ဩဂုတ် ၁၃ ၂၀၂၄

တရုတ်ပြည်သူ့သမ္မတနိုင်ငံ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယီဟာ မြန်မာနိုင်ငံသို့ သွားရောက်မှာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ ဩဂုတ်လ ၁၃ရက်နေ့မှာ တရားဝင်သတင်းထုတ်ပြန်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီဟာ ထိုင်းနိုင်ငံမှာကျင်းပမယ့် (၉)ကြိမ်မြောက် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကိုလည်းတက်ရောက်မှာဖြစ်ပါတယ်။

အဲဒီအစည်းအဝေးနှင့်ဆက်စပ်ပြီး မြန်မာ၊လာအို၊ထိုင်းတို့မှ နိုင်ငံခြားရေးဝန်ကြီးတွေနှင့်လည်း သီးခြားတွေ့ဆုံစည်းဝေးဖို့ ရှိတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

သူ့ရဲ့ခရီးစဉ်ဟာ ဩဂုတ် ၁၄ ရက်မှ ၁၇ ရက်နေ့အထိဖြစ်တယ်လို့လည်းသိရပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာနိုင်ငံမှာရှိနေစဉ် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံမယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။

မစ္စတာဝမ်ယီမရောက်ခင် ရက်ပိုင်း ယမန်နေ့ ဩဂုတ် ၁၂ ရက်နေ့က   တရုတ်သံအမတ်အသစ် မစ္စ မာကျား  Ms Na Jia ဟာ မြန်မာနိုင်ငံကို တာဝန်ထမ်းဆောင်ဖို့ ရောက်ရှိခဲ့ပါတယ်။

@ymg/knl