#World_Health
Published 23 January 2025
▪️ အချိုဓာတ်နဲ့ ပြည့်ဝဆီ ပါဝင်မှုများတဲ့ အစားအသောက်က ဦးနှောက်အတွင်း ရောင်ရမ်းမှုဖြစ်စေကာ ဦးနှောက်ဆဲလ်များကို ထိခိုက်စေနိုင်ပြီး ဒီမန်ရှာရောဂါ ဖြစ်နိုင်ခြေများစေဖွယ်ရှိတယ်လို့ လေ့လာချက်တွေမှာ တွေ့ရှိယူဆထားကြပါတယ်။
▪️ ပြည့်ဝဆီမြင့်မားတဲ့ အသားကြီးတွေ အထူးသဖြင့် အဆင့်ဆင့် ထုပ်ပိုးထုတ်လုပ်ထားတဲ့ အသားကြီးတွေကို အစားများပါက ရံဖန်ရံခါမှ စားသုံးတာထက်ပိုပြီး ဦးနှောက်စွမ်းဆောင်ရည် ကျဆင်းခြင်းနဲ့ ဒီမန်ရှာဖြစ်နိုင်ခြင်းတို့ ဖြစ်စေနိုင်ကြောင်း တွေ့ရှိထားပါတယ်။
▪️ ဒါ့အပြင် အသားကြီးတွေက ဆီးချိုရောဂါ ဒုတိယအမျိုးအစားနဲ့ နှလုံးရောဂါတို့လည်း ဖြစ်နိုင်ခြေများစေကာ ဦးနှောက်ကျန်းမာရေး ယုတ်လျော့စေတယ်လို့လည်း ဘရစ်ဂမ်နဲ့ အမျိုးသမီးဆေးရုံမှ ဒေါက်တာ ဒေါင်ဝမ်က ပြောပါတယ်။
▪️ အသားကြီးတွေထဲမှာ အမဲသား၊ ဝက်သား၊ သိုးသားတို့ပါဝင်ပြီး အဆင့်ဆင့်ထုတ်လုပ်ထားတဲ့ အသားကြီးတွေက အရသာမှုန့်များ၊ ဓာတုပစ္စည်းများ ပါဝင်တဲ့ ဝက်ပေါင်ခြောက်၊ ဟော့ဒေါ့၊ ဝက်အူချောင်းနဲ့ အလားတူထုတ်ကုန်များ ဖြစ်ပါတယ်။
▪️ ဒါတွေစားသုံးခြင်းရဲ့ ကျန်းမာရေးဆိုးကျိုးတွေထဲမှာ ဒီမန်ရှာက ထိပ်ဆုံးကပါဝင်နေပါတယ်။
▪️ ဒီမန်ရှာဆိုတာက မှတ်ဉာဏ်စွမ်းရည်၊ အာရုံစူးစိုက်မှု၊ ပိုင်းခြားဆင်ခြင်မှုတို့ ဆုံးရှုံးလာတဲ့ အခြေအနေဖြစ်ပြီး အသားကြီးတွေကို လက်တစ်ဖဝါးစာ အရွယ်အစားရဲ့ ၄ ပုံ ၁ ပုံမျှ နေ့စဉ်စားသုံးခြင်းဖြင့် ဒီမန်ရှာဖြစ်နိုင်ခြေ ၁၃ ရာခိုင်နှုန်း ပိုများစေပါတယ်။
▪️ နောက်တစ်မျိုးက မှတ်ဉာဏ်စွမ်းရည်နဲ့ စဉ်းစားတွေးတောနိုင်စွမ်းတို့ ဆိုးရွားလာတဲ့ အခြေအနေဖြစ်ပါတယ်။
▪️ နေ့စဉ် အဆင့်ဆင့်ထုတ်လုပ်ထားတဲ့ အသားကြီးကို လက်တစ်ဖဝါးစာ အရွယ်အစားရဲ့ ၄ ပုံ ၁ ပုံမျှစားသုံးခြင်းဖြင့် ထိုအခြေအနေ ဖြစ်နိုင်ခြေ ၁၄ ရာခိုင်နှုန်းများစေပါတယ်။
▪️ ဒါ့အပြင် ထိုကဲ့သို့အသားတွေ များများစားခြင်းဖြင့် ဦးနှောက်ရဲ့ မှတ်မိနိုင်စွမ်း၊ ကျိုးကြောင်းဆင်ခြင်းမှု၊ ပြဿနာဖြေရှင်းစွမ်းရည်တို့လည်း ထိခိုက်စေကာ နေ့စဉ်စားသုံးခြင်းဖြင့် ဦးနှောက်ကို ၁.၆၁ နှစ်ခန့် အိုမင်းစေပါတယ်။
▪️ အသားကြီးစားမယ့်နေရာမှာ အခွံမာသီး၊ ပဲအမျိုးမျိုး၊ ငါးတို့စားသုံးခြင်းဖြင့် ဒီမန်ရှာဖြစ်နိုင်ခြေ လျော့နည်းစေပါတယ်။
▪️ အသားကြီးစားသုံးတဲ့အခါမှာလည်း ခပ်သေးသေးပမာဏကို ပြောင်းဂျုံဆန်များ၊ ဟင်းရွက်များ၊ အသီးအနှံများ၊ ပဲများနဲ့ စားသုံးသင့်တယ်လို့ နော့သ်ဝဲလ်ကျန်းမာရေး လီနော့စ်ဟေးလ်ဆေးရုံမှ အာဟာရပညာရှင် အက်ရှ်လေဘော်မိုလ်က ပြောသွားပါတယ်။
#Source: New York Post
တနင်္ဂနွေနေ့မှာ အစ္စရေးလ်-ဟားမတ်စ် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စတင်အသက်ဝင်လာပြီး ထောင်ချီရှိတဲ့ စစ်ဘေးရှောင် ပါလက်စ်တိုင်းအရပ်သားများ ဂါဇာတောင်ပိုင်း ရာဖာမြို့သို့ ပြန်လာချိန်မှာ ထားရစ်ခဲ့ရတဲ့ နေအိမ်တွေလုံးဝပျက်စီးနေတာကို တွေ့ရှိကြရပါတယ်။
#World_Crisis
Published 22 January 2025
#အစ္စရေးလ်-ဟားမတ်စ် #ပါလက်စ်တိုင်းအရပ်သား
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 22 January 2025
၁။ ဝင်းစိန်တောရဆရာတော်ကြီး၏ ၁၀၄ နှစ်မြောက် ဝိဇာတမွေးနေ့ပူဇော်ပွဲမနက်ဖန်ကျင်းပမည်
၂။ ပဲစဉ်းငုံလွတ်လပ်စွာတင်သွင်းခွင့် အိန္ဒိယနှစ်တိုးသတ်မှတ်လိုက်သောကြောင့် ဈေးမာလာနိုင်
၃။ ယခုနှစ်မှစတင်ကာမတ်လ ၂၁ ရက်နေ့ကို ကမ္ဘာ့ရေခဲတောင်များနေ့အဖြစ် သတ်မှတ်
၄။ နေရပ်ပြန်လာသည့် စစ်ဘေးရှောင်ပါလက်စ်တိုင်းအရပ်သားများ နေအိမ်အပျက်အစီးများသာကြုံတွေ့ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
၂၂ ဇန်နဝါရီ ၊၂၀၂၅
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အမေရိကန်ရဲ့ နိုင်ငံခြားအကူအညီပေးရေး အစီအစဉ်တွေအားလုံးကို ရက်ပေါင်း ၉၀ တိတိ ဆိုင်းငံ့လိုက်တဲ့ သမ္မတအမိန့်ကို လက်မှတ်ရေးထိုး လိုက်ပါတယ်။ သူ့အနေနှင့်အဲဒီရက်ပေါင်း ၉၀ အတွင်း အဲဒီအကူအညီတွေဟာ သူ့ရဲ့ နိုင်ငံရေးရည်မှန်းချက်တွေနှင့်ကိုက်ညီမှု ရှိမရှိ သုံးသပ်မယ်လို့ဆိုပါတယ်။
ဘာဖြစ်လို့သူအဲသလိုလုပ်ရသလဲ
-အမေရိကန်ရဲ့ နိုင်ငံခြားအကူအညီတွေဟာ အမေရိကန်ရဲ့အကျိုးစီးပွားနှင့် ကိုက်ညီမှုမရှိ၊ အမေရိကန်တန်ဖိုးတွေနှင့် ဖြောင့်ဖြောင်းကြီးဆန့်ကျင်နေလို့ဖြစ်တယ်လို့ အမိန့်မှာပါရှိပါတယ်။
-အဲဒီအစီအစဉ်တွေဟာ နိုင်ငံခြားတိုင်းပြည်တွေမှာ နိုင်ငံတွင်းနှင့်နိုင်ငံအကြားရှိ သဟဇာတနှင့် တည်ငြိမ်သော ဆက်ဆံရေးများအပေါ် တိုက်ရိုက်ဆန့်ကျင်နေသော အိုင်ဒီယာများကို မြှင့်တင် ကာ ကမ္ဘာ့ငြိမ်းချမ်းရေးကို မတည်ငြိမ်ဖြစ်အောင်လုပ်ဆောင်နေခြင်းကြောင့်ဟုဆိုပါတယ်။
ဘာတွေဖြစ်မလဲ
-အမေရိကန်ရဲ့ နိုင်ငံခြားအကူအညီအစီအစဉ်များ ချက်ခြင်းရပ်ဆိုင်းရတော့မည်။
နောက်လာမည့် အမေရိကန်၏ နိုင်ငံခြားရေးအကူအညီများသည် သမ္မတထရမ့်၏ နိုင်ငံခြားရေးမူဝါဒ နှင့် ကိုက်ညီရမည်။
-လက်ရှိအကူအညီများကို ရပ်ဆိုင်းပြီး ရက်ပေါင်း ၉၀ အတွင်းသုံးသပ်မည်။
ယင်းနောက်ဘာတွေဖြစ်မလဲ
- ပြန်လည်သုံးသပ်ပေးပြီးနောက် အကူအညီပေးရေးအစီအစဉ်များ ပြန်လည်စတင်မည်။
- နိုင်ငံခြားအကူအညီအသစ် များကို နိုင်ငံခြားရေးဝန်ကြီးက အတည်ပြုရမည်။ နိုင်ငံခြားရေးဝန်ကြီးက အစီအစဉ်များကို ရပ်ဆိုင်းခွင့်ရှိသည်။
#World_News
Published 22 January 2025
▪️ အမေရိကန်မှာ မွေးဖွားသူများ နိုင်ငံသားဖြစ်ခွင့်ကို ပြန်လည်ရုပ်သိမ်းမယ့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကြိုးပမ်းမှုကို ဒီမိုကရက်တစ်ဦးဆောင်တဲ့ ပြည်နယ်များနဲ့ အရပ်ဘက် လူ့အခွင့်အရေး အဖွဲ့အစည်းများက ပိတ်ဆို့ရန်အတွက် အင်္ဂါနေ့က တရားရုံးမှာ စွဲဆိုချက်အများအပြား တင်သွင်းခဲ့ပါတယ်။
▪️ တနင်္လာနေ့ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ရီပတ်ဘလစ်ကန်နိုင်ငံရေးသမား ထရမ့်က အမေရိကန်အေဂျင်စီများကို ညွှန်ကြားခဲ့ရာမှာ အမေရိကန်မှာ မွေးဖွားသူများအနေနဲ့ ယင်းတို့ရဲ့ အဖေ သို့မဟုတ် အမေက အမေရိကန်နိုင်ငံသား သို့မဟုတ် တရားဝင်အမြဲတမ်းနေထိုင်သူ မဟုတ်ပါက နိုင်ငံသားဖြစ်ခွင့် မပေးခိုင်းထားပါဘူး။
▪️ ကိုလံဘီယာခရိုင်၊ ဆန်ဖရန်ဆစ္စကိုမြို့နဲ့အတူ ဒီမိုကရက်တစ်ဦးဆောင်တဲ့ ပြည်နယ် ၂၂ ခုက ဘော့စ်တွန်နဲ့ ဆီအက်တယ်လ်ရှိ ဖက်ဒရယ်တရားရုံးတွေမှာ တရားစွဲဆိုချက်များ တင်သွင်းခဲ့ပြီး ထရမ့်ဟာ အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်တယ်လို့ စွပ်စွဲလိုက်ပါတယ်။
▪️ ထရမ့်ကနေ သမ္မတအမိန့်များ လက်မှတ်ရေးထိုးပြီး နာရီပိုင်းအတွင်းမှာပဲ အမေရိကန် အရပ်ဘက် လစ်ဘာတီသမဂ္ဂ၊ လူဝင်မှုကြီးကြပ်ရေး အဖွဲ့အစည်းတွေကနေလည်း အလားတူစွဲဆိုချက်မျိုး တင်သွင်းခဲ့ပါတယ်။
▪️ ထရမ့်ကြိုးပမ်းနေတဲ့ လူဝင်မှုကြီးကြပ်ရေး ဖြိုခွင်းမှုကြီးရဲ့ ဗဟိုချက်တစ်ခုကို ဦးတည်ပြီး စွဲဆိုလာကြတာ ဖြစ်ကာ ထရမ့်ညွှန်ကြားချက်အတိုင်း ဆက်ရှိနေပါက အမေရိကန်မှာ နှစ်စဉ်မွေးဖွားနေတဲ့ ကလေးပေါင်း ၁ သိန်းခွဲကျော်ဟာ နိုင်ငံသားဖြစ်ခွင့် ဆုံးရှုံးမှာဖြစ်ကြောင်း မာဆာချူဆက်စ် ရှေ့နေချုပ် အန်ဒရီယာဂျွိုင်းကမ့်ဘဲလ်ရုံးက ပြောပါတယ်။
▪️ နိုင်ငံသားဖြစ်ခွင့် ဆုံးရှုံးတဲ့သူတွေဟာ ဖက်ဒရယ်အစီအစဉ်တွေဖြစ်တဲ့ Medicaid ကျန်းမာရေးအာမခံ၊ အရွယ်ရောက်လာတဲ့အခါ ဥပဒေနည်းအရ အလုပ်လုပ်ခြင်း မဲဆန္ဒပေးခြင်းတို့ ရရှိမှာမဟုတ်ပါဘူး။
▪️ အခုလို တရားစွဲဆိုချက် တင်သွင်းရတာဟာ ပြည်သူတွေနဲ့ အခြေခံဖွဲ့စည်းပုံ ရပိုင်ခွင့်များအတွက် ရပ်တည်မယ်ဆိုတာကို ထရမ့်အစိုးရအဖွဲ့ထံ အသိပေးလိုက်တာ ဖြစ်တယ်လို့ နယူးဂျာစီ ရှေ့နေချုပ် မက်သရူးပလက်ကင်က ဖော်ပြသွားပါတယ်။
▪️ နောက်ထပ်စွဲဆိုချက်များလည်း တင်ပြလာနိုင်ဖွယ်ရှိသလို အီလွန်မက်စ်ဦးဆောင်တဲ့ အစိုးရသက်သာထိရောက်ရေးဌာနကို စွပ်စွဲထားတဲ့ အမှုတွေလည်းရှိနေပြီး အရပ်သားလုပ်သားများအတွက် ကာကွယ်ခွင့်လျော့ပါးလာစေတဲ့ ထရမ့်ရဲ့အမိန့်လည်း ပါဝင်ပါတယ်။
▪️ ယခုစွဲဆိုချက်တွေမှာ ထရမ့်ရဲ့ညွှန်ကြားချက်က အမေရိကန် အခြေခံဖွဲ့စည်းပုံ ပြင်ဆင်ဖြည့်စွက်ချက်-၁၄ နိုင်ငံသားဖြစ်ခွင့်အပိုဒ်ကို ချိုးဖောက်ရာကျတယ်လို့ ဆိုထားပါတယ်။
#Source: Reuters
#World_Science
Published 22 January 2025
▪️ အပြင်ဘက်ရေကန်တွေ၊ မြစ်၊ စမ်းချောင်းတို့မှာ တွေ့ရတဲ့ ရောဂါပိုးမွှားတစ်မျိုးဟာ နှာခေါင်းလမ်းကြောင်းကနေ ဦးနှောက်ကို တိုက်ရိုက်ထိခိုက်စေနိုင်ဖွယ် ရှိပါတယ်။
▪️ ဒီပိုးမွှားကတော့ Naegleria fowleri လို့ခေါ်ပြီး ဦးနှောက်စားသုံးအမီးဘားလို့လည်း သိကြကာ အသက်အန္တရာယ် ပေးနိုင်တဲ့ပိုးမွှားမျိုး ဖြစ်ပါတယ်။
▪️ ရှားပါးပြီး အသက်အန္တရာယ်ရှိနိုင်တဲ့ အမီးဘားဦးနှောက်အမြှေးရောင်ရောဂါ ဖြစ်စေနိုင်ပြီး အထူးသဖြင့် ငယ်ရွယ်တဲ့ယောက်ျားလေးတွေမှာ ဖြစ်တတ်ပါတယ်။
▪️ အသက်သေဆုံးမှုနှုန်း အလွန်မြင့်မားပြီး အမေရိကန် ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာရဲ့ အချက်အလက်များအရ ရောဂါဖြစ်ပွားသူ ၁၆၄ ဦးမှာ ၄ ဦးသာအသက်ရှင်ပါတယ်။
▪️ ရောဂါပိုးက ပါးစပ်ကနေ ဝင်တာမဟုတ်ဘဲ နှာခေါင်းနဲ့ အသက်ရှူလမ်းကြောင်းတို့ကနေ ဝင်ရောက်ကာ ဦးနှောက်နဲ့ ဗဟိုအာရုံကြောစနစ်တို့ကို တိုက်ရိုက်ထိခိုက်စေပါတယ်။
▪️ ရောဂါပိုးရှိနေတဲ့ရေနဲ့ နှာခေါင်းဆေးကြောမိတဲ့သူတွေမှာ အမီးဘားဝင်ရောက်လာတတ်ပါတယ်။
▪️ အမီးဘားက ရေချို၊ မြစ်၊ ရေပူစမ်း၊ စမ်းချောင်း၊ ရေကန်ရေအိုင်တွေမှာ ရှင်သန်တတ်ပြီး အထူးသတိပြုရပါမယ်။
▪️ ရေကူးတာကမှန်ပေမယ့် ခေါင်းမမြုပ်အောင်သတိထားပြီး နှာခေါင်းကို ရေမထိအောင် ဂရုပြုရပါမယ်။
▪️ ရေကူးကန်ဆိုရင်လည်း ကလိုရင်းဖြင့် သေချာပိုးသန့်စင်ထားတဲ့ရေဖြစ်အောင် လုပ်ရပါမယ်။
▪️ ဒီရောဂါက ဖြစ်နိုင်ခြေနည်းပေမယ့် ကူးစက်မိရင်တော့ အသက်အန္တရာယ်များပါတယ်။
#Source: WION
#World_Health
Published 22 January 2025
▪️ ကင်ဆာဖြစ်နိုင်ခြေ ရှိတာကြောင့် လွန်ခဲ့တဲ့ ၃၅ နှစ်နီးပါးလောက်က အလှကုန်ပစ္စည်းတွေကနေ တားမြစ်ခံခဲ့ရတဲ့ Red 3 ဆိုးဆေးကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အမေရိကန် ထိန်းသိမ်းကွပ်ကဲသူများဟာ အစားအစာထုတ်လုပ်မှုတွေကနေလည်း ပိတ်ပင်လိုက်ပါတယ်။
▪️ အစားအစာ ဘေးကင်းရေးနဲ့ ကျန်းမာရေးထောက်ခံသူ နှစ်ဒါဇင်ခန့် တင်ပြခဲ့တဲ့ ၂၀၂၂ လျှောက်တင်လွှာကို အစားအစာနဲ့ ဆေးဝါးကွပ်ကဲဦးစီးဌာန(FDA) အရာရှိများက ခွင့်ပြုလိုက်ပါတယ်။
▪️ သကြားလုံးတွေ၊ မုန့်တွေမှာ အနီရောင်တောက်တောက်ဖြစ်စေတဲ့ ဓာတုပစ္စည်း အသုံးပြုခွင့်ကို ရုပ်သိမ်းပေးဖို့ တိုက်တွန်းခဲ့ကြတာ ဖြစ်ပါတယ်။
▪️ ဒီဆိုးဆေးက ဓာတ်ခွဲခန်းကကြွက်တွေမှာ ကင်ဆာဖြစ်စေတယ်လို့ တွေ့ရှိပြီးနောက် Delaney Clause စည်းမျဉ်းအရ လူတွေနဲ့ တိရိစ္ဆာန်တွေမှာ ကင်ဆာဖြစ်စေတဲ့ မည်သည့်ဆိုးဆေးမဆို FDAမှ တားမြစ်သွားရမှာ ဖြစ်ပါတယ်။
▪️ erythrosine သို့မဟုတ် Red 3 လို့ခေါ်တဲ့ ဆိုးဆေးကို အစားအစာများ၊ ဖြည့်စွက်စာများ၊ ဆေးဝါးများမှ အသိအမှတ်ပြု ဆိုးဆေးစာရင်းကနေ ထုတ်ပယ်လိုက်ပါပြီ။
▪️ လွန်ခဲ့တဲ့ ဆယ်စုနှစ်သုံးခုကျော်လောက်က FDAဟာ Red 3 ကို အလှကုန်ပစ္စည်းများနဲ့ လိမ်းဆေးတွေမှာ အသုံးပြုခွင့် ပိတ်ပင်ခဲ့ပါတယ်။
▪️ ဓာတ်ခွဲခန်းထဲမှာ Red 3 ဆိုးဆေးမြင့်မားစွာ ထိတွေ့ခဲ့ကြတဲ့ ကြွက်ထီးတွေမှာ ကင်ဆာဖြစ်ပွားတဲ့ အထောက်အထား တွေ့ခဲ့တယ်လို့ FDA လက်ထောက်ကော်မရှင်နာ ဂျင်ဂျုန်းစ်က ပြောသွားပါတယ်။
▪️ စားစရာ ထုတ်လုပ်သူတွေအနေနဲ့ ယင်းတို့ထုတ်ကုန်တွေကနေ Red 3 ကိုဖယ်ရှားဖို့ ၂၀၂၇ ဇန်နဝါရီမတိုင်ခင်အထိ အချိန်ရထားပြီး အခြားနိုင်ငံတွေမှာတော့ အသုံးပြုခွင့်ရသေးပေမယ့် တင်သွင်းကုန်တွေကတော့ အမေရိကန် စံနှုန်းအသစ်နဲ့ ကိုက်ညီရပါမယ်။
▪️ တားမြစ်တယ်ဆိုတာမျိုးက တရားရုံးမှာရင်ဆိုင်ရမှာဖြစ်ပြီး သိပ္ပံနည်းကျ အထောက်အထား မပြနိုင်ရင် ရှုံးနိမ့်မှာဖြစ်တယ်လို့ FDA ကော်မရှင်နာ ဒေါက်တာ ရောဘတ်ကယ်လစ်ဖ်က ဒီဇင်ဘာကြားနာပွဲမှာ ပြောခဲ့ပါတယ်။
▪️ Red 3 ကို ဥရောပ၊ ဩစတြေးလျ၊ နယူးဇီလန်တို့မှာ အစားအစာတွေမှာ အသုံးပြုခွင့် ပိတ်ပင်ထားပါတယ်။
#Source: India Today
Page 63 of 929