#World_News
Published 28 March 2025
▪️ အမေရိကန်က ယခုသီတင်းပတ်အတွင်း တက်ဖ်တက္ကသိုလ်မှ တူရကီကျောင်းသူတစ်ဦးကို ထိန်းသိမ်းခဲ့ကာ ဗီဇာရုပ်သိမ်းလိုက်ပြီးနောက် နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ နောက်ထပ် ဗီဇာ ၃၀၀ ကျော်လောက်ကို ထပ်သိမ်းသွားနိုင်ဖွယ်ရှိပြီး အစိုးရက ဒီလိုအစွန်းရောက်တွေကို နေ့စဉ်နဲ့အမျှ ရှာဖွေနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ကြာသပတေးနေ့မှာ ပြောပါတယ်။
▪️ အင်္ဂါနေ့ညနေက မာဆာချူဆက်စ် ဆိုမာဗီးလ်မှာ တူရကီကျောင်းသူ ရူမေဆာအော့ဇ်တုခ်ကို မျက်နှာဖုံးတပ်အေးဂျင့်တွေ ဖမ်းဆီးထိန်းသိမ်းလိုက်တာနဲ့ ပတ်သက်ပြီး မေးမြန်းကြတာကို ရူဘီယိုက ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
▪️ ဒါဟာ ဂါဇာစစ်ပွဲမှာ ပါလက်စ်တိုင်းတွေကို ထောက်ခံကြောင်း ထုတ်ဖော်ခဲ့တဲ့ နိုင်ငံခြားကျောင်းသားတစ်ဦးကို အမေရိကန်အစိုးရမှ ဖမ်းဆီးထိန်းသိမ်းလိုက်တာ ဖြစ်ပါတယ်။
▪️ "ဗီဇာ ၃၀၀ ကျော်လောက်ရှိနိုင်ပါတယ်။ နေ့စဉ်နဲ့အမျှ ရှာဖွေနေပြီး တွေ့တာနဲ့ ဗီဇာသိမ်းလိုက်ပါတယ်" လို့ ရူဘီယိုက ပြောသွားပါတယ်။
▪️ ကျောင်းသားများအနေနဲ့ ရုန်းရင်းဆန်ခတ်မှာ ပါဝင်တာတွေ၊ ကျောင်းတွေမှာ လက်သရမ်းတာတွေ၊ နှောင့်ယှက်တာတွေပြုလုပ်ပါက ယခင်ထုတ်ပေးခဲ့တဲ့ ဗီဇာမှန်သမျှ ပြန်သိမ်းသွားမယ်လို့ ဆိုပါတယ်။
▪️ အော့ဇ်တုခ်အနေနဲ့ ဒီလိုလုပ်ရပ်တွေမှာ ပါဝင်ခဲ့သလားဆိုတာကိုတော့ မပြောသွားပါဘူး။
▪️ အော့ဇ်တုခ်အဖမ်းခံရတာဟာ ဥပဒေနဲ့မညီဘူးလို့ သူမရှေ့နေက စွဲချက်တင်ထားပါတယ်။
▪️ ရှေ့နေ မာဆာခန်ဘာဘေက အော့ဇ်တုခ်ဟာ လွတ်လပ်စွာ ပြောဆိုခွင့်ရှိတဲ့အပေါ် ပစ်မှတ်ထားခံခဲ့ရတာ ဖြစ်တယလို့ ပြောပါတယ်။
▪️ ဝေဖန်သူတွေကလည်း ဒါဟာ လွတ်လပ်စွာပြောဆိုခွင့်အပေါ် ကျူးလွန်တဲ့ဖြစ်ရပ်လို့ ရှုတ်ချထားပါတယ်။
▪️ ရူဘီယိုက "ကျွန်ုပ်တို့ ရှင်းထုတ်နေတဲ့သူတွေဟာ ဆန္ဒပြသူတွေမဟုတ်ဘဲ ဖျက်လိုဖျက်ဆီးလုပ်တဲ့သူတွေ ဖြစ်ပါတယ်။ ကောလိပ်ကျောင်းဝင်းတွေကို အပိုင်စီးပြီး ကျောင်းသားတွေကို နှောင့်ယှက်နေကြပါတယ်။ ဒါဟာ ဆန္ဒထုတ်ဖော်တာထက် ကျော်လွန်နေပါတယ်" လို့ ဆူရီနမ် မီဒီယာကွန်ဖရန့်စ်တစ်ခုမှာ ပြောသွားပါတယ်။
#Source: Reuters
#World_Science
Published 28 March 2025
▪️ တရုတ်သိပ္ပံပညာရှင်တွေက မူလစိန်တွေထက် ၄၀ ရာခိုင်နှုန်း ပိုမိုမာကျောပြီး များစွာခံနိုင်ရည်ရှိတဲ့ စူပါစိန်ကို ဖန်တီးလိုက်ပါတယ်။
▪️ ဒါဟာ စိန်တွေအပေါ် မှီခိုလုပ်ကိုင်နေရတဲ့ လုပ်ငန်းတွေအတွက် တိုးတက်မှုကြီး ဖြစ်လာနိုင်တယ်လို့ ပညာရှင်များ ဆိုလာပါတယ်။
▪️ အခုအချိန်အထိတော့ အမာကျောဆုံး စိန်တွေကို ဂြိုဟ်မွှားတိုက်မိခြင်းကြောင့်ဖြစ်လာတဲ့ နေရာတွေမှာ ရှားပါးစွာတွေ့ရပြီး အလွန်သေးငယ်ရှားပါးပါတယ်။
▪️ သဘာဝစိန်တွေနဲ့ ပြုလုပ်တဲ့စိန်အများစုက ကုဗပုံသဏ္ဍာန်ရှိကြပေမယ့် ထိုနေရာတွေမှာတွေ့ရတဲ့ စိန်တွေကတော့ ဆဌဂံပုံစံရှိကာ lonsdaleiteလို့ခေါ်ပါတယ်။
▪️ ဆဌဂံစိန်တွေရဲ့ အရွယ်အစားကြောင့် သိပ်ပြီးမလေ့လာနိုင်ပေမယ့် သုတေသီတွေက အလွန်ဖိသိပ်အားမြင့် ဂရပ်ဖိုက်တွေကို အပူပေးပြီး သန့်စင်အောင် ပြုလုပ်ခဲ့ကြပါတယ်။
▪️ သူ့ရဲ့ အပူခံနိုင်ရည်နဲ့ မာကျောမှုတို့ကြောင့် လုပ်ငန်းတွေအတွက် အလားအလာများစွာ ရှိနေတယ်လို့ တရုတ်ပြည် ကျိလင်တက္ကသိုလ်မှ လျူပင်ပင်နဲ့ ယောင်မင်ကွမ်ဦးဆောင်တဲ့ သုတေသီတွေက ဆိုပါတယ်။
▪️ စူပါစိန်တွေက အပူချိန်ခံနိုင်ရည် ၁,၁၀၀ ဒီဂရီဆဲလ်စီးယပ်စ်အထိ ရှိပြီး မာကျောမှုခံနိုင်ရည်က ၁၅၅ ဂစ်ဂါပါစကယ်ရှိပါတယ်။
▪️ ဒီစိန်တွေက အရည်အသွေးရှားပါးပေမယ့် ကျောက်မျက်ရတနာဆိုင်တွေမှာရောင်းတဲ့ သဘာဝစိန်တွေထက် ဈေးပိုကြီးမှာ မဟုတ်ဘူးလို့ ကာဒစ်ဖ်တက္ကသိုလ်မှ ပရော်ဖက်ဆာ အိုလီဗာဝီလီယံက ပြောပါတယ်။
▪️ လုပ်ငန်းသုံးဖို့အတွက်ဆိုရင် သဘာဝစိန်တွေထက် များစွာဈေးသက်သာမှ ဖြစ်ပါမယ်။
▪️ စူပါစိန်တွေသာ ဈေးကြီးတယ်ဆိုရင် ကျယ်ကျယ်ပြန့်ပြန့် သုံးမှာမဟုတ်ဘူးလို့ ဝါဝစ်တက္ကသိုလ်မှ တွဲဖက်ပရော်ဖက်ဆာ ဘင်ဂရင်းက ပြောပါတယ်။
#Source: Metro
#World_Health
Published 28 March 2025
▪️ ပီကေဝါခြင်းက ဦးနှောက်သို့ သွေးစီးဆင်းမှုကောင်းစေပြီး နိုးကြားမှု၊ အာရုံစူးစိုက်မှု၊ ဦးနှောက်အသိဉာဏ် လုပ်ဆောင်ချက်တို့ကို မြှင့်တင်ပေးနိုင်တယ်လို့ သိထားကြပါတယ်။
▪️ ဦးနှောက်အတွက် အကျိုးရှိစေမယ့် နောက်ထပ်ပစ္စည်းက သစ်သားဖြစ်တယ်လို့ တောင်ကိုရီးယားသုတေသီများ တွေ့ရှိခဲ့ကြပါတယ်။
▪️ သစ်သားလျှာဖိတံကို ၅ မိနစ်ကြာအောင် ကိုက်ထားပါက ဦးနှောက်ထဲက အဓိက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ဂလူတာသိုင်အုန်းကို မြင့်တက်စေတယ်လို့ တွေ့ရှိလာပါတယ်။
▪️ ဒီလေ့လာချက်အတွက် တောင်ကိုရီးယား ဒယ်ဂူမှ ကျန်းမာရေးကောင်းတဲ့ တက္ကသိုလ်ကျောင်းသား ၅၂ ဦးကို အဖွဲ့ ၂ဖွဲ့ခွဲခဲ့ပါတယ်။
▪️ ၂၇ ဦးကို ရေနံဖယောင်းပီကေ ပေးခဲ့ပြီး ကျန်တဲ့သူတွေကို ရေခဲချောင်းတုတ်တံတွေ ပေးခဲ့ပါတယ်။
▪️ ပါးစောင်းညာဘက်မှာ စက္ကန့် ၃၀ ကြာအောင် ဝါးစေပြီး စက္ကန့် ၃၀ နားခိုင်းကာ စုစုပေါင်း ၅ မိနစ်အတွင်း တလှည့်စီ ပြုလုပ်စေပါတယ်။
▪️ သုတေသီတွေက သံလိုက်ပဲ့တင် ရောင်စဉ်တိုင်းကိရိယာဖြင့် ဦးနှောက်ထဲက ဂလူတာသိုင်အုန်း ပြော်ငးလဲမှုများကို တိုင်းတာခဲ့ပါတယ်။
▪️ ပါဝင်စမ်းသပ်သူတွေကို မဝါးခင်နဲ့ ဝါးပြီးနောက်မှာ ဦးနှောက်အသိဉာဏ် စမ်းသပ်မှုပြုလုပ်ခဲ့ပါတယ်။
▪️ သစ်သားတုတ်တံဝါးတဲ့သူတွေက ဂလူတာသိုင်အုန်း ပိုမိုမြင့်တက်ခဲ့ပြီး စမ်းသပ်မှုရလဒ် ပိုကောင်းခဲ့ပါတယ်။
▪️ ဒါကြောင့် အတန်သင့်မာကျောတဲ့ ပစ္စည်းတွေကို ဝါးခြင်းက ဦးနှောက်ထဲမှာ ဂလူတာသိုင်အုန်း မြင့်တက်ခြင်းနဲ့ ဆက်စပ်နေနိုင်တယ်လို့ ယူဆလာကြတာ ဖြစ်ပါတယ်။
▪️ ဂလူတာသိုင်အုန်း မြင့်တက်တဲ့အခါ ဦးနှောက်ထဲ သွေးစီးဆင်းမှု ကောင်းမွန်စေပါတယ်။
▪️ သွေးစီးဆင်းမှုကောင်းတဲ့အခါ ဦးနှောက်တစ်ရှူးတွေထဲသို့ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်များ ရောက်ရှိစေပါတယ်။
▪️ ဝါးစားလို့ရမယ့် အစားအစာတွေအနေနဲ့ မုန်လာဥနီစိမ်း၊ နံနံပင်၊ ဗာဒံစေ့၊ သီဟိုဠ်စေ့တို့ ရှိပါတယ်။
#Source: New York Post
တရုတ်စီးပွားကူးသန်းဝန်ကြီး ဝမ်ဝင်ထောင်က တရုတ်ပြည်သို့ လာရောက်လည်ပတ်တဲ့ Appleစီအီးအို တင်မ်ကွတ်ခ်နဲ့ ပေကျင်းမှာ တနင်္လာနေ့က တွေ့ဆုံခဲ့ကြောင်း စီးပွားကူးသန်းဌာနက ထုတ်ပြန်လိုက်ပါတယ်။
#World_Development
Published 27 March 2025
#တရုတ်-အမေရိကန် #Appleစီအီးအို
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 27 March 2025
၁။ သင်္ကြန်ကာလအတွင်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ယဉ်ကျေးမှုဇုန်များ ဖွင့်လှစ်ပေးထားမည်
၂။ အမေရိကန်သို့ မြန်မာ့ရေထွက်ကုန်များ တင်ပို့ရန်ပြင်ဆင်
၃။ ယခုနှစ်ထောပတ်သီးတန်ချိန် တစ်သောင်းကျော်တင်ပို့
၄။ တရုတ်စီးပွားကူးသန်းဝန်ကြီးနှင့် Apple စီအီးအိုတို့ တရုတ်-အမေရိကန် စီးပွားဆက်ဆံရေး တွေ့ဆုံဆွေးနွေး ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
#World_News
Published 27 March 2025
▪️ အမေရိကန်ဆိုင်ရာ ရုရှားသံအမတ်သစ်က သံအမတ်ခန့်အပ်ခြင်းဆိုင်ရာ အထောက်အထားများကို ဒေါ်နယ်ထရမ့်အစိုးရထံ ကြာသပတေးနေ့မှာ တင်ပြသွားမှာဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့မှာ ပြောခဲ့ပါတယ်။
▪️ ဖော်ပြချက်အရ အမေရိကန်ဆိုင်ရာ ရုရှားသံအမတ်အဖြစ် မကြာသေးမီကမှ ခန့်အပ်ခံရတဲ့ အလက်ဇန်ဒါးဒါချိဗ်က စံတော်ချိန် နေ့လယ် ၂ နာရီ ၁၅ မိနစ်မှာ ခန့်အပ်လွှာအထောက်အထားများကို တင်ပြမှာဖြစ်ပါတယ်။
▪️ ဥရောပနဲ့ ယူရေးရှားရေးရာဗျူရိုမှ အကြီးတန်းဗျူရိုအရာရှိ လူးဝစ်အယ်လ်ဘိုနို တက်ရောက်မယ်လို့ ဆိုပါတယ်။
▪️ ဒါချိဗ်ဟာ ဝါရှင်တန်နေအိမ်သို့ ရောက်ရှိနေပြီလို့ ရုရှားနိုင်ငံပိုင် RIAသတင်းဌာနက ဗုဒ္ဓဟူးနေ့ညနေမှာ ဖော်ပြထားပါတယ်။
▪️ သူ့ရဲ့နေအိမ်အပြင်ဘက်မှာ သတင်းထောက်အချို့ ရောက်ရှိလာပေမယ့် ဖြေကြားခြင်းမရှိခဲ့ဘူးလို့ ဖော်ပြပါတယ်။
▪️ ရောက်ရှိချိန်မှာ ရုရှားသတင်းထောက်တွေကို ပြောခဲ့ရာမှာတော့ ဆက်ဆံရေး ပုံမှန်ပြန်လည်ထူထောင်ရေးနဲ့ သံတမန်ရေးရာတာဝန်များ လုပ်ဆောင်ရေးတို့မှာ အခွင့်အလမ်းတွေ ပွင့်လာပြီလို့ ပြောခဲ့ပါတယ်။
▪️ ရုရှားဟာ အောက်တိုဘာလက နောက်ဆုံးသံအမတ် ထွက်ခွာပြီးနောက် အမေရိကန်မှာ နောက်ထပ်သံအမတ် မထားခဲ့ပါဘူး။
▪️ ဒါချိဗ်ဟာ ဝါရှင်တန်သံရုံးမှာ တာဝန်ထမ်းဆောင်ဖူးသလို ၂၀၁၄ကနေ ၂၀၂၁ အထိ ကနေဒါဆိုင်ရာ ရုရှားသံအမတ်အဖြစ် ထမ်းဆောင်ခဲ့ပါတယ်။
▪️ ဒါချိဗ်ဟာ လတ်တလောနှစ်တွေမှာ အမေရိကန်နဲ့ အနောက်တိုင်းကို လူသိရှင်ကြား ပြင်းပြင်းထန်ထန် ရှုတ်ချထားပါတယ်။
▪️ ရုရှားနဲ့ အမေရိကန်တို့ဟာ ယူကရိန်းပဋိပက္ခကြောင့် ပျက်စီးခဲ့ရတဲ့ ဆက်ဆံရေးကို ပြုပြင်ဖို့ကြိုးပမ်းနေချိန်မှာ ဒါချိဗ်ကို သံအမတ်ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။
#Source: Reuters
#World_Health
Published 27 March 2025
▪️ ဆားအလွန်အကျွံ စားသုံးနေကြတာက ကမ္ဘာတဝှမ်းမှာ ကျန်းမာရေးပြဿနာ ဖြစ်လာပြီး သွေးတိုး၊ နှလုံးရောဂါ၊ လေဖြတ်၊ ကျောက်ကပ်ပြဿနာများ ဖြစ်လာစေပါတယ်။
▪️ တစ်နေ့ကို ဆားပမာဏ လက်ဖက်စားဇွန်းတစ်ဇွန်းခန့်သာ စားဖို့အကြံပြုထားကြပေမယ့် လူအများစုက နှစ်ဆလောက် ပိုစားမိနေကြပါတယ်။
▪️ နေထိုင်စားသောက်မှုပုံစံတွေ ပြုပြင်ပြီးတော့ ဆားလျှော့ချစားသုံးမိအောင် ကျင့်ကြံနိုင်ပါတယ်။
▪️ ဒါကြောင့် ဆားစားသုံးမှု လျှော့ချနိုင်စေမယ့် နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။
(၁) လတ်ဆတ်သောပါဝင်ပစ္စည်းများသုံးပါ
▪️ အိမ်မှာချက်စားခြင်းက ဆားပါဝင်မှုကို ထိန်းချုပ်နိုင်ပါတယ်။
▪️ လတ်ဆတ်တဲ့ ဟင်းရွက်၊ အသားများ အသုံးပြုသင့်သလို ရယ်ဒီမိတ် အရသာမှုန့်တွေ၊ ဆော့စ်တွေ၊ အစားအစာတွေကို လျှော့ချရပါမယ်။
(၂) ပါဝင်ပစ္စည်းများကိုသေချာဖတ်ရှုပါ
▪️ ထုပ်ပိုးထားတဲ့ စားစရာတွေမှာ ဆိုဒီယံပါဝင်တာကို မဖော်ပြတတ်ကြပါဘူး။
▪️ 'ဆိုဒီယံမပါဝင်' ၊ 'ဆားမပါဝင်'ဆိုတဲ့ စာများဖော်ပြထားတဲ့ အစားအစာတွေကို ရွေးချယ်သင့်ပါတယ်။
(၃) စားသောက်ဆိုင်နဲ့ ထုပ်ပိုးစားစရာများလျှော့ချပါ
▪️ ထုပ်ပိုးထားတဲ့ စားစရာတွေနဲ့ စားသောက်ဆိုင်တွေမှ စားစရာတွေက ဆားအများအပြားပါဝင်ပြီး ဆိုဒီယံ မြင့်မားစေပါတယ်။
▪️ မုန့်ထုပ်များကို လျှော့စားပြီး စားသောက်ဆိုင်မှာစားတဲ့အခါ ဆားလျှော့ထည့်ပေးဖို့ တောင်းဆိုပါ။
(၄) ဖြည်းဖြည်းချင်း ဆားလျှော့သုံးကြည့်ပါ
▪️ ဆားကို ဖြည်းဖြည်းချင်း လျှော့စားကြည့်တဲ့အခါ အရသာဖုတွေ ကျင့်သားရလာစေပါတယ်။
▪️ ထိုနေရာမှာ ဆေးဖက်ဝင် အမွှေးအကြိုင်များ၊ ဆားမပါတဲ့ထောပတ်တို့ဖြင့် အစားထိုးသုံးနိုင်ပါတယ်။
(၅) ပိုတက်ဆီယံကြွယ်ဝစွာ စားသုံးပါ
▪️ ပိုတက်ဆီယံက ဆိုဒီယံပမာဏကို ထိန်းညှိကာ သွေးပေါင်ချိန်ကျစေဖို့ ကူညီပါတယ်။
▪️ ငှက်ပျောသီး၊ လိမ္မော်သီး၊ ဟင်းနုနွယ်၊ ကန်စွန်းဥ၊ ပဲကြီးတို့က ပိုတက်ဆီယံ ကြွယ်ဝပါတယ်။
#Source: DoctorNDTV
Page 1 of 909