၂၁ ဩဂုတ် ၂၀၂၄

မြန်မာနိုင်ငံအရေးကိစ္စ၏ဖြစ်ကြောင်းကုန်စင်ကို နက်ရှိုင်းစွာလေ့လာပြီး တရားမျှတ၍ ပကတိဖြစ်သည့်ရပ်တည်ချက်ကို  အရင်းခံဆောင်ရွက်ပေးဖို့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi မစ္စတာဝမ်ယိက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ    ဆိုင်ရာအထူးသံတမန် Ms. Julie Bishop မစ္စ ဂျူလီဘစ်ရှော့ကို တိုက်တွန်းပြောဆိုလိုက်တယ်လို့သိရပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးမစ္စတာဝမ်ယိဟာ ကုလသမဂ္ဂ မြန်မာအထူးသံတမန်  မစ္စ ဂျူလီဘစ်ရှော့ကို ယမန်နေ့ဩဂုတ် ၂၀ရက် က တရုတ်နိုင်ငံ ဘေဂျင်းမြို့တွင် လက်ခံတွေ့ဆုံစဉ် ယင်းကိုပြောကြားခဲ့တာဖြစ်တယ်လို့  မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့    သမ္မတနိုင်ငံ သံရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတာဖြစ်ပါတယ်။

“ အထူးသံတမန်အနေဖြင့် မြန်မာနိုင်ငံ၏ထူးခြားသော နိုင်ငံအခြေအနေနှင့် မြန်မာနိုင်ငံအရေးကိစ္စ၏ ဖြစ်ကြောင်းကုန်စင်ကို နက်ရှိုင်းစွာလေ့လာပြီး တရားမျှတ၍ ပကတိဖြစ်သည့်ရပ်တည်ချက်ကိုအရင်းခံကာ ဘက်အသီးသီးနှင့်ဆက်ဆံရေးကို ဟန်ချက်ညီစွာဖြေရှင်း၍ မြန်မာနိုင်ငံပြည်သူများ၏ ရေရှည်အကျိုးစီးပွားအတွက် မြန်မာနိုင်ငံက သဘောထားကွဲလွဲမှုကို ပေါင်းစပ်နိုင်မည့် ထိရောက်သည့်နည်းလမ်းကို ကူညီရှာဖွေပေးရန် မျှော်လင့်ပါတယ်” လို့ မစ္စတာဝမ်ယီက ပြောကြားခဲ့ ပါတယ်။

မစ္စတာဝမ်ယိက က တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အကြီးဆုံး အိမ်နီးချင်းနိုင်ငံဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ပြန်လည်     တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရန် တရုတ်နိုင်ငံထက် ပိုလိုလားသောနိုင်ငံမရှိဘူးလို့ မစ္စ ဂျူလီဘစ်ရှော့ကို ပြောကြားပါတယ်။

ယင်းအပြင်မြန်မာနိုင်ငံအရေးကိစ္စတွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေး၊ နိုင်ငံတစ်သား  တည်းဖြစ်မှုနှင့် နယ်မြေတည်တံ့မှုကို ခိုင်မာစွာလေးစားကြောင်း၊ ပြည်တွင်းရေးကို မစွက်ဖက်ခြင်းနှင့် မြန်မာပြည်သူ    များကပိုင်ဆိုင်၍ မြန်မာပြည်သူများဦးဆောင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အခိုင်အမာလိုက်နာတယ်လို့လည်း တရုတ် နိုင်ငံခြားရေးဝန်ကြီးက ကုလ အထူးသံတမန်ကို ဆက်လက်ပြောကြားခဲ့တယ်လို့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မစ္စတာဝမ်ယိက အာဆီယံက အဓိကလမ်းကြောင်းအဖြစ် အခန်းကဏ္ဍမှပါဝင်မှုကို ထောက်ခံအားပေးကြောင်း၊ အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ ဘုံသေဘာတူညီချက် ၅ ရပ်နှင့် မြန်မာနိုင်ငံ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်အသစ်တို့ အပြန်အလှန်  ကူညီမြှင့်တင်၍ ထိရောက်စွာဖော်ဆောင်နိုင်ရန် မျှော်လင့်ကြောင်းလည်းပြောကြားခဲ့ပါတယ်။

အထူးသံတမန် တာဝန်ထမ်းဆောင်ရန်အတွက် တရုတ်နိုင်ငံမှ ကူညီထောက်ပံ့ပေးရန်ဆန္ဒရှိကာ မြန်မာနိုင်ငံ နိုင်ငံရေး    ပြန်လည်သင့်မြတ်မှုနှင့် ရေရှည်တည်ငြိမ်အေးချမ်းရေး ဖော်ဆောင်ရန်အတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်သွားလိုကြောင်းလည်း မစ္စတာဝမ်ယိကဆက်လက်ပြောကြားပါတယ်။

မစ္စ ဂျူလီဘစ်ရှော့က တရုတ်နိုင်ငံက မိမိတာဝန်စတင်ထမ်းဆောင်ချိန်တွင် တရုတ်နိုင်ငံခရီးစဉ်အတွင်း မိမိအားဧည့်ခံမှုကို ကျေးဇူးတင်ရှိပါကြောင်းစတင်ပြောဆိုပါတယ်။

အဲဒီနောက် မြန်မာနိုင်ငံအရေးကိစ္စသည် ရှုပ်ထွေး၍ စိန်ခေါ်မှုရှိကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အရေးကြီး အိမ်နီးချင်းနိုင်ငံနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် တမူထူးခြားသော အကျိုးသက်ရောက်မှုရှိတယ်လို့လည်း အထူးသံတမန်ကဆက်လက်ပြောဆိုတဲ့အကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြ  ထားပါတယ်။

မစ္စ ဂျုလီဘစ်ရှော့က တရုတ်နိုင်ငံ၊ အာဆီယံတို့နှင့်အတူ နီးကပ်စွာဆက်ဆံကာ ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်၍ မြန်မာ  နိုင်ငံအရေးကိစ္စကို ကောင်းမွန်စွာဖြေရှင်းနိုင်မည့် သဘောတူညီချက်ကို ကြိုးပမ်းဖော်ဆောင်ပြီး ပဋိပက္ခကို ဆောလျင်    စွာအဆုံးသတ်ကာ လူသားချင်းစာနာထောက်ထားမှုအခြေအနေကို ပြေလျော့စေခြင်းဖြင့် မြန်မာပြည်သူများက ဦးဆောင်သည့် ရေရှည်ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးကို ဖော်ဆောင်သွားရန်လိုကြောင်း  မစ္စတာဝမ်ယိကို ပြန်လည် ပြောကြားခဲ့တယ်လို့ သိရပါတယ်။

@ymg/knl