၁၃ ဩဂုတ် ၂၀၂၄

တရုတ်နိုင်ငံခြားရေးဝန်ကြီးက သူ၏ ခရီးစဉ်အတွင်း မြန်မာနိုင်ငံတွင် အခြေခံဥပဒေနှင့်တရားဥပဒေမူဘောင်အတွင်းက နိုင်ငံရေးဆွေးနွေးမှုများအတွက်  တရုတ်ကကူညီရေး လုပ်ဆောင်သွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံသို့သွားရောက်မည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယီ၏ ခရီးစဉ်ကိစ္စ သတင်းစာရှင်းလင်းပွဲတွင် မေးမြန်းမှု အပေါ် ဖြေကြားရာ၌ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောဆိုခွင့်ရပုဂ္ဂိုလ်က ဖြေကြားခဲ့ခြင်းဖြစ်တယ်လို့ တရုတ်နိုင်ငံသံရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဘက်အသီးသီးက အခြေခံဥပဒေနှင့် တရားဥပဒေမူဘောင်အတွင်း၌ နိုင်ငံရေးဆွေးနွေးခြင်းဖြင့် သဘောထားကွဲလွဲမှုများကို ကောင်းမွန်စွာဖြေရှင်းရေးအတွက် အပြုသဘောဆောင်သော ကူညီမှုများ ပေးအပ်သွားမယ် လို့ရန်ကုန်မြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးက သတင်းထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံရဲ့ ချစ်ကြည်ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံအနေဖြင့် ပြည်တွင်း‌ရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုတဲ့ အခြေခံမူကို အမြဲတစေလိုက်နာကာ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ အာမခံရေးတို့ကို အစဉ်အမြဲထောက်ခံသွားမှာဖြစ်တယ်လို့လည်း ပြောဆိုခွင့်ရပုဂ္ဂိုလ်က ဆက်လက်ပြောကြားပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယီ၏ ယခုအကြိမ်ခရီးစဉ်သည် တရုတ်-မြန်မာ ကဏ္ဍအသီးသီးတွင် အကျိုးတူပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး နှစ်နိုင်ငံပြည်သူများ၏ ချစ်ကြည်ရင်းနှီးသောသံယောဇဉ်ကို ခိုင်ခံ့စေကာ တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်မှု နက်ရှိုင်းခိုင်မာစေရေးကို မြှင့်တင်ရန်ဖြစ်တယ်လို့ အဆိုပါ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

@ymg/knl