၁၅ ဩဂုတ် ၂၀၂၄

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအပေါ် ပြည်ပ မှ ဝင်ရောက်စွက်ဖက်နေခြင်းကို ပြင်းထန်စွာဆန့်ကျင်ပြီး  အခြေခံဥပဒေ  မူဘောင်အောက်တွင် ပြည်တွင်းနိုင်ငံရေးသင့်မြတ်မှုအတွက် မြန်မာ၏ ကြိုးပမ်းအားထုတ်မှုတွေကို တရုတ်က ဆက်လက်ထောက်ခံအားပေးသွားမယ်လို့ မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မြန်မာ ခေါင်းဆောင်ဟောင်း အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေကို ပြောကြားပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်လည်းဖြစ်တဲ့ ဝမ်ယိဟာ ယမန်နေ့ ဩဂုတ် ၁၄ရက်က မြန်မာနိုင်ငံရဲ့ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌဟောင်း အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်တွေ့ဆုံရာမှာ ပြောကြားခဲ့တာလို့ ဆင်ဟွာသတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။

တွေ့ဆုံစဉ်အတွင်း ဝမ်ယိက တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံကို ပြည်ပ မှ ဝင်ရောက်စွက်ဖက်မှုတွေနှင့် စိမ့်ဝင်မှုတွေကို ဆန့်ကျင်တယ်။ပြီးတော့ မြန်မာနိုင်ငံရဲ့ တည်ငြိမ်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို ဟန့်တားတဲ့ မည်သည့် ‌အပြော မည်သည့်အလုပ်တွေကိုမဆိုလည်း ဆန့်ကျင်တယ်လို့ ဆက်ပြောပါတယ်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာလွတ်လပ်ရေး၊အချုပ်အခြာအာဏာ၏၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတွေ ကာကွယ်စောင့်ရှောက်ထိန်းသိမ်းနေတာတွေကို ဆက်လက်ထောက်ခံအားပေးသွားမယ်လို့ ဝမ်က ပြောပါတယ်။ ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမူဘောင်အောက်ကနေ  ပြည်တွင်း နိုင်ငံရေးအရပြန်လည်သင့်မြတ်ရေး၊ ရွေးကောက်ပွဲကျင်းပရေးနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးတွေမှာ မြန်မာနိုင်ငံရဲ့ကြိုးပမ်းအားထုတ်မှုတွေကိုလည်း တရုတ်က ထောက်ခံအားပေးကြောင်း ထပ်လောင်းအတည်ပြုတယ်လို့ လည်းသူကဆက်ပြောပါတယ်။

တွေ့ဆုံမှုအတွင်း ဗိုလ်ချုပ်မှူးကြီး(ငြိမ်း)သန်းရွှေက မြန်မာနိုင်ငံအပေါ် တရုတ်နိုင်ငံက ဘက်စုံ ရေရှည် ကိုယ်ကျိုးမငဲ့ ကူညီဆောင်ရွက်ပေးနေမှုတွေကို ကျေးဇူးတင်တယ်လို့ ဝမ်ယိကိုပြန်လည်ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ပေါက်ဖော်ဖြစ်ပြီး အိမ်နီးချင်းဖြစ်ကြောင်းနှင့် နှစ်နိုင်ငံဟာ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ချစ်ကြည်ရေးအခြေခံပြီးအမြဲဆက်ဆံခဲ့ကြတယ်၊ နှစ်နိုင်ငံအကြား ငြိမ်းချမ်းစွာ ရှေရှည်အတူယှဉ်တွဲနေထိုင်ရေးဟာ ဘယ်တော့မှပြောင်းလဲမှာမဟုတ်ဘူးလို့လည်း အငြိမ်းစားဗိုလ်ချုပ်မှူးကြီးကဆက်လက် ပြောဆိုကြောင်း  သတင်းမှာ   ဖော်ပြထားပါတယ်။

သူ့အနေနှင့် မြန်မာနိုင်ငံကို တရုတ်ကဆက်လက်ထောက်ခံအားပေးလိမ့်မယ်လို့ယုံကြည်ပြီး ပြင်ပဝင်ရောက်စွက်ဖက်မှုကို  စောင့်ကြပ်ရာမှာနှင့် ပြည်တွင်းတည်ငြိမ်ရေးထိန်းသိမ်းရာမှာ မြန်မာကိုကူညီလိမ့်မယ်လို့လည်းယုံကြပါတယ်လို့ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးကပြောပါတယ်။

တရုတ်-မြန်မာ ပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုသည် နိုင်ငံတကာမျက်နှာစာမှာ လောကဓံကိုကြံကြံ့ခိုင်နိုင်ခဲ့ပြီး အချိန်နှင့်အမျှ ပိုပြီးခိုင်မာတောင့်တင်းလာပါတယ်လို့ ဝမ်ယိက ပြန်လည်ပြောကြားပါတယ်။

တရုတ်နိုင်ငံဟာ ယင်းရဲ့ အိမ်နီးချင်းသံတမန်ရေးရာမှာ တရုတ်-မြန်မာဆက်ဆံရေးဖွံ့ဖြိုးတိုးတက်ရေး ကို အရေးကြီး အနေအထားအဖြစ် အမြဲထားရှိတယ်လို့လည်းဝမ်ကပြောပါတယ်။

အေးအတူပူအမျှ တရုတ်-မြန်မာအသိုက်အဝန်းတည်ဆောက်ရာမှာ သိသာထင်ရှားတဲ့ရလာဒ်တွေပိုမိုရရှိစေဖို့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနှင့်လက်တွဲဆောင်ရွက်လိုတယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။

ဝမ်ယိဟာ မြန်မာနိုင်ငံကို ဗုဒ္ဓဟူးနေ့မှာရောက်ရှိခဲ့ပြီးနောက် ကိုးကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကိုတက်ဖို့ထိုင်းနိုင်ငံကိုဆက်လက်သွားရောက်မှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ  တရုတ်၊ လာအို၊မြန်မာနှင့်ထိုင်း နိင်ငံခြားရေးဝန်ကြီးတွေ အလွတ်သဘော တွေ့ဆုံဆွေးနွေးကြဖို့လည်းရှိနေပါတယ်။

Ref: Xinhua