၂၃ ဩဂုတ် ၂၀၂၄
နယ်စပ်ဖြတ်ကျော် အွန်လိုင်းလိမ်လည်မှုကျူးလွန်ခဲ့တဲ့ တရုတ်နိုင်ငံသား ၃၀၇ ဦးကို မြန်မာအာဏာပိုင်တွေက တရုတ်နိုင်ငံသို့ ဩဂုတ် ၂၁ရက်က လွှဲပြောင်းပေးခဲ့ပါတယ်။
အဆိုပါ တရုတ်နိုင်ငံသား ၃၀၇ ဦးကို မကြာသေးမီက မြန်မာနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်မှုတွေနှိမ်နှင်းရာမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
Source CCTV
၂၂ ဩဂုတ် ၂၀၂၄
မြန်မာကိစ္စဖြေရှင်းရာတွင် ကုလသမဂ္ဂ၏ အပြုသဘောဆောင်အခန်းကဏ္ဍကို တရုတ်ကထောက်ခံ ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရသူ မစ္စမော်နင်းကပြောကြားလိုက်ပါတယ်။
ဩဂုတ်၂၂ရက်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှာကျင်းပတဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ မစ္စ မော်နင်းက ပြောကြားခဲ့တာဖြစ်ပါတယ်။
Source CCTV+
၂၁ ဩဂုတ် ၂၀၂၄
မြန်မာနိုင်ငံအရေးကိစ္စ၏ဖြစ်ကြောင်းကုန်စင်ကို နက်ရှိုင်းစွာလေ့လာပြီး တရားမျှတ၍ ပကတိဖြစ်သည့်ရပ်တည်ချက်ကို အရင်းခံဆောင်ရွက်ပေးဖို့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi မစ္စတာဝမ်ယိက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာအထူးသံတမန် Ms. Julie Bishop မစ္စ ဂျူလီဘစ်ရှော့ကို တိုက်တွန်းပြောဆိုလိုက်တယ်လို့သိရပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးမစ္စတာဝမ်ယိဟာ ကုလသမဂ္ဂ မြန်မာအထူးသံတမန် မစ္စ ဂျူလီဘစ်ရှော့ကို ယမန်နေ့ဩဂုတ် ၂၀ရက် က တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် လက်ခံတွေ့ဆုံစဉ် ယင်းကိုပြောကြားခဲ့တာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။
“ အထူးသံတမန်အနေဖြင့် မြန်မာနိုင်ငံ၏ထူးခြားသော နိုင်ငံအခြေအနေနှင့် မြန်မာနိုင်ငံအရေးကိစ္စ၏ ဖြစ်ကြောင်းကုန်စင်ကို နက်ရှိုင်းစွာလေ့လာပြီး တရားမျှတ၍ ပကတိဖြစ်သည့်ရပ်တည်ချက်ကိုအရင်းခံကာ ဘက်အသီးသီးနှင့်ဆက်ဆံရေးကို ဟန်ချက်ညီစွာဖြေရှင်း၍ မြန်မာနိုင်ငံပြည်သူများ၏ ရေရှည်အကျိုးစီးပွားအတွက် မြန်မာနိုင်ငံက သဘောထားကွဲလွဲမှုကို ပေါင်းစပ်နိုင်မည့် ထိရောက်သည့်နည်းလမ်းကို ကူညီရှာဖွေပေးရန် မျှော်လင့်ပါတယ်” လို့ မစ္စတာဝမ်ယီက ပြောကြားခဲ့ ပါတယ်။
မစ္စတာဝမ်ယိက က တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်နီးချင်းနိုင်ငံဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ပြန်လည် တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရန် တရုတ်နိုင်ငံထက် ပိုလိုလားသောနိုင်ငံမရှိဘူးလို့ မစ္စ ဂျူလီဘစ်ရှော့ကို ပြောကြားပါတယ်။
ယင်းအပြင်မြန်မာနိုင်ငံအရေးကိစ္စတွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေး၊ နိုင်ငံတစ်သား တည်းဖြစ်မှုနှင့် နယ်မြေတည်တံ့မှုကို ခိုင်မာစွာလေးစားကြောင်း၊ ပြည်တွင်းရေးကို မစွက်ဖက်ခြင်းနှင့် မြန်မာပြည်သူ များကပိုင်ဆိုင်၍ မြန်မာပြည်သူများဦးဆောင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အခိုင်အမာလိုက်နာတယ်လို့လည်း တရုတ် နိုင်ငံခြားရေးဝန်ကြီးက ကုလ အထူးသံတမန်ကို ဆက်လက်ပြောကြားခဲ့တယ်လို့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
မစ္စတာဝမ်ယိက အာဆီယံက အဓိကလမ်းကြောင်းအဖြစ် အခန်းကဏ္ဍမှပါဝင်မှုကို ထောက်ခံအားပေးကြောင်း၊ အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ ဘုံသေဘာတူညီချက် ၅ ရပ်နှင့် မြန်မာနိုင်ငံ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်အသစ်တို့ အပြန်အလှန် ကူညီမြှင့်တင်၍ ထိရောက်စွာဖော်ဆောင်နိုင်ရန် မျှော်လင့်ကြောင်းလည်းပြောကြားခဲ့ပါတယ်။
အထူးသံတမန် တာဝန်ထမ်းဆောင်ရန်အတွက် တရုတ်နိုင်ငံမှ ကူညီထောက်ပံ့ပေးရန်ဆန္ဒရှိကာ မြန်မာနိုင်ငံ နိုင်ငံရေး ပြန်လည်သင့်မြတ်မှုနှင့် ရေရှည်တည်ငြိမ်အေးချမ်းရေး ဖော်ဆောင်ရန်အတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်သွားလိုကြောင်းလည်း မစ္စတာဝမ်ယိကဆက်လက်ပြောကြားပါတယ်။
မစ္စ ဂျူလီဘစ်ရှော့က တရုတ်နိုင်ငံက မိမိတာဝန်စတင်ထမ်းဆောင်ချိန်တွင် တရုတ်နိုင်ငံခရီးစဉ်အတွင်း မိမိအားဧည့်ခံမှုကို ကျေးဇူးတင်ရှိပါကြောင်းစတင်ပြောဆိုပါတယ်။
အဲဒီနောက် မြန်မာနိုင်ငံအရေးကိစ္စသည် ရှုပ်ထွေး၍ စိန်ခေါ်မှုရှိကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အရေးကြီး အိမ်နီးချင်းနိုင်ငံနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် တမူထူးခြားသော အကျိုးသက်ရောက်မှုရှိတယ်လို့လည်း အထူးသံတမန်ကဆက်လက်ပြောဆိုတဲ့အကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။
မစ္စ ဂျုလီဘစ်ရှော့က တရုတ်နိုင်ငံ၊ အာဆီယံတို့နှင့်အတူ နီးကပ်စွာဆက်ဆံကာ ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်၍ မြန်မာ နိုင်ငံအရေးကိစ္စကို ကောင်းမွန်စွာဖြေရှင်းနိုင်မည့် သဘောတူညီချက်ကို ကြိုးပမ်းဖော်ဆောင်ပြီး ပဋိပက္ခကို ဆောလျင် စွာအဆုံးသတ်ကာ လူသားချင်းစာနာထောက်ထားမှုအခြေအနေကို ပြေလျော့စေခြင်းဖြင့် မြန်မာပြည်သူများက ဦးဆောင်သည့် ရေရှည်ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးကို ဖော်ဆောင်သွားရန်လိုကြောင်း မစ္စတာဝမ်ယိကို ပြန်လည် ပြောကြားခဲ့တယ်လို့ သိရပါတယ်။
@ymg/knl
၁၉ ဩဂုတ် ၂၀၂၄
ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်ရေယာဉ်နှင့် တရုတ်ကမ်းခြေစောင့်တပ်သင်္ဘောတို့ ယနေ့ ဩဂုတ် ၁၉ ရက် မနက် ၃ နာရီ ၂၃ မိနစ်က တရုတ်ရေပိုင်နက်ထဲမှာ တိုက်မိတယ်လို့ တရုတ်အစိုးရ စီစီတီဗွီက သတင်းထုတ်ပြန်ပါတယ်။ ဖိလစ်ပိုင် ကမ်းခြေစောင့် ရေယာဉ်ဟာ တရုတ်နိုင်ငံပိုင် နန်ရှာကျွန်းစုတွေရဲ့အစိတ်ပိုင်းတစ်ခုဖြစ်တဲ့ ရှန်ပင်းကျောင် ကျောက်တန်း နှင့်ကပ်လျက် ရေပြင် ထဲ ကျူးကျော်ဝင်ရောက်ရင်း တိုက်မိကြတာဖြစ်တယ်လို့သတင်းကဆိုပါတယ်။
ထုတ်ပြန်တဲ့ ရုပ်သံထဲမှာ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ရေယာဉ် ၄၄၁၀ ဟာ ရုတ်တရက်လှည့်လိုက်ပြီး တရုတ်ကမ်းခြေစော့် ယာဉ် ၂၁၅၅၁ ကို တိုက်လိုက်တာတွေ့ရပါတယ်။
အဲဒီရေယာဉ်ဟာ တရုတ်ကမ်းခြေစောင့်တပ်က အကြိမ်ကြိမ်သတိပေးချက်ကို မလိုက်နာဘဲ တရုတ်ရေပိုင်နက်ထဲ ကျူးကျော် ဝင်ရောက်ကာ တမင်ပင် တရုတ်သင်္ဘောကို ဝင်တိုက်တာဖြစ်တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
Source CCTV
၁၆ ဩဂုတ် ၂၀၂၄
မြန်မာနိုင်ငံတွင် ပြည်တွင်း မတည်မငြိမ်ဖြစ်မှုနှင့်ပြည်တွင်းစစ် ဖြစ်ပွား၍ မရကြောင်း တရုတ် ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိက ထိုင်း၊လာအိုနှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး များနှင့် လေးပွင့်ဆိုင် အလွတ်သဘောဆွေးနွေးရာတွင် တိုက်တွန်းပြောကြားခဲ့တယ်လို့သိရပါတယ်။
လက်ရှိတွင် မြန်မာနိုင်ငံအခြေအနေသည် စိတ်ပူပန်ရစေကြောင်းနှင့် မြန်မာနိုင်ငံအရေးကိစ္စတွင် ကျော်လွန်၍မရတဲ့ စည်း သုံးခုကို ခိုင်မာစွာထိန်းသိမ်းရမှာဖြစ်ပြီး ယင်းတို့မှာ မြန်မာနိုင်ငံတွင် ပြည်တွင်း မတည်မငြိမ်ဖြစ်မှုနှင့် ပြည်တွင်းစစ် ဖြစ်ပွား ၍မရခြင်း၊ အာဆီယံမိသားစု၏ လမ်းကြောင်းမှ ကင်းကွာသွား၍မရခြင်း၊ ပြင်ပအင်အားစုများ ထင်သလိုစိမ့်ဝင်၍ ဝင်ရောက် စွက်ဖက်မှုကို ခွင့်မပြုခြင်းတို့ပင်ဖြစ်တယ်လို့ ဝမ်ယိကပြောကြားခဲ့တာဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဩဂုတ်လ ၁၆ ရက် ယနေ့တွင် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနိုင်ငံ လေးနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများသည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုကျင်းပခဲ့ရာမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ယခုလို ဆွေးနွေး တိုက်တွန်း လိုက်တာ ဖြစ်ပါတယ်။
တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းသည် အိမ်နီးချင်းနိုင်ငံများဖြစ်ကြပြီး “တစ်လှေတည်းစီးကာ တစ်မြစ်တွင်းရေအတူသောက်သုံး” ကြကြောင်း၊ မိမိတို့အကြားတွင် ရှည်လျားလှသော နယ်စပ်မျဉ်းနှင့် သမိုင်းကြောင်းကြာရှည်သည့် ဆက်ဆံရေးသမိုင်း ရှိသဖြင့် အခြားနိုင်ငံများထက် မြန်မာနိုင်ငံ၏ ထူးခြားသောနိုင်ငံအခြေအနေကို ပိုမိုနားလည်ကာ မြန်မာနိုင်ငံအား ကူညီပေးရန် စွမ်းရည် နှင့်ဆန္ဒပိုမိုရှိကြကြောင်းလည်း မစ္စတာဝမ်ယိကဆက်လက်ပြောကြားပါတယ်။
မြန်မာနိုင်ငံ ပြန်လည်တည်ငြိမ် ဖွံ့ဖြိုးတိုးတက်ရန် မြန်မာနိုင်ငံ၏ အိမ်နီးချင်းထက်ပိုလိုလားသောသူ မရှိပါကြောင်း၊ မိမိတို့ သည် စိတ်ရင်းအမှန်စေတနာဖြင့် မြန်မာနိုင်ငံ၏ အခြေအနေအရှိန်လျော့ ပြန်လည်တည်ငြိမ်လာရေးကို ကူညီဆောင်ရွက် ပေး ရန် မျှော်လင့်ပါတယ်လို့လည်း သူက ပြောပါတယ်။
တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ်ထားရှိသည့် ချစ်ကြည်ရေးမူဝါဒသည် မြန်မာနိုင်ငံ ပြည်သူတစ်ရပ်လုံးကိုမျက်နှာမူကြောင်း၊ မိမိတို့သည် ပြည်တွင်းရေးကိုဝင်ရောက်မစွက်ဖက်ခြင်း အခြေခံမူကို အမြဲတစေလက်ကိုင်ထားပြီး မြန်မာနိုင်ငံက အချုပ် အခြာအာဏာနှင့် နိုင်ငံတစ်သားတည်းဖြစ်မှုအား ကာကွယ်ထိန်းသိမ်းရေးကို ထောက်ခံအားပေးပါကြောင်း မစ္စတာ ဝမ်ယိက ပြောကြားတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ယင်းအပြင် မြန်မာနိုင်ငံက တွေ့ဆုံဆွေးနွေးမှုဖြင့် ပြည်တွင်းပြန်လည်သင့်မြတ်မှုဖော်ဆောင်ရန် ထောက်ခံအားပေးပါ ကြောင်း၊ မြန်မာနိုင်ငံက မိမိနိုင်ငံအခြေအနေနှင့်ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းရှာဖွေတွေ့ရှိမှုကို အားပေးပါ ကြောင်းလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဆွေးနွေးပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးက မြန်မာအရေးကိစ္စနှင့်ပတ်သက်၍ အဆိုပြုချက်အချို့ကို ဆွေးနွေးပွဲတွင် တင်ပြခဲ့တယ်လို့လည်း သိရပါတယ်။ ယင်းတို့မှာ-
၁။ မြန်မာနိုင်ငံက ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ကို တရားဥပဒေနှင့်အညီ စနစ်တကျ ပြန်လည် ဖော်ဆောင်ရန် အတူတကွထောက်ခံအားပေးခြင်း
မြန်မာနိုင်ငံဘက်က အဆိုပြုသည့် “ရှေ့လုပ်ငန်းစဉ်ငါးရပ်” တတိယဗားရှင်းသည် အဆိုပါရည်မှန်းချက်ကို ဖော်ဆောင်ရန် အထောက်အကူပြုသဖြင့် နားလည်လေးစားပေးသင့်သည်။ တစ်ချိန်တည်းတွင် “ရှေ့လုပ်ငန်းစဉ်ငါးရပ်”အသစ်နှင့် အာဆီယံ ၏ “ဘုံသဘောတူညီချက်ငါးရပ်” ၏ ကိုက်ညီသည့်အချက်ကို တက်တက်ကြွကြွဆွေးနွေးကာ အပြန်အလှန်မြှင့်တင်၍ စုပေါင်းအင်အားအဖြစ်ဖော်ဆောင်ရမည်။
၂။ မြန်မာပြည်သူများ လက်ရှိအခက်အခဲကျော်ဖြတ်နိုင်ရန် အတူတကွထောက်ခံအားပေးခြင်း
ဘက်အသီးသီးက မြန်မာနိုင်ငံထံ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်ရန် ကြိုဆိုပြီး မည်သည့်ကူညီမှုမဆို မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူများ၏ဆန္ဒကို လေးစားသင့်သည်။ ကူညီမှုများကို အတိုက်အခံပဋိပက္ခပြုလုပ်ရာတွင် အသုံး မပြုဘဲ ပြည်သူလူနေမှုဘဝကို အာမခံရာတွင် အမှန်တကယ်အသုံးပြုရမည်ဖြစ်သည်။ မြန်မာနိုင်ငံနှင့် လက်တွေ့ကျ ပူးပေါင်း ဆောင်ရွက်မှုကိုမြှင့်တင်ကာ မြန်မာနိုင်ငံက မိမိစွမ်းရည်မြှင့်တင်ရန် ကူညီပေး၍ ပဋိပက္ခများဖြစ်ပွားမှုကို တားဆီးရန်အတွက် အကျိုးရှိသော လူမှုရေးနှင့်စီးပွားရေး အခြေအနေဖန်တီးပေးရမည်။
၃။ အာဆီယံပုံစံဖြင့် မြန်မာနိုင်ငံ အရေးကိစ္စကို ကောင်းမွန်စွာဖြေရှင်းရန် အတူတကွထောက်ခံအားပေးခြင်း၊
အာဆီယံက စည်းလုံးညီညွတ်မှု ထိန်းသိမ်းထားမှုနှင့် အာဆီယံ၏ဗဟိုတည်နေရာကို ထောက်ခံအားပေးခြင်းနှင့် ဒေသတွင်း ပြင်ပအင်အား များက အခြေအနေပျက်အောင် နှောင့်ယှက်ခြင်းကြောင့် ပဋိပက္ခပိုမိုဆိုးရွားလာမှုကို သတိထားရမည်ဖြစ်သည် လို့ သတင်း ထုတ်ပြန်ချက်အရသိရပါတယ်။
မြန်မာနိုင်ငံကဆွေးနွေးရာတွင်-
လက်ရှိအခြေအနေနှင့် မြန်မာနိုင်ငံအစိုးရက ပြည်တွင်းတည်ငြိမ်မှု ကာကွယ်ထိန်းသိမ်းရန်အတွက် ကြိုးပမ်းမှုများကို မြန်မာ ဘက်ကမိတ်ဆက်ပေးခဲ့ပြီး သုံးနိုင်ငံက ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ အခက်အခဲ ကြုံတွေ့ ချိန်တွင် ကူညီသောလက်ကမ်းပေးမှုကို ကျေးဇူးတင်ရှိပါကြောင်း၊ အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုကို ကောင်းမွန်စွာအသုံး ပြု၍ ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ကာ နားလည်မှုတိုးမြှင့်ပြီး ပြည်တွင်းတည်ငြိမ်မှုနှင့် နိုင်ငံရေးပြန်လည်သင့်မြတ်မှုကို ဆောလျင်စွာဖော်ဆောင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံဆွေးနွေးရာတွင်-
မြန်မာနိုင်ငံသည် ငြိမ်းချမ်းမှု၊ တစ်သားတည်းဖြစ်မှုနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းထားရန် တွေ့မြင်လိုပါကြောင်း၊ မြန်မာနိုင်ငံက မိမိနည်းလမ်းဖြင့် ပြည်တွင်းရေးပြဿနာအား ဖြေရှင်းမှုကိုလေးစားပါကြောင်း၊ မြန်မာပြည်သူများကဦးဆောင်၍ မြန်မာ ပြည်သူများကပိုင်ဆိုင်မှုကို လိုက်နာပါကြောင်း၊ ဘက်အသီးသီးနှင့်ချိတ်ဆက်မှုကို ထိန်းသိမ်းကာ မြန်မာနိုင်ငံကို အတတ် နိုင်ဆုံးကူညီပေး၍ အာဆီယံလုပ်ငန်းစဉ်နှင့်အတူ အပြန်အလှန်ဖြည့်စွက်မှုဖြစ်လာပြီး ကောင်းမွန်စွာဖြေရှင်းသည့် နည်းလမ်း ကို ရှာဖွေတွေ့ရှိရန် ကြိုးပမ်းသွားလိုသည့် ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါတယ်။
လာအိုနိုင်ငံကဆွေးနွေးရာတွင်-
လေးနိုင်ငံသည်ဘုံနယ်စပ်များရှိကြပြီး အေးအတူပူအမျှဖြစ်ကြကြောင်း၊ မြန်မာနိုင်ငံ၏အိမ်နီးချင်းနှင့် မိတ်ဆွေအနေဖြင့် မြန်မာနိုင်ငံက တည်ငြိမ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းထားရန် မျှော်လင့်ပြီး မြန်မာနိုင်ငံကို ကူညီပေးရန် ဆန္ဒ ရှိပါကြောင်း၊ လေးနိုင်ငံမှ အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုသည် မြန်မာနိုင်ငံအခြေအနေကို ပိုမိုနားလည်ပြီး ကောင်းမွန် စွာဖြေရှင်းရန်နည်းလမ်း အတူတကွရှာဖွေရန် အထောက်အကူပြုပါကြောင်း၊ တရုတ်နိုင်ငံက ပြည်တွင်းရေးကို မစွက်ဖက်သည့် အခြေခံမူအား လိုက်နာသည့် သဘောထားကို လုံးဝသဘောတူပါကြောင်း၊ မြန်မာနိုင်ငံပြဿနာကို မြန်မာပြည်သူများကသာ ဖြေရှင်းနိုင်ကြောင်း၊ ပြင်ပအင်အားများက စွက်ဖက်မှုကို ကာကွယ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဆွေးနွေးပွဲသို့ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi၊ လာအိုနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး Mr. Saleumxay Kommasith ၊ မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Ms. Eksiri Pintaruchi တို့တက်ရောက်ခဲ့ကြပါတယ်။
@ymg/knl
၁၅ ဩဂုတ် ၂၀၂၄
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် ပြည်ပ မှ ဝင်ရောက်စွက်ဖက်နေခြင်းကို ပြင်းထန်စွာဆန့်ကျင်ပြီး အခြေခံဥပဒေ မူဘောင်အောက်တွင် ပြည်တွင်းနိုင်ငံရေးသင့်မြတ်မှုအတွက် မြန်မာ၏ ကြိုးပမ်းအားထုတ်မှုတွေကို တရုတ်က ဆက်လက်ထောက်ခံအားပေးသွားမယ်လို့ မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မြန်မာ ခေါင်းဆောင်ဟောင်း အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ပြောကြားပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်လည်းဖြစ်တဲ့ ဝမ်ယိဟာ ယမန်နေ့ ဩဂုတ် ၁၄ရက်က မြန်မာနိုင်ငံရဲ့ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌဟောင်း အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်တွေ့ဆုံရာမှာ ပြောကြားခဲ့တာလို့ ဆင်ဟွာသတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။
တွေ့ဆုံစဉ်အတွင်း ဝမ်ယိက တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို ပြည်ပ မှ ဝင်ရောက်စွက်ဖက်မှုတွေနှင့် စိမ့်ဝင်မှုတွေကို ဆန့်ကျင်တယ်။ပြီးတော့ မြန်မာနိုင်ငံရဲ့ တည်ငြိမ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို ဟန့်တားတဲ့ မည်သည့် အပြော မည်သည့်အလုပ်တွေကိုမဆိုလည်း ဆန့်ကျင်တယ်လို့ ဆက်ပြောပါတယ်။
တရုတ်နိုင်ငံအနေဖြင့် မြန်မာလွတ်လပ်ရေး၊အချုပ်အခြာအာဏာ၏၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတွေ ကာကွယ်စောင့်ရှောက်ထိန်းသိမ်းနေတာတွေကို ဆက်လက်ထောက်ခံအားပေးသွားမယ်လို့ ဝမ်က ပြောပါတယ်။ ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမူဘောင်အောက်ကနေ ပြည်တွင်း နိုင်ငံရေးအရပြန်လည်သင့်မြတ်ရေး၊ ရွေးကောက်ပွဲကျင်းပရေးနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွေမှာ မြန်မာနိုင်ငံရဲ့ကြိုးပမ်းအားထုတ်မှုတွေကိုလည်း တရုတ်က ထောက်ခံအားပေးကြောင်း ထပ်လောင်းအတည်ပြုတယ်လို့ လည်းသူကဆက်ပြောပါတယ်။
တွေ့ဆုံမှုအတွင်း ဗိုလ်ချုပ်မှူးကြီး(ငြိမ်း)သန်းရွှေက မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံက ဘက်စုံ ရေရှည် ကိုယ်ကျိုးမငဲ့ ကူညီဆောင်ရွက်ပေးနေမှုတွေကို ကျေးဇူးတင်တယ်လို့ ဝမ်ယိကိုပြန်လည်ပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ပေါက်ဖော်ဖြစ်ပြီး အိမ်နီးချင်းဖြစ်ကြောင်းနှင့် နှစ်နိုင်ငံဟာ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ချစ်ကြည်ရေးအခြေခံပြီးအမြဲဆက်ဆံခဲ့ကြတယ်၊ နှစ်နိုင်ငံအကြား ငြိမ်းချမ်းစွာ ရှေရှည်အတူယှဉ်တွဲနေထိုင်ရေးဟာ ဘယ်တော့မှပြောင်းလဲမှာမဟုတ်ဘူးလို့လည်း အငြိမ်းစားဗိုလ်ချုပ်မှူးကြီးကဆက်လက် ပြောဆိုကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။
သူ့အနေနှင့် မြန်မာနိုင်ငံကို တရုတ်ကဆက်လက်ထောက်ခံအားပေးလိမ့်မယ်လို့ယုံကြည်ပြီး ပြင်ပဝင်ရောက်စွက်ဖက်မှုကို စောင့်ကြပ်ရာမှာနှင့် ပြည်တွင်းတည်ငြိမ်ရေးထိန်းသိမ်းရာမှာ မြန်မာကိုကူညီလိမ့်မယ်လို့လည်းယုံကြပါတယ်လို့ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးကပြောပါတယ်။
တရုတ်-မြန်မာ ပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုသည် နိုင်ငံတကာမျက်နှာစာမှာ လောကဓံကိုကြံကြံ့ခိုင်နိုင်ခဲ့ပြီး အချိန်နှင့်အမျှ ပိုပြီးခိုင်မာတောင့်တင်းလာပါတယ်လို့ ဝမ်ယိက ပြန်လည်ပြောကြားပါတယ်။
တရုတ်နိုင်ငံဟာ ယင်းရဲ့ အိမ်နီးချင်းသံတမန်ရေးရာမှာ တရုတ်-မြန်မာဆက်ဆံရေးဖွံ့ဖြိုးတိုးတက်ရေး ကို အရေးကြီး အနေအထားအဖြစ် အမြဲထားရှိတယ်လို့လည်းဝမ်ကပြောပါတယ်။
အေးအတူပူအမျှ တရုတ်-မြန်မာအသိုက်အဝန်းတည်ဆောက်ရာမှာ သိသာထင်ရှားတဲ့ရလာဒ်တွေပိုမိုရရှိစေဖို့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနှင့်လက်တွဲဆောင်ရွက်လိုတယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။
ဝမ်ယိဟာ မြန်မာနိုင်ငံကို ဗုဒ္ဓဟူးနေ့မှာရောက်ရှိခဲ့ပြီးနောက် ကိုးကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကိုတက်ဖို့ထိုင်းနိုင်ငံကိုဆက်လက်သွားရောက်မှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ တရုတ်၊ လာအို၊မြန်မာနှင့်ထိုင်း နိင်ငံခြားရေးဝန်ကြီးတွေ အလွတ်သဘော တွေ့ဆုံဆွေးနွေးကြဖို့လည်းရှိနေပါတယ်။
Ref: Xinhua
၁၃ ဩဂုတ် ၂၀၂၄
တရုတ်နိုင်ငံခြားရေးဝန်ကြီးက သူ၏ ခရီးစဉ်အတွင်း မြန်မာနိုင်ငံတွင် အခြေခံဥပဒေနှင့်တရားဥပဒေမူဘောင်အတွင်းက နိုင်ငံရေးဆွေးနွေးမှုများအတွက် တရုတ်ကကူညီရေး လုပ်ဆောင်သွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံသို့သွားရောက်မည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယီ၏ ခရီးစဉ်ကိစ္စ သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းမှု အပေါ် ဖြေကြားရာ၌ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောဆိုခွင့်ရပုဂ္ဂိုလ်က ဖြေကြားခဲ့ခြင်းဖြစ်တယ်လို့ တရုတ်နိုင်ငံသံရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
မြန်မာနိုင်ငံဘက်အသီးသီးက အခြေခံဥပဒေနှင့် တရားဥပဒေမူဘောင်အတွင်း၌ နိုင်ငံရေးဆွေးနွေးခြင်းဖြင့် သဘောထားကွဲလွဲမှုများကို ကောင်းမွန်စွာဖြေရှင်းရေးအတွက် အပြုသဘောဆောင်သော ကူညီမှုများ ပေးအပ်သွားမယ် လို့ရန်ကုန်မြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးက သတင်းထုတ်ပြန်ထားပါတယ်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံရဲ့ ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံအနေဖြင့် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုတဲ့ အခြေခံမူကို အမြဲတစေလိုက်နာကာ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ အာမခံရေးတို့ကို အစဉ်အမြဲထောက်ခံသွားမှာဖြစ်တယ်လို့လည်း ပြောဆိုခွင့်ရပုဂ္ဂိုလ်က ဆက်လက်ပြောကြားပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယီ၏ ယခုအကြိမ်ခရီးစဉ်သည် တရုတ်-မြန်မာ ကဏ္ဍအသီးသီးတွင် အကျိုးတူပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး နှစ်နိုင်ငံပြည်သူများ၏ ချစ်ကြည်ရင်းနှီးသောသံယောဇဉ်ကို ခိုင်ခံ့စေကာ တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်မှု နက်ရှိုင်းခိုင်မာစေရေးကို မြှင့်တင်ရန်ဖြစ်တယ်လို့ အဆိုပါ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
@ymg/knl
Page 5 of 39