#Local_News
Published_ 22 May 2023
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဝန်ကြီး ဦးအောင်နိုင်ဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မေ ၂၁ ရက်က ကူမင်းမြို Haigeng Garden Convention Center ၌ ယူနန်ပြည်နယ် ပါတီအတွင်းရေးမှူး Mr. Wang Ning မှ တည်ခင်း ဧည့်ခံသော အလုပ်သဘေ နေ့လယ်စာစားပွဲသို့ တက်ရောက်စဉ် မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုတွင် လျင်မြန်ချောမွေ့စေရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။
အဆိုပါ အလုပ်သဘော နေ့လယ်စာ စားပွဲတွင် မြန်မာ့လယ်ယာထွက်ကုန်များ ပိုမို တိုးမြှင့်ထုတ်လုပ်၍ တရုတ်နိုင်ငံဈေးကွက်သို ပိုမိုတင်ပိုနိုင်ရန် ပူးပေါင်းဆောင်ရွက်ရေး၊ ဘိန်း အစားထိုးသီးနှံ စိုက်ပျိုးရေးအပြင် တန်ဖိုးမြှင့် လယ်ယာစိုက်ပျိုးရေးထွက်ကုန်များ ထုတ်လုပ်နိုင်အောင် ဆောင်ရွက်ရေး၊ စိုက်ပျိုးရေးနည်းပညာ မြှင့်တင်နိုင်ရန် ပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
ပါတီအတွင်းရေးမှူးက မြန်မာနိုင်ငံရှိ လေဘေးသင့်ပြည်သူများအတွက် ယူနန်ပြည်နယ်အစိုးရမှ တရုတ်ယွမ်ငွေငါးသိန်း (၅၀၀၀၀၀) လှူဒါန်းမည်ဖြစ်ကြောင်း ပြောကြားပါတယ်။
ယင်းနောက်ဝန်ကြီးသည် ကူမင်းမြို့၌ တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC)၏ အဖွဲ့ဝင် Mr. Zhao Zenglian နှင့် တာဝန်ရှိသူများအား တွေ့ဆုံ၍ မြန်မာနိုင်ငံမှထွက်ရှိသည့် ရေထွက်ကုန်ပစ္စည်းများ၊ လယ်ယာထွက် ကုန်ပစ္စည်းများနှင့် မွေးမြူရေးထွက်ကုန်များ တရုတ်နိုင်ငံသို့တင်ပို့နိုင်ရေးအတွက် GACC ၏ ခွင့်ပြုချက်ရရှိရေး၊ လယ်ထွက်ကုန်ပစ္စည်းများ ပိုမိုတင်ပို့ခြင်းဖြင့် ပို့ကုန်လုပ်ငန်းရှင်များ သာမက စိုက်ပျိုးထုတ်လုပ်သည့် တောင်သူလုပ်ငန်းရှင်များလည်း အကျိုးကျေးဇူးကို ခံစားနိုင်သည့်အတွက် ဆင်းရဲနွမ်းပါးမှုကိုလျှော့ချရေးတွင် အထောက်အကူဖြစ်စေပါတယ်။
ထို့ပြင် နယ်စပ်ဂိတ်များကို နည်းပညာသုံး၍ လုပ်ငန်းများဆောင်ရွက်နိုင်ရေးနှင့် ပြတင်းတစ်ပေါက်စနစ် ထူထောင်ဆောင်ရွက်နိုင်ရေး၊ နယ်စပ်ကုန်သွယ်မှု အခြေခံအဆောက်အဦများ အဆင့်မြှင့်တင်နိုင်ရေးတို့ကို ပိုမိုပူးပေါင်းဆောင်ရွက်သွားနိုင်ရေး ဆွေးနွေးခဲ့ကြပါတယ်။
ဝန်ကြီးနှင့်အဖွဲ့သည် မေ ၂၀ ရက်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနှင့်အတူ တရုတ်-မြန်မာ နယ်စပ်ဂိတ်များဖြစ်သည့် မန်ဝိန်း၊ နန်းတော်၊ ဆင်ဖြူ၊ ဟိုဆောင်၊ ကျိမ်စန်းကျော့၊ ပန်ဆိုင်/ကျူကုတ် နယ်စပ်ဂိတ်များသို့ သွားရောက်၍ နှစ်နိုင်ငံနယ်စပ်ဂိတ်များမှ လူဝင်/လူထွက် လုပ်ငန်းစဉ်များဆောင်ရွက်နေမှုနှင့် ပို့ကုန်၊ သွင်းကုန် ယာဉ်အဝင်/အထွက် ရှင်းလင်းရေးလုပ်ငန်းစဉ်များကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါတယ်။
ထို့နောက် ရွှေလီမြို့တွင် မြန်မာနိုင်ငံမှတင်ပို့သည့် ကျောက်စိမ်းများအား အချောထည်ပြုလုပ်၍တရုတ် နိုင်ငံတစ်ဝန်းသို Online/ Offline ဖြင့် ဖြန့်ဖြူးရောင်းချနေသည့် ကျောက်စိမ်းရောင်းဝယ်ရေး စင်တာသို့သွားရောက်ကြည့်ရှုပြီး မြန်မာနိုင်ငံမှ တင်ပို့သည့်ဆန်များ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်နေသည့် လုပ်ငန်းဆောင်ရွက်မှုကို သွားရောက်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိပါတယ်။
#ygm_mnn #Local_News #မြန်မာ-တရုတ် #စီး/ကူးဝန်ကြီး
#YMG #Yangon_Media_Group
Published 21 May 2023
တရုတ်နိုင်ငံ ရှန်စီတီးမှာ ကျင်းပခဲ့တဲ့ တရုတ်နှင့် အလယ်အာရှထိပ်သီးဆွေးနွေးပွဲမှာ တရုတ်နိုင်ငံနှင့် အလယ်အာရှနိုင်ငံ (၅)နိုင်ငံတို့ဟာ ကြေညာစာတမ်းတစ်ခုကိုလက်မှတ်ရေးထိုးလိုက်ကြပြီး ကျယ်ပြန့်တဲ့ဆက်ဆံရေးတွေမြှင့်တင်ကြဖို့ သဘောတူခဲ့ကြတယ်လို့သိရပါတယ်။
တရုတ်သမ္မတရှီကျင့်ဖျင်နှင့် အလယ်အာရှ(၅)နိုင်ငံက သမ္မတတွေဟာ တရုတ်နိုင်ငံအနောက်မြောက်ပိုင်းက ရှန်ရှီပြည်နယ် မြို့တော်မှာ ကျင်းပတဲ့ တရုတ်-အလယ်အာရှထိပ်သီးအစည်းအဝေးအပြီးမှာ ရှန်ကြေညာစာတမ်းကို လက်မှတ် ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။
တရုတ်နှင့် အလယ်အာရှနိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်မှုဟာ ဘက်ပေါင်းစုံအကျိုးဖြစ်ထွန်းမှုရှိတယ်လို့ ကြေညာ စာတမ်းမှာ ဂုဏ်ပြုဖော်ပြထားပါတယ်။ ခေါင်းဆောင်တွေဟာ နှစ်ဘက်အကြား တူညီမျှဝေတဲ့အနာဂတ်တစ်ခုအတွက် အသို်ကအဝန်းတစ်ခုတည်ထောင်ဖို့ သဘောတူခဲ့ကြပါတယ်။
Source CCTV+
#YangonMediaGroup
#တရုတ်-အလယ်အာရှထိပ်သီးအစည်းအဝေး
#တရုတ်နိုင်ငံရေး
#Local_News
Published_ 19 May 2023
တောင်တရုတ်ပင်လယ်တွင် နိုင်ငံများလိုက်နာရမည့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ကြေညာ ချက် (DOC) အကောင်အထည်ဖော်ရေးနှင့်စပ်လျဉ်းသည့် (၂၀) ကြိမ်မြောက် အာဆီယံ− တရုတ် အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကို ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားခြင်းကြောင့် (၂) နှစ်ကြာမျှ ကွာဟပြီးနောက် ၂၀၂၃ ခုနှစ်၊ မေလ ၁၇ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ၊ ဟလောင်မြို့၌ ကျင်းပခဲ့ပါတယ်။
အစည်းအဝေးတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နယ်နိမိတ်နှင့် ပင်လယ် သမုဒ္ဒရာဆိုင်ရာဌာန၊ ညွှန်ကြားရေးမှူးချုပ် Mr. Hong Liang တို့က ပူးတွဲဥက္ကဋ္ဌများအဖြစ် ဆောင်ရွက်ခဲပါတယ်။
အဆိုပါ အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တို့မှ အဆင့်မြင့် အရာရှိကြီးများနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယ အတွင်းရေးမှူးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
အစည်းအဝေးတွင် တောင်တရုတ်ပင်လယ်တွင် နိုင်ငံများလိုက်နာရမည့် လုပ်ထုံးလုပ်နည်း ဆိုင်ရာကြေညာချက် (DOC) အကောင်အထည်ဖော်မှု၏ တိုးတက်မှုများကို ပြန်လည်သုံးသပ်ခဲ့ ကြပြီး တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ ဆွေးနွေးခဲ့ကြပါတယ်။
ထို့နောက် DOC အပြည့်အဝ ထိရောက်စွာ အကောင်အထည်ဖော်ရေးကို အားပေးမြှင့်တင်ရန် လက်တွေ့ကျသည့် ပင်လယ်ရေကြောင်းပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်အသစ်များ ကြိုဆို ခဲ့ကြပြီး ၂၀၂၃ ခုနှစ်အတွက် DOC အကောင်အထည်ဖော်ရေးဆိုင်ရာ နှစ်အလိုက် လုပ်ငန်းစီမံ ချက်များကို အတည်ပြုခဲ့ကြပါတယ်။
ဆက်လက်၍ တောင်တရုတ်ပင်လယ်ဆိုင်ရာ ကျင့်ထုံး တစ်ရပ်၏ တစ်ခုတည်းသောညှိနှိုင်းစာသား ဆောလျင်စွာ အပြီးသတ်ရေးအတွက် ဆွေးနွေး ညှိနှိုင်းမှုများကို အရှိန်မြှင့်တင်ရန် DOC ဆိုင်ရာ အာဆီယံ−တရုတ် ပူးတွဲလုပ်ငန်းအဖွဲ့အနေဖြင့် အားသွန်ခွန်စိုက် ဆောင်ရွက်သွားဖို့ တာဝန်ပေးအပ်ခဲ့ပါတယ်။
ထို့ပြင် တောင်တရုတ်ပင်လယ်တွင် နိုင်ငံများလိုက်နာရမည့် လုပ်ထုံးလုပ်နည်းဆိုင်ရာကြေညာ ချက် (DOC) အပြည့်အဝ ထိရောက်စွာ အကောင်အထည်ဖော်ရေးနှင့် ၁၉၈၂ ခုနှစ် ပင်လယ်ပြင် ဥပဒေဆိုင်ရာကုလသမဂ္ဂကွန်ဗင်ရှင်းအပါအဝင် နိုင်ငံတကာဥပဒေနှင့်အညီ ထိရောက်၍ အနှစ် သာရပြည့်ဝသည့် တောင်တရုတ်ပင်လယ်ဆိုင်ရာ ကျင့်ထုံးတစ်ရပ် (COC) ဆောလျင်စွာ အပြီး သတ်ရေး ကြိုးပမ်းဆောင်ရွက်ဖို့ ကတိပြုကြပါတယ်။
DOC အကောင်အထည်ဖော်ရေးဆိုင်ရာ (၂၁)ကြိမ်မြောက် အာဆီယံ-တရုတ် အဆင့်မြင့် အရာရှိကြီးများအစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ စတုတ္ထ သုံးလပတ်ကာလတွင် တရုတ်နိုင်ငံ၌ ကျင်းပရန် သဘောတူညီခဲ့ကြောင်း သတင်းရရှိပါတယ်။.
#YMG #Yangon_Media_Group
#Local_News
Published_ 16 May 2023
ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံရသော မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ သဘာဝဘေးသင့်ပြည်သူများအတွက် တရုတ်နိုင်ငံမှ ငွေကြေးနှင့်စားနပ်ရိက္ခာများစတင်လှူဒါန်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှသိရသည်၊၊
မေလ ၁၆ ရက်နေ့တွင် POWERCHINA RESOURCES LIMITED သည် မြန်မာနိုင်ငံသို့ အလှူငွေ ကျပ် သိန်း ၅၀၀ နှင့် ဆန်၊ စားသုံးဆီ စသည့်ပစ္စည်းများ လှူဒါန်းခဲ့ပြီး “မိုခါ” (MOCHA) ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံရသော မြန်မာနိုင်ငံ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးမှ သဘာဝဘေးသင့်ပြည်သူများ အခက်အခဲများကျော်လွှားနိုင်ရန်အတွက် ကူညီပေးခဲ့သည်။
အဆိုပါလှူဒါန်းပွဲသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ စီးပွားရေးသံမှူး Mr. Tan Shufu တက်ရောက်ခဲ့ပြီး ယခုအကြိမ် မြန်မာနိုင်ငံတွင် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့ပြီးနောက် တရုတ်နိုင်ငံမှ ထပ်တူထပ်မျှခံစားမိကြောင်း၊ ၁၅ ရက်နေ့တွင် တရုတ်နိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (CIDCA) ၏ ပြောခွင့်ရပုဂ္ဂိုလ်က တရုတ်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံ၏ လက်တွေ့လိုအပ်ချက်အရ တတ်စွမ်းသမျှ အရေးပေါ် ဘေးအန္တရာယ်ကယ်ဆယ်ရေးဆိုင်ရာ ကူညီမှုများပေးအပ်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ကြောင်း၊
လက်ရှိတွင် မြန်မာနိုင်ငံရှိ တရုတ်စီးပွားရေးလုပ်ငန်းများသည် စတင်လှုပ်ရှားလာကြပြီး မြန်မာနိုင်ငံသို့ ထောက်ပံ့ပစ္စည်းများနှင့် ငွေကြေးပံ့ပိုးမှုများ တက်ကြွစွာ ပေးအပ်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်၊၊
ymg/tthl
#YMG #Yangon_Media_Group
Published 4 May 2023
တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ချင်းကန်သည် မေ ၃ရက်က ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ သွားရောက်လည့်ပတ်ခဲ့တယ်လို့ စီစီတီဗွီသတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။
၂၀၁၆ခုနှစ်ငလျင်ကြောင့်ပျက်စီးခဲ့ရပြီး တရုတ်ပညာရှင်များက ရှေးမူမပျက်ပြန်လည်မွမ်းမံပေးနေတဲ့ ပုဂံက သဗ္ဗညုဘုရားကို မစ္စတာချင်းကန်က သွားရောက်ဖူးမျှော်ခဲ့ပါတယ်။
သက္ကရာဇ် ၁၁၄၄ခုနှစ်ကတည်ထားကိုးကွယ်ခဲ့တဲ့ သဗ္ဗညုဘုရားဟာ ဉာဏ်တော် ၆၆မီတာမြင့်ပြီး ပုဂံရဲ့ ယူနက်စကို ကမ္ဘာ့အမွေအနှစ်ဒေသမှာ အမြင့်မားဆုံးစေတီတော်တစ်ဆူဖြစ်ပါတယ်။ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုံထဲမှာ ဘုရားဆင်းတုတော်၊စေတီတော်၊ဘုန်းတော်ကြီးကျောင်းတွေနှင့် အခြားသော ဗုဒ္ဓဘာသာအဆောက်အဦပေါင်း ၃၀၀၀ကျော်ရှိတယ်လို့ စီစီတီဗွီက သတင်းမှာဖော်ပြထားပါတယ်။
၂၀၁၉ခုနှစ်ဧပြီလမှာ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှန်ရှီပြည်နယ်က ပညာရှင်အဖွဲ့တစ်ဖွဲ့ဟာ စေတီတော်ရဲ့ ပျက်စီးနေတဲ့ အစိတ်အပိုင်းတွေ ပြန်လည်ပြုပြင်မွမ်းမံတို့လုပ်ငန်းမှာ ပါဝင်ခဲ့ကြပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးချင်ဟာ ပုဂံက ချူအင်လိုင်းတန်ဆောင်းကိုလည်း သွားရောက်ခဲ့ပါတယ်။ အဲဒီတန်ဆောင်းမှာ တရုတ်ဝန်ကြီးချုပ်ဟောင်းချူအင်လိုင်းရဲ့ တန်ဖိုးရှိလှတဲ့ ဓာတ်ပုံတွေနှင့်ပစ္စည်းတွေကို ပြသထားတာကို မစ္စတာချင်က လေ့လာခဲ့ပြီး တရုတ်မြန်မာနှစ်နိုင်ငံယဉ်ကျေးမှုဖလှယ်ရေး သမိုင်းမှတ်တမ်းတွေကို ထိတွေ့ခံစားခဲ့တယ်လို့သတင်းကဆို ပါတယ်။
၁၉၆၁ခုနှစ်မှာ တရုတ်ဝန်ကြီးချုပ်ချုအင်လိုင်းဟာ မြန်မာနိုင်ငံခရီးစဉ်အတွင်း ပုဂံကိုသွားရောက်လည်ပတ်ကာ လှူဒါန်း မှုတွေပြလုပ်ခဲ့ပါတယ်။ အဲဒီလှူဒါန်းမှုရဲ့အစိတ်အပိုင်းအဖြစ် စေတီတော်ဘေးမှာ ချူအင်လိုင်းတန်ဆောင်းတစ်ခုကို တည်ဆောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။
Source. CCTV+
#တရုတ်နိုင်ငံခြားရေးဝန်ကြီးQin Gang
#တရုတ်-မြန်မာဆက်ဆံရေး
#YangonMediaGroup
Published 3 May 2023
မြန်မာနိုင်ငံသို့ရောက်ရှိနေတဲ့ တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး မစ္စတာချင်းကန်ဟာ နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌတာဝန်ယူခဲ့တဲ့ အငြိမ်းစား ဗိုလ်ချူပ်မှူးကြီးသန်းရွှေနှင့် မေလ ၂ရက်နေ့က တွေ့ဆုံခဲ့တယ်လို့ တရုတ်အစိုးရပိုင်မီဒီယာတွေက သတင်းထုတ်ပြန်ပါတယ်။
တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံက အားထားရတဲ့ အိမ်နီးချင်းကောင်းနှင့် မိတ်ဖက်ကောင်းနိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံတည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုတိုးမြှင့်ရေးတို့အတွက် အမြဲထောက်ခံအားပေးပါတယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးက အငြိမ်းစားဗိုလ်ချူပ်မှူးကြီးသန်းရွှေနှင့်တွေ့ဆုံစဉ်ပြောကြားခဲ့တယ်လို့ CGTNရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာနှင့်နယ်မြေတည်တံ့ခိုင်မြဲမှုကို တရုတ်က လေးစားပြီး မြန်မာနိုင်ငံရဲ့ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တိုးတက်ရေးကိုထောက်ခံတယ်လို့ မစ္စတာချင်းက ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးစောင့်ရှောက်ထိန်းသိမ်းမှု၊နိုင်ငံရေးတည်ငြိမ်အောင်ထိန်းသိမ်းထားမှုနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့်ဖွံ့ဖြိုးတိုးတက်ရးသဘောပေါက်နားလည်မှုတို့အတွက် မြန်မာနိုင်ငံကို အကူအညီများဆက်ပေးရန် တရုတ်က အသင့်အနေအထားရှိတယ်လို့လည်းသူကပြောပါတယ်။
အတူတကွမျှဝေကြသည့်အနာဂတ်နှင့်အတူ တရုတ်-မြန်မာ လူမှုအသိုက်အဝန်းတည်ထောင်ရန်တရုတ်ဘက်က မြန်မာနိုင်ငံနှင့် လက်တွဲလုပ်ဆောင်လိုတယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဗိုလ်ချူပ်မှူးကြီးသန်းရွှေ(ငြိမ်း)ကိုပြောကြားခဲ့တယ်လို့ ဆင်ဟွာသတင်းမှာဖော်ပြထားပါတယ်။
မြန်မာနိုင်ငံနှင့် အိမ်နီးချင်းကောင်းပီသတဲ့ ချစ်ကြည်ရင်းနှီးမှုရှိပြီး မြန်မာနိုင်ငံရဲ့လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ခိုင်မာတဲ့ထောက်ခံအားပေးမှုတွေအတွက် တရုတ်ကိုကျေးဇူးတင်တယ်လို့ အငြိမ်းစား ဗိုလ်ချူပ်မှူးကြီးသန်းရွှေက တရုတ်နိုင်ငံခြားရေးဝန်ကြီးကိုပြန်လည်ပြောကြားခဲ့ပါတယ်။ တရုတ်နှင့်မြန်မာနှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးဆက်လက်သယ်ဆောင်နိုင်ပြီး ချစ်ကြည်စွာပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်မယ်လို့ သူယုံကြည်တယ်လို့လည်း ဗိုလ်ချူပ်မှူးကြီးသန်းရွှေ(ငြိမ်း)က ပြောပါတယ်။ အဲဒီအပြင် အသီးအပွင့်ဖြစ်ထွန်းတဲ့ နှစ်နိုင်ငံဆက်ဆံရေးအတွက် ပိုမိုတွန်းအားပေးဆောင်ရွက်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်တယ်လို့လည်း အငြိမ်းစား ဗိုလ်ချူပ်မှူးကြီးက ပြောကြားခြ့တဲ့အကြောင်း ဆင်ဟွာကသတင်းဖော်ပြထားပါတယ်။
Source: Xinhua/CGTN
#ဗိုလ်ချူပ်မှူးကြီးသန်းရွှေ
#တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီးQin Gang
#တရုတ်-မြန်မာဆက်ဆံရေး
#YangonMediaGroup
Published 3 May 2023
တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ဟာ နှစ်နိုင်ငံအကြား အလုံးစုံသော မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ထပ်မံတိုးမြှင့်ဖို့ မေလ(၂)ရက် အင်္ဂါနေ့က သဘောတူခဲ့ကြတယ်လို့သိရပါတယ်။
မြန်မာနိုင်ငံမြို့တော်မှာ မြန်မာခေါင်းဆောင် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ် တရုတ်နိင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ချင်းကန်က “ အိမ်နီးချင်းနှစ်နိုင်ငံဟာ ပေါက်ဖော်ချစ်ကြည်ရေးကို အတူတကွမျှဝေခံစားကြတဲ့ အလျောက် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးဟာ အရေးကြီးအထင်ကရဖြစ်တယ်လို့ တရုတ်က စွဲမြဲထားတယ်လို့ ပြောဆိုခဲ့ပါတယ်။
မျှဝေတဲ့အနာဂတ်နှင့်အတူ တရုတ်-မြန်မာအသိုက်အဝန်းကို အတူတကွလက်တွဲဆောင်ရွက်ဖို့၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဦးရွက်ပြုမှု၊ကမ္ဘာလုံဆိုင်ရာလုံခြုံရေးဦးစီးဦးရွက်ပြုမှုနှင့် ကမ္ဘာလုံးဆိုင်ရာ လူမှုတိုးတက်ရေး ဦးစီးဦးရွက်ပြုမှုတွေ အကောင်အထည်ဖော်ရာမှာ ဦးဆောင်ဖို့ တရုတ်နိုင်ငံက အဆင်သင့် ရှိနေတယ်လို့လည်း ချင်းကပြောပါတယ်။
မြန်မာနိုင်ငံဟာ တည်ငြိမ်ရေးနှင့် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးရရှိလိမ့်မယ်လို့ တရုတ်က ရိုးသားစွာ ယုံကြည်တယ်လို့လည်း သူကပြောပါတယ်။ အမျိုးသားအခြေအနေတွေနှင့်ကိုက်ညီမယ့် မြန်မာ့စရိုက်လက္ခဏာတွေနှင့်အတူ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းတစ်ခုကို စူးစမ်းရှာဖွေတာကို တရုတ်ကထောက်ခံအားပေးတယ်လို့လည်း သူကဖြည့်စွက်ပြောကြားပါတယ်။
မြန်မာ့နိုင်ငံရေးအသွင်ကူးပြောင်းမှုလုပ်ငန်းစဉ်တိုးတက်ရေးကို တရုတ်ကထောက်ခံပြီး နိုင်ငံထဲက သက်ဆိုင်တဲ့ အဖွဲ့တွေဟာ ကွဲပြားခြားနားမှုတွေကို သင့်လျော်မှန်ကန်စွာ ရင်ဆိုင်ဖြေရှင်းဖို့နှင့် အခြေခံဥပဒေနှင့် တရားဥပဒေမူဘောင်အောက်ကေန အမျိုးသားပြန်လည်သင့်မြတ်ရေးရရှိအောင်ဆောင်ရွက်ဖို့ တရုတ်နိုင်ငံကထောက်ခံအားပေးတယ်လို့ မစ္စတာချင်းက ဆက်လက်ပြောကြားပါတယ်။
မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို နိုင်ငံတကာအသိုက်အဝန်းက လေးစားသင့်ကြပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးရရှိဖို့ ကူညီရာမှာ အပြုသဘောအခန်းကဏ္ဍကနေဆောင်ရွက်ပေးသင့်ကြတယ်လို့လည်းသူက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းအားထုတ်မှုတွေ၊မှာ ကူညီဖို့ တရုတ်နိုင်ငံဖက်က အစွမ်းရှိသလောက် ဆက်လက် ကူညီပေးမှာဖြစ်ပြီး တရုတ်-မြန်မာ စီးပွားရေးစင်္ကြံရဲ့ အဓိကကျကျပူးပေါင်းဆောင်ရွက်နေတဲ့စီမံကိန်းတွေကိုအရှိန်မြှင့်တင် မယ်လို့ သူကဆက်လက်ပြောဆိုပါတယ်။ လယ်ယာစိုက်ပျိုးရေး၊ပညာရေး၊ကျန်းမာရေးစောင့်ရှောက်မှုနှင့် မြန်မာပြည်သူတွေ အကျိုးရှိစေမယ့် အခြားကဏ္ဍတွေရဲ့ စီံမံကိန်းတွေကို အကောင်အထည်ဖော်သွားမယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဆက်လက်ပြောဆိုပါတယ်။
သက်ဆိုင်တဲ့ပြဿနာတွေကို ညှိနှိုင်းဆွေးနွေးခြင်းဖြင့် ဖြေရှင်းမှုနှင့်အတူ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေရဲ့ ဆက်ဆံရေးတိုးမြှင့်လာစေရေး တရုတ်ကထောက်ခံအားပေးတယ်လို့သူကပြောဆိုလိုက်ပြီး တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် လက်တွေ့ကျကျပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်ရေးကို အဲဒီနှစ်နိုင်ငံနှင့်အတူ တရုတ်က လက်တွဲလုပ်ဆောင်လိုတယ်လို့လည်း မစ္စတာချင်းက ပြောပါတယ်။
မြန်မာနှင့်တရုတ်နိုင်ငံတို့ဟာ သံတမန်ဆက်ဆံရေးတည်ထောင်ခဲ့တာ နှစ်ပေါင်း ၇၀နီးပါး ရှိပြီလို့ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားပြီး နှစ်နိုင်ငံဟာ ဖွံဖြိုးတိုးတက်မှုအရှိန်ုနှင့် အသီးအပွင့်ရလာဒ်တွေကို အမြဲထိန်းသိမ်းခဲ့ကြတယ်လို့ ဆက်လက်ပြောကြားပါတယ်။
မြန်မာ-တရုတ်ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးကို ပိုမိုတိုးမြှင့်ဖို့ နှင့် အနာဂတ်အတူတကွမျှဝေတဲ့ မြန်မာ-တရုတ် အသိုက်အဝန်းကို တက်ကြွစွာတည်ထောင်ရန် မြန်မာနိုင်ငံက တရုတ်နှင့်အတူလက်တွဲဆောင်ရွက်လိုတယ်လို့လည်း ဗိုလ်ချူပ်မှူးကြီးကပြောပါတယ်။
တရုတ်နိုင်ငံက ကြီးမားတဲ့အခန်းကဏ္ဏကနေ ပါဝင်ဆောင်ရွက်မှုကိုကြိုဆိုထားတဲ့ မြန်မာနိုင်ငံနှင့်ပတ်သက်တဲ့ ပြဿနာအရေးကိစ္စတွေမှာ တရုတ်နိုင်ငံရဲ့ ဓမ္မဓိဋ္ဌာန်ကျပြီးဘက်လိုက်မှုကင်းတဲ့ ရပ်တည်ချက်ကို မြန်မာက ကျေးဇူးတင်တယ်လို့ ဗိုလ်ချူပ်မှူးကြီးကဖြည့်စွက်ပြောကြားပါတယ်။
မြန်မာနိုင်ငံထဲက တရုတ်နိုင်ငံသားတွေနှင့် အဖွဲ့အစည်းတွေကို အကာအကွယ်ပေးရေး အထူးအရေးကြီးတယ်ဆိုတာကို မြန်မာကစွဲမြဲစွာသိရှိထားကြောင်းလည်း မြန်မာခေါင်းဆောင်ကပြောကြားပါတယ်။ နှစ်နိုင်ငံရဲ့နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးထိန်းသိမ်းရာမှာ တရုတ်ဘက်နှင့်အတူ ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာက အမြဲအသင့်ရှိပါတယ်လို့လည်း သူက ပြောပါတယ်။
ချင်ဟာ သူ့ရဲ့ခရီးစဉ်အတွင်း မြန်မာနိုင်ငံ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဦးသန်းရွှေ၊ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့နှင့်လည်းတွေ့ဆုံခဲ့ပါတယ်။
Source CCTV
-ymg/knl
#တရုတ်-မြန်မာဆက်ဆံရေး
#တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီးQin Gang
#ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်
#YangonMediaGroup
Page 31 of 42