#World_News
Published 27 December 2024
▪️ ကြာသပတေးနေ့က ယီမင်နိုင်ငံ ဆာနားအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ဖြစ်ပွားခဲ့တဲ့ လေကြောင်းဗုံးကျဲတိုက်ခိုက်မှုတစ်ခုကနေ WHO ညွှန်ကြားရေးမှူးချုပ် တက်ဒရိုစ်အက်ဒါနွမ်ဂေဘရီယေဆပ်စ် သီသီလေး လွတ်မြောက်ခဲ့ကာ အနည်းဆုံး လူ ၂ ဦးသေဆုံးခဲ့ပါတယ်။
▪️ တိုက်ခိုက်မှုဖြစ်တဲ့အချိန်မှာ တက်ဒရိုစ်နဲ့အတူ ကုလသမဂ္ဂ(UN)နဲ့ WHOမှ အပေါင်းအပါများ လေယာဉ်ပေါ်သို့ တက်ရောက်တော့မှာဖြစ်ပြီး လေယာဉ်ဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
▪️ WHOအကြီးအကဲ ဂေဘရီယေဆပ်စ်က X ဆိုရှယ်မီဒီယာမှာ ဖော်ပြထားရာမှာ "ဖမ်းဆီးခံ UNဝန်ထမ်းများ လွှတ်ပေးရေး ညှိနှိုင်းရန်နဲ့ ယီမင်မှာ ကျန်းမာရေးနဲ့ လူသားချင်းစာနာမှု အခြေအနေသုံးသပ်ရန် အလုပ်တာဝန်များ ပြီးဆုံးခဲ့ပါတယ်။ ဖမ်းဆီးထိန်းသိမ်းခံများ ချက်ချင်းလွှတ်ပေးရန် ဆက်ပြီးတောင်းဆိုပါတယ်။
▪️ ကျွန်ုပ်တို့ ဆာနားကနေ လေယာဉ်စီးတော့မယ့်အချိန်မှာ လေဆိပ်ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။ လေဆိပ်မှ အနည်းဆုံးလူ ၂ ဦးသေဆုံးခဲ့ပြီး ကျွန်ုပ်တို့ရဲ့ လေယာဉ်ဝန်ထမ်းတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
▪️ လေကြောင်း ထိန်းချုပ်ရေးမျှော်စင်၊ ကျွန်ုပ်တို့နဲ့ မီတာအနည်းငယ်သာ ကွာဝေးတဲ့ ထွက်ခွာခရီးသည်ဧည့်ခန်း၊ ပြေးလမ်းတို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။ မထွက်ခွာခင်မှာ ပျက်စီးသွားတာတွေကို ပြန်လည်ပြုပြင်ရန် စောင့်ဆိုင်းရပါမယ်။ ကျွန်ုပ်တို့ရဲ့ UN နဲ့ WHO အပေါင်းအပါများ ဘေးကင်းပါတယ်။ မိသားစုဝင်များဆုံးရှုံးခဲ့ရသူတွေ အတွက်တော့ ဝမ်းနည်းပူဆွေးမိပါတယ်"လို့ တွေ့ရပါတယ်။
▪️ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး အန်တိုနီယိုဂူတာရက်စ်က တိုက်ခိုက်မှုကို ရှုတ်ချလိုက်ကာ နိုင်ငံတကာ စည်းမျဉ်းဥပဒေများကို လေးစားကြရန် တောင်းဆိုလိုက်ပြီး အရပ်ဖက်နဲ့ လူသားချင်းစာနာမှု လုပ်သားများကို ဘယ်တော့မှ ပစ်မှတ်ထားခြင်းမပြုရန် အလေးပေးပြောသွားပါတယ်။
▪️ ဂူတာရက်စ်က ယီမင်နဲ့ အစ္စရေးလ်တို့ကြား လတ်တလော စစ်ရေးတင်းမာမှုတွေကို စိတ်မကောင်းဖြစ်မိကာ ဆာနားလေဆိပ်၊ ပင်လယ်နီဆိပ်ကမ်းများနဲ့ ယီမင်ရှိ ဓာတ်အားစခန်းများမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားတာတွေက အချက်ပေးသံဖြစ်တယ်လို့ X မှာ ဖော်ပြထားပါတယ်။
▪️ ယီမင်အတွင်းပိုင်းနဲ့ အနောက်ကမ်းရိုးတန်းတို့မှ ဟူသီအဖွဲ့များ ပိုင်ဆိုင်တဲ့ စစ်ရေးပစ်မှတ်များကို အစ္စရေးလ်လေတပ်က တိုက်ခိုက်မှုများ ပြုလုပ်ခဲ့တယ်လို့ အစ္စရေးလ်ကာကွယ်ရေးတပ် (IDF)က ဆိုပါတယ်။
▪️ ဟူသီတို့ စစ်ရေးလှုပ်ရှားမှုများအတွက် အသုံးပြုနေတဲ့ အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်ခဲ့ကာ ဆာနားအပြည်ပြည်ဆိုင်ရာ လေဆိပ်နဲ့ ဟက်ဇ်ယက်ဇ်နဲ့ ရက်စ်ကာနာတစ်ဓာတ်အားစခန်းတို့ အပါအဝင် အနောက်ကမ်းရိုးတန်းမှ ဆိပ်ကမ်းများလည်း ပစ်မှတ်ခဲ့ပါတယ်။
#Source: ANI News
#World_Health
Published 27 December 2024
▪️ လမ်းကြောင်းနေရာများ စဉ်းစားသုံးသပ်ပြီး အလုပ်လုပ်ရတဲ့ တက္ကစီယာဉ်မောင်းတွေနဲ့ လူနာတင်ကားယာဉ်မောင်းတွေဟာ အယ်လ်ဇိုင်းမားရောဂါကြောင့် ဆုံးပါးမှုနှုန်းမှာ အနည်းဆုံးအနေအထား ရှိနေကြတယ်လို့ အမေရိကန်မှ သေဆုံးမှုအချက်အလက် ဆန်းစစ်ချက်အရ သိရပါတယ်။
▪️ အလုပ်အကိုင် အခြေအနေကြောင့် အသက်ဆုံးပါးခဲ့ရတဲ့ လူပေါင်း ၉ သန်းနီးပါးမှာ အယ်လ်ဇိုင်းမားကြောင့် သေဆုံးသူ ၃.၈၈ ရာခိုင်နှုန်းရှိပြီး အဆိုပါယာဉ်မောင်းတွေမှာတော့ အယ်လ်ဇိုင်းမားကြောင့် သေဆုံးမှုနှုန်းက တက္ကစီယာဉ်မောင်းတွေက ၁.၀၃ ရာခိုင်နှုန်း၊ လူနာတင်ကား ယာဉ်မောင်းတွေက ၀.၇၄ ရာခိုင်နှုန်းရှိနေတယ်လို့ ဘော့စ်တွန် ဟားဗတ်ဆေးတက္ကသိုလ်နဲ့ မာဆာချူဆက်စ်အထွေထွေဆေးရုံမှ ဆရာဝန် အန်နျူပမ်ဂျီနာဦးဆောင်တဲ့ သုတေသနမှာ တွေ့ရပါတယ်။
▪️ အသက်အရွယ်နဲ့ အခြားအခြေအနေများ ထည့်သွင်းစဉ်းစားပြီးနောက် အလုပ်အကိုင်ပေါင်း ၄၄၃ မျိုးထဲမှာမှ အဆိုပါယာဉ်မောင်းတွေဟာ အယ်လ်ဇိုင်းမားကြောင့် ဆုံးပါးမှုအနည်းဆုံးသူတွေ ဖြစ်နေပါတယ်။
▪️ အခြားဒီမန်ရှာလက္ခဏာတွေက အယ်လ်ဇိုင်းမားနဲ့ သိပ်ပြီးမဆက်စပ်သလို လမ်းကြောင်းနေရာ သိပ်ပြီးမစဉ်းစားရတဲ့ အခြားပို့ဆောင်ရေး အလုပ်တွေက တက္ကစီနဲ့ လူနာတင်ကား ယာဉ်မောင်းတွေနဲ့လည်း သိပ်ပြီး မဆက်စပ်ပါဘူး။
▪️ ဟစ်ပိုကမ်ပက်စ်ဆိုတဲ့ ဦးနှောက်ထဲက နေရာတစ်ခုက လမ်းကြောင်းအကွာအဝေးတွေနဲ့ ဆက်စပ်တဲ့ နေရာဖြစ်ပြီး အယ်လ်ဇိုင်းမားရောဂါဟာ ဟစ်ပိုကမ်ပက်စ် ကျုံ့သွားတာနဲ့ သက်ဆိုင်နေပါတယ်။
▪️ အလုပ်အကိုင် အမျိုးအစားတွေက အယ်လ်ဇိုင်းမားကြောင့် သေဆုံးနိုင်ခြေကို သက်ရောက်နေနိုင်ပြီး ဦးနှောက်လှုပ်ရှားမှုများဖြင့် ကာကွယ်နိုင်မလားဆိုတာကို လေ့လာဖို့ အရေးကြီးကြောင်း ဂျီနာက ပြောပါတယ်။
▪️ တက္ကစီယာဉ်မောင်းများ ကွယ်လွန်တဲ့ ပျမ်းမျှအသက်က ၆၈ နှစ်နဲ့ လူနာတင်ကားယာဉ်မောင်းတွေက ၆၄ နှစ်ရှိကာ ၇၀ ရာခိုင်နှုန်းလောက်က ပညာရေးမှာ အထက်တန်းကျောင်းနဲ့ ဒီထက်နိမ့်တဲ့ အနေအထား ရှိကြပါတယ်။
▪️ အဆိုပါ ယာဉ်မောင်းတွေဟာ အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေ မများပေမယ့် အလုပ်နားပြီးနောက်မှာတော့ ရောဂါလက္ခဏာတွေ ဖြစ်မလာနိုင်တဲ့အနေအထားတော့ မဟုတ်ဘူးလို့ ပြောသွားပါတယ်။
#Source: MedPage Today
#World_Health
Published 27 December 2024
▪️ အမျိုးသမီးတွေမှာ ဆံပင်ကျွတ်ခြင်းပြဿနာ အဖြစ်များပြီး အလွန်အကျံ ဆံပင်ကျွတ်တာကတော့ ကျန်းမာရေး နောက်ခံကိစ္စတွေ ရှိနေတဲ့သဘော ဖြစ်ပါတယ်။
▪️ ဆံပင်ကျွတ်ရတဲ့ အကြောင်းအရင်း များစွာရှိနေကာ စောစီးစွာ သိရှိပါမှ ဆံပင်ပါးခြင်းမှ ကာကွယ်နိုင်ကာ ဆံကေသာ ကျန်းမာသန်စွမ်းစေမှာ ဖြစ်ပါတယ်။
(၁) ဟော်မုန်းမညီမျှခြင်း
▪️ အမျိုးသမီးမှာ ဆံပင်ကျွတ်ရခြင်း အဓိကအကြောင်းအရင်းတစ်ခုက ဟော်မုန်းအတက်အကျတွေ ဖြစ်ပြီး ဟော်မုန်းတွေက ဆံကေသာ ကြီးထွားမှုစက်ဝန်းကို ထိန်းညှိရာမှာ အရေးပါပါတယ်။
▪️ ဟော်မုန်းကြောင့် ဆံပင်ကျွတ်ခြင်းကို သင့်လျော်တဲ့ ကုသမှုဖြင့် ထိန်းချုပ်နိုင်ပါတယ်။
▪️ ဦးရေပြားမှာ ဆံပင်ကျဲလာပြီး မလိုလားတဲ့နေရာတွေမှာ အမွှေးထွက်လာစေတဲ့ အန်ဒရိုဂျင်ဟော်မုန်းတွေ များလာတဲ့ PCOSရောဂါ၊ ကလေးမွေးပြီးနောက် အီစထရိုဂျင်ဟော်မုန်း ကျဆင်းသွားတဲ့ အခြေအနေ၊ ဟော်မုန်းအပြောင်းအလဲ ဖြစ်ပြီး ဆံပင်ကြီးထွားမှုကို ထိခိုက်စေတဲ့ သိုင်းရွိုက်ရောဂါများ၊ ဆံပင်မွေးညင်းပေါက်များ အားနည်းလာတဲ့ မီးယပ်သွေးဆုံးချိန်တို့မှာ အဖြစ်များပါတယ်။
(၂) အာဟာရဓာတ်ချို့တဲ့ခြင်း
▪️ မရှိမဖြစ် အာဟာရဓာတ်များ ချို့တဲ့ပါက ဆံပင်မွေးညင်းပေါက်များ အားနည်းစေပြီး ဆံပင်ကျွတ်စေပါတယ်။
▪️ အဓိကအားဖြင့် သံဓာတ်၊ ပရိုတိန်း၊ ဗိုက်တာမင်-ဒီ၊ ဇင့်နဲ့ ဘိုင်အိုတင်ဓာတ်များ ချို့တဲ့ခြင်းကြောင့် ဆံပင်ကျွတ်ခြင်း၊ ကြီးထွားမှုနှောင့်နှေးခြင်း၊ ဆံပင်ပါးခြင်း၊ ဆံပင်ကျိုးပဲ့ခြင်းတို့ ဖြစ်နိုင်ပါတယ်။
(၃) ဖိစီးမှုနဲ့ နေထိုင်စားသောက်မှုပုံစံများ
▪️ ရုပ်ပိုင်းဆိုင်ရာဖြစ်ဖြစ် စိတ်ပိုင်းဆိုင်ရာဖြစ်ဖြစ် ဖိစီးမှုဖြစ်တဲ့အခါ ဆံပင်ဖွံ့ဖြိုးမှုစက်ဝန်းကို ထိခိုက်စေပြီး ဆံကေသာ ကျွတ်စေပါတယ်။
▪️ ကော်တီဆောလ် မြင့်မားလာခြင်းကြောင့် စိတ်ဖိစီးမှု၊ အိပ်ရေးပျက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းပါးသဖြင့် သွေးလည်ပတ်မှု အားနည်းခြင်းတို့က ဆံကေသာ ကျန်းမာရေးကိုပါ ထိခိုက်စေပါတယ်။
(၄) ဆံပင်အလှပြင်ခြင်းနဲ့ ဓာတုဆေးများ
▪️ ဆံကေသာ ပြုပြင်အလှဆင်ခြင်းတို့ကြောင့် ဆံပင်ပျက်စီးဆုံးရှုံးကြရပါတယ်။
▪️ ဆံပင်ကို အပူဓာတ်နဲ့ ထိတွေ့ခြင်း၊ ဓာတုပစ္စည်းများ အသုံးပြုခြင်း၊ ဆံပင်စည်းသဖြင့် တင်းကြပ်ခြင်းတို့ကြောင့် ဆံပင်ဆုံးရှုံးစေပါတယ်။
(၅) ရောဂါပြဿနာများ
▪️ အချို့သော ရောဂါလက္ခဏာများနဲ့ ဆေးဝါးများက ဆံပင်ဆုံးရှုံးစေပါတယ်။
ကိုယ်ခံအားစနစ်က ဆံပင်မွေးညင်းပေါက်များကို တိုက်ခိုက်ကာ ဆံပင်အကွက်လိုက် ဆုံးရှုံးစေတဲ့ Alopecia areata ၊ မှိုရောဂါကူးစက်မှုကြောင့် ဦးရေပြားထိခိုက်စေတဲ့ ရောဂါများ၊ ကင်ဆာ သွေးတိုးနဲ့ စိတ်ကျရောဂါတို့အတွက် ဆေးဝါးတွေဟာ ဘေးထွက်ဆိုးကျိုး ဖြစ်ပေါ်စေနိုင်ပါတယ်။
(၆) အမျိုးသမီးတွေမှာ အသက်ကြီးလာတာနဲ့အမျှ ဆံပင်ပါးလာတဲ့ မျိုးဗီဇအခြေအနေ
(၇) ရုတ်တရက် ကိုယ်အလေးချိန်ကျခြင်းနဲ့ ကျန်းမာရေးမညီညွတ်တဲ့ အစားအသောက်တွေကြောင့် အာဟာရဓာတ်များ ချို့တဲ့လာပြီး ဆံပင်ဖွံ့ဖြိုးမှုချို့ယွင်းစေပါတယ်။
(၈) ပတ်ဝန်းကျင် အနေအထားတွေဖြစ်တဲ့ လေထုညစ်ညမ်းခြင်း၊ ခရမ်းလွန်ရောင်ခြည် ထိတွေ့ခြင်း၊ သတ္တုဓာတ်များတဲ့ရေနဲ့ ထိတွေ့ခြင်းတို့ကြောင့် ဦးရေပြား ထိခိုက်စေပါတယ်။
▪️ အမျိုးသမီးတွေမှာ ဆံပင်ကျွတ်ရတဲ့ အကြောင်းအရင်းတွေကို သိရှိအောင်လုပ်ပြီး ဆံပင်ကျွတ်ခြင်းမှ ထိရောက်စွာ ကာကွယ်နိုင်ပါတယ်။
#Source: DoctorNDTV
တရုတ်နိုင်အနောက်တောင်ပိုင်း စီချွမ်ပြည်နယ် ရှီချွမ်မြို့ရှိ ဓာတ်အားလိုင်းများမှ ရေခဲများကို ဖယ်ရှားရန် စက်ရုပ်များကို ပထမဆုံးအကြိမ် ဖြန့်ကျက်အသုံးပြုခဲ့ပြီး ရေခဲရှင်းထုတ်ခြင်းလုပ်ငန်းတွေမှာ ဘေးကင်းမှုနဲ့ ထိရောက်မှုတို သိသိသာသာ တိုးတက်လာစေပါတယ်။
#Asia_Technology
Published 26 December 2024
#ရေခဲရှင်းထုတ်ခြင်းလုပ်ငန်း #စက်ရုပ်များနဲ့ဖယ်ရှား
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 26 December 2024
၁။ လာမည့်နှစ်တွင် ဝါဂွမ်းများကို ဗီယက်နမ်နှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံဈေးကွက်များသို့ တိုးမြှင့်တင်ပို့မည်
၂။ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၌ ခရစ္စမတ်နှင့်နှစ်သစ်ကူးပွဲတော်ကျင်းပနေ
၃။ ကျိုက်ထီးရိုးစေတီတော်သို့ ဘုရားဖူးသုံးသောင်းခန့်ဝင်ရောက်
၄။ ဓာတ်အားလိုင်းများပေါ်တွင်တင်နေသည့် ရေခဲများအား စက်ရုပ်များသုံးပြီး ပထမဆုံးဖယ်ရှား ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 26 December 2024
▪️ ယူနိုက်တက်အဲလိုင်းစ်မှ လေယာဉ်တစ်စင်းဟာ ဟာဝိုင်အီ မာဝီကျွန်းမှာ ဆိုက်ရောက်ပြီးနောက် လေယာဉ်ဘီးသိမ်းရာနေရာမှာ လူအလောင်းတစ်ခု တွေ့ရှိခဲ့တယ်လို့ လေကြောင်းလိုင်းက ပြောပါတယ်။
▪️ အင်္ဂါနေ့မွန်းလွဲပိုင်းက ချီကာဂိုမှ ကာဟူလူဝီလေဆိပ်သို့ သွားတဲ့ United Flight 202 ခရီးစဉ် ဆိုက်ရောက်ချိန်မှာ လေယာဉ်ဆင်းသက်ဂီယာ တပ်ဆင်ထားတဲ့ နေရာတွေထဲကတစ်ခုမှာ အလောင်းကို တွေ့ရှိခဲ့တာဖြစ်ကြောင်း လေကြောင်းလိုင်းဝက်ဘ်ဆိုက်မှာ ဖော်ပြထားပြီး သေဆုံးသွားသူရဲ့ အသေးစိတ်အကြောင်းတော့ မသိရပါဘူး။
▪️ ထိုနေရာဟာ လေယာဉ်အပြင်ဘက်ကနေသာ ဝင်ရောက်နိုင်ပြီး ထိုလူက လေယာဉ်ဘီးသိမ်းရာနေရာသို့ ဘယ်အချိန်မှာ ဘယ်လိုရောက်ရှိခဲ့လဲဆိုတာ သေချာမသိရပါဘူး။
▪️ ယူနိုက်တက်အဲလိုင်းစ်က အာဏာပိုင်များနဲ့အတူ စုံစမ်းစစ်ဆေးနေပြီး ဖက်ဒရယ်လေကြောင်းကွပ်ကဲရေးကတော့ တုံ့ပြန်ပြောကြားခြင်း မရှိသေးပါဘူး။
▪️ လေယာဉ်ဘီးတွေနဲ့ ကုန်ပစ္စည်းတွေထားတဲ့ နေရာတွေဟာ လေဖိအားပုံမှန်မဟုတ်ဘဲ ခိုးစီးသူတွေအနေနဲ့ အပူချိန် အနုတ် ၅၀ မှ ၆၀ ဒီဂရီဆဲလ်စီးယပ်စ်ကြား ခံစားရနိုင်သလို အောက်ဆီဂျင်ပြတ်လပ်မှုနဲ့လည်း ကြုံတွေ့ရနိုင်ပါတယ်။
▪️ လေယာဉ်ဘီးတွေကနေ လိုက်ပြီးခိုးစီးသူအများစုအတွက် အသက်သေဆုံးမှုအန္တရာယ် မြင့်မားပေမယ့် အသက်ရှင်ကျန်တဲ့သူ အချို့လည်းရှိပါတယ်။
▪️ ယမန်နှစ် ပဲရစ်မြို့က အယ်လ်ဂျီးရီးယား ခရီးသည်တင်လေယာဉ်တစ်စီးရဲ့ လေယာဉ်ဘီးမှာ လူတစ်ယောက် အသက်ရှင်လျက် တွေ့ရှိခဲ့ပါတယ်။
▪️ ၂၀၂၂ ဇန်နဝါရီလက အာဖရိကမှ အမ်စတာဒမ် ရှီဖောလ်လေဆိပ်သို့ ဆိုက်ရောက်တဲ့ Cargolux ကုန်တင်လေယာဉ်တစ်စီးရဲ့ အရှေ့ခြမ်းအောက်ဘက်က ဘီးနေရာမှာ ခိုးစီးလိုက်ပါသူတစ်ဦး အသက်ရှင်လျက် တွေ့ရှိခဲ့ပါတယ်။
#Source: Reuters
#World_Health
Published 26 December 2024
▪️ ယနေ့ခေတ်မှာ လူတွေက ဖိစီးမှုလျော့ကျပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးမြှင့်တင်နိုင်မယ့် နည်းလမ်းများ ရှာဖွေလာကြပါတယ်။
▪️ အခုဆိုရင် အသံပဲ့တင်တုန်ခါမှု ကုထုံးနည်းလမ်းဟာ လူသိများလာပါတယ်။
▪️ ငြိမ်သက်သာယာတဲ့ အသံတွေနဲ့ သက်သာမှုပေးနိုင်တဲ့ တုန်ခါမှုတွေ ပေါင်းစပ်ကာ နက်နက်ရှိုင်းရှိုင်း စိတ်ပြေမှုကို ပေးစွမ်းနိုင်တဲ့ ကုထုံးတစ်မျိုး ဖြစ်ပါတယ်။
▪️ လဲလျောင်းနေတဲ့အချိန်မှာ မောင်း၊ တိဘက်ခွက်များ၊ ခေါင်းလောင်းများနဲ့ အခြားတူရိယာများရဲ့ ပဲ့တင်သံတွေကို နားထောင်ရတာ ဖြစ်ပါတယ်။
▪️ အသံနဲ့ တုန်ခါမှုတွေက ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအပေါ် ကောင်းမွန်စေတယ်လို့ ယူဆထားကာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေက အသံတုန်ခါမှုစည်းချက်အတိုင်း ပြန်လည်မျှတစေပြီး ခန္ဓာကိုယ်စွမ်းအင်ကို ထိန်းညှိပေးနိုင်ဖို့ ရည်ရွယ်ထားပါတယ်။
▪️ အသံပဲ့တင်တုန်ခါမှုနည်းလမ်းမှာ ထုတ်လုပ်တဲ့ ကြိမ်နှုန်းနိမ့် တုန်ခါမှုတွေက ဦးနှောက်လှိုင်းလှုပ်ရှားမှုတွေကို သက်ရောက်ကာ ဦးနှောက်လုပ်ဆောင်ချက် ပြေလျော့စေပြီး စိတ်ကိုပိုမိုတည်ငြိမ်စေတယ်လို့ ယူဆထားပါတယ်။
▪️ ဖိစီးမှုနဲ့ သွေးပေါင်ချိန်တို့ကို လျော့ကျစေကာ စိုးရိမ်ပူပန်မှုနဲ့ စိတ်ဓာတ်ကျခြင်း လက္ခဏာများ သက်သာစေတယ်လို့ ယုံကြည်နေကြပါတယ်။
▪️ ဒီနည်းလမ်းက ဘယ်လိုအလုပ်လုပ်လဲဆိုတော့..
(၁) ပဲ့တင်ထပ်ခြင်းနဲ့ သဟဇာတဖြစ်ခြင်း - ကြိမ်နှုန်းတစ်ခုကို ကြားတဲ့အခါ ထိုကြိမ်နှုန်းအတိုင်း စည်းချက်ညီအောင် စတင်တုန်ခါလာပြီး ခန္ဓာကိုယ်မှာ မျှခြေဖြစ်အောင် ထိန်းညှိပေးပါတယ်။
▪️ (၂) parasympathetic အာရုံကြောစနစ်လှုံ့ဆော်ခြင်း - ထိုအသံမျိုးတွေက parasympathetic ကို လှုံ့ဆော်ပေးကာ နှလုံးခုန်နှုန်း၊ ဖိစီးမှုဟော်မုန်းများ လျှော့ချပေးပြီးတော့ စိတ်ပြေလျော့စေပါတယ်။
▪️ (၃) ဖိအားလျှော့ချခြင်း - အသံလှိုင်းတွေက ခန္ဓာကိုယ်တစ်ရှူးတွေထဲထိ ဝင်ရောက်သွားကာ ကြွက်သားများ၊ အဆစ်အမြစ်များ၊ အင်္ဂါများမှာ ပြေလျော့စေပါတယ်။
▪️ ဒီကုထုံးအသုံးပြုခြင်းရဲ့ များစွာသော အကျိုးကျေးဇူးတွေထဲမှာ..
- ဖိစီးမှုလျှော့ချခြင်း
- အိပ်စက်မှုတိုးတက်စေခြင်း
- စိတ်ခံစားချက်ကျန်းမာရေး မြှင့်တင်ပေးခြင်း
- အာရုံစူးစိုက်မှုနဲ့ စိတ်ကြည်လင်ပြတ်သားခြင်း
- နာကျင်ကိုက်ခဲမှုသက်သာစေခြင်း
- ကိုယ်ခံအားစနစ်ကြံ့ခိုင်စေခြင်း
- အသိနဲ့သတိ နက်နဲစွာကျင့်ကြံနိုင်ခြင်းတို့ ရရှိစေနိုင်ပါတယ်။
▪️ ဒီနည်းလမ်းက စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ငြင်သာထိရောက်စွာ ထောက်ပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။
Source: DoctorNDTV
Page 83 of 930