ်။
လေ့လာမှုပြုလုပ်ရာမှာ ပါရာစီတမော၊ အက်စ်ပရင်၊ အိုင်ဗျူပရိုဖန်၊ ဒိုင်ကလိုဖန်နက်၊ နာပရိုဇန်ဆေးတွေကိုအသုံးပြုခဲ့ကြတဲ့ အမျိုးသမီးတွေကို လေ့လာမှတ်ချက်ပြုခဲ့ကြပါတယ်။ လက်ရှိမှာတော့ပါရာစီတမောက ကိုယ်ဝန်ဆောင်စဉ်အတွင်း ဘေးကင်းစိတ်ချရတယ်လို့ သတ်မှတ်လို့ရပါတယ်။
ဒါပေမဲ့ ကိုယ်ဝန်ဆောင်ကာလ ၃၀ ပတ်ကျော်လာရင်တော့ အက်စ်ပရင်ပမာဏများများသုံးစွဲခြင်းက သန္ဓေသားရဲ့သွေးလည်ပတ်မှုကို ထိခိုက်စေတာကြောင့် သုံးစွဲဖို့အကြံမပြုထားပါဘူး။
ကျန်တဲ့ဆေး ၃ မျိုးကလည်း ကလေးရဲ့သွေးလည်ပတ်မှုနဲ့ ကျောက်ကပ်တိုကိုထိခိုက်စေတာကြောင့် မသုံးစွဲသင့်ပါဘူး။
၂၀၀၈ မှ ၂၀၁၅ ခုနှစ်ကြားလေ့လာချက်မှာ ကိုယ်ဝန်ဆောင်ကာလအတွင်း အကိုက်အခဲပျောက်ဆေးသုံးစွဲတဲ့အမျိုးသမီးတွေက ၆၀ ရာခိုင်နှုန်းလောက်ရှိလာပါတယ်။
ထိုထဲမှာမှ ၅ ယောက်မှာ ၁ ယောက်က ဘေးထွက်ဆိုးကျိုးခံစားရတတ်ပြီး မွေးဖွားမှုခက်ခဲခြင်းက ၂၈ ရာခိုင်နှုန်းများလာပါတယ်။
မွေးဖွားပြီးရက်ပိုင်းအတွင်း ကလေးသေဆုံးမှုနှုန်းက ၅၀ ရာခိုင်နှုန်းအထိရှိလာပါတယ်။
ပါရာစီတမောနဲ့ အခြားအကိုက်အခဲပျောက်ဆေးတွေ တွဲစပ်သုံးစွဲခြင်းက အန္တရာယ်အများဆုံးအခြေအနေဖြစ်ကြောင်း သုတေသီတွေက သတိပေးထားပါတယ်။
Source: DailyMail.
#Yangon_Media_Group
#WorldHealth
Published 15 May 2022
ဖိုင်ဇာကုမ္ပဏီက ကိုဗစ်ကုသရေးသောက်ဆေးပက်ဇ်လိုဗစ်(Paxlovid)ဆေးဝါးပေါင်း ၂.၈ သန်းကျော်ကို အမေရိကန်တဝှမ်းရှိဆေးဆိုင်များမှာ ဖြန့်ဖြူးထားပြီဖြစ်ပြီး အစိုးရအဖွဲ့ကလည်း လူအများဆေးဝါးသုံးစွဲရရှိရေးအတွက် ကြိုးပမ်းလုပ်ကိုင်ပေးနေပါတယ်။
ပက်ဇ်လိုဗစ်ဆေးကို လူအများအပြားသုံးစွဲခဲ့ကြပြီး ရောဂါကုသပျောက်ကင်းသွားပြီးနောက် အချို့လူနာတွေမှာ ကိုဗစ်ရောဂါလက္ခဏာများ ပြန်လည်ပေါ်ပေါက်ခဲ့ကြောင်း အကြောင်းကြားလာကြပါတယ်။
ဖိုင်ဇာဆေးဝါးအသုံးပြုကုသခဲ့တဲ့ လူဒါဇင်လောက်က ရောဂါလက္ခဏာများပြန်လည်ပေါ်ပေါက်ခဲ့ကြောင်းကို လူမှုကွန်ရက်နဲ့ အမေရိကန် FDA တိုဆီမှာ တင်ပြခဲ့ကြပါတယ်။
ဒါပေမယ့် ဖိုင်ဇာကုမ္ပဏီဘက်ကတော့ ဒါဟာရှားပါးဖြစ်စဉ်တစ်ခုသာဖြစ်တယ်လို့ဆိုပါတယ်။ ၅ ရက်တာသောက်သုံးကုသရတဲ့ ပက်ဇ်လိုဗစ်ဆေးအသုံးပြုခဲ့သူ ၃ သိန်းကျော်ကို စောင့်ကြည့်လေ့လာခဲ့ရာမှာ အယောက် ၃,၀၀၀ မှာ ၁ ယောက်နှုန်းဖြစ်ပွားခဲ့ပြီး ၀.၀၃ ရာခိုင်နှုန်းက ဆေးဝါးသုံးစွဲပြီးနောက် ရောဂါပြန်ထလာကြောင်း သိရှိခဲ့ရပါတယ်။
ဒါပေမယ့် ဒီပမာဏဟာ ပက်ဇ်လိုဗစ်ဆေးဝါးစမ်းသပ်မှုပြုလုပ်စဉ်ကထက် ပိုမိုနည်းပါးပြီး စမ်းသပ်ချက်ပြုလုပ်တုန်းက ၂ ရာခိုင်နှုန်းသောလူနာတွေမှာ ဗိုင်းရပ်စ်ပြန်လည်တွေ့ရှိခဲ့တာဖြစ်ပါတယ်။
ရောဂါလက္ခဏာပြန်ထတာက ကိုဗစ်သဘာဝဖြစ်ပြီး စမ်းသပ်မှုများပြုလုပ်စဉ်ကလည်း အလားတူဗိုင်းရပ်စ်ပြန်လည်ပေါ်ပေါက်ခြင်းဖြစ်ပေါ်တတ်ကြောင်း ဖိုင်ဇာကဖော်ပြထားပါတယ်။
ဒီလိုပြန်လည်ဖြစ်ပေါ်ရတဲ့အဓိကအကြောင်းအရင်းကို သေချာမသိရှိရသေးပေမယ့် အချို့ဆရာဝန်တွေအကြံပြုတာကတော့ ဆေးကဗိုင်းရပ်စ်ကိုလျင်မြန်စွာတိုက်ခိုက်လိုက်တာကြောင့် အချို့လူနာတွေရဲ့ကိုယ်ခံအားစနစ်က အလုပ်မလုပ်ဘဲရှိနေပြီး ဗိုင်းရပ်စ်ကထပ်မံပျံ့ပွားတာဖြစ်ပါတယ်။
ဒီလိုဖြစ်ပေါ်ခြင်းဟာ ဗိုင်းရပ်စ်နဲ့သက်ဆိုင်ပြီး ပက်ဇ်လိုဗစ်နဲ့မသက်ဆိုင်ကြောင်း၊ အဆိုပါဆေးသောက်သုံးတဲ့လူတွေရော မသောက်သုံးတဲ့သူတွေမှာပါ ရောဂါပြန်ထခြင်းမျိုးတွေ့ရှိရကြောင်း ဖိုင်ဇာမှ ထုတ်လုပ်ရေးအရာရှိချုပ်'ဝီလီယံပေါင်'က ပြောကြားသွားပါတယ်။
ပက်ဇ်လိုဗစ်ဆေး ၅ ရက်တာကုသရခြင်းကို နောက်ထပ်တစ်ကြိမ်ကုသခြင်းမျိုး ဒါမှမဟုတ် ၁၀ ရက်တာကုသခြင်းမျိုးက အကျိုးသက်ရောက်မှုမရှိဘူးလို FDA က ပြောခဲ့ပေမယ့် ပက်ဇ်လိုဗစ်ကတော့ နောက်ထပ်တစ်ကြိမ် ၅ ရက်ကုသခြင်းက ဗိုင်းရပ်စ်ကိုဖယ်ရှားပေးနိုင်ကြောင်း အမှုဆောင်ချုပ်'အယ်လ်ဘတ်ဘိုလာ'က ဆိုပါတယ်။
အမေရိကန်မှာ ပက်ဇ်လိုဗစ်ဆေးတွေကို ကိုဗစ်ရောဂါပြင်းထန်စွာခံစားရနိုင်တဲ့သူများ၊ အသက် ၆၅ နှစ်နဲ့အထက်လူကြီးများ၊ အခြားရောဂါအခံရှိသူတွေမှာ သုံးစွဲဖို ခွင့်ပြုထားပါတယ်။
Source: The Straits Times 15 Sunday
#Yangon_Media_Group
Page 829 of 929