၁၁ ဩဂုတ် ၂၀၂၄

မြန်မာနိုင်ငံရဲ့ မြောက်ပိုင်းဒေသ ဆောလျင်စွာပြန်လည်တည်ငြိမ်လာစေဖို့ မျှော်လင့်တယ်လို့ တရုတ်နိုင်ငံက ပြောကြားလိုက်ပါတယ်။

ဩဂုတ်လ ၉ ရက်က တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှာကျင်းပပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတကာသတင်းဌာနတစ်ခုရဲ့ မေးမြန်းချက်အပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် မစ္စ မော်နင်း Ms. Mao Ning ကဖြေကြားသွားတာဖြစ်တယ်လို့ ရန်ကုန်အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံတွင် စစ်ပွဲဖြစ်ပွားသည်ကို တရုတ်အနေဖြင့် မတွေ့မြင်လိုဘူးလို့လည်း မစ္စမော်နင်းက ဆက်လက်ပြောကြားပါတယ်။  မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ အခြေအနေပြောင်းလဲလာမှုကို အမြဲတစေ များစွာ ဂရုပြုလျက်ရှိတယ်လို့လည်း သူမကပြောပါတယ်။

တရုတ်နိုင်ငံက ယင်း၏နည်းလမ်းဖြင့် မြန်မာနိုင်ငံဘက်အသီးသီးက အပစ်အခတ်ရပ်စဲရန် အမြဲတစေ ဦးဆောင်ဖျောင်းဖျလျက်ရှိပြီး ဆွေးနွေးညှိနှိုင်းမှုဖြင့် ပြဿနာကိုဖြေရှင်းကာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် နိုင်ငံတော်တည်ငြိမ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုကို ဆောလျင်စွာ ဖော်ဆောင်ရန် လုပ်ဆောင်လျက်ရှိတယ်လို့လည်း မစ္စမော်နင်းက ဖြည့်စွက်ပြောပါတယ်။

တရုတ်နိုင်ငံအနေဖြင့်  ငြိမ်းချမ်းစွာဆွေးနွေးရန် ဆက်လက် တက်တက်ကြွကြွတိုက်တွန်းသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တတ်စွမ်းသမျှပံ့ပိုးကူညီမှုများ လုပ်ဆောင်သွားမည်ဖြစ်တယ်လို့ သူမကပြောကြားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

@ymg/knl