၂၈ ဩဂုတ် ၂၀၂၄

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း  နစကနှင့် အရေးကြီး သဘောတူညီချက်တွေ ရရှိခဲ့တယ်လို့ ရန်ကုန်အခြေစိုက် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံရုံးရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

နစက  ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကို တရုတ်သံအမတ်ကြီး မစ္စ မာကျား Ms. Ma Jia က ယမန်နေ့ ဩဂုတ် ၂၇ ရက်က နေပြည်တော်သို့ သွားရောက်တွေ့ဆုံစဉ်  မြန်မာနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောကြားချက်ကို ကိုးကားပြီး သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတာဖြစ်ပါတယ်။

ဒါပေမယ့် မည်သည့်အရေးကြီးသဘောတူညီချက်တွေလည်းဆိုတာကိုတော့ အသေးစိတ်ထုတ်ပြန်ထားခြင်းမရှိပါဘူး။

နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi ၏ခရီးစဉ်အတွင်း မြန်မာနိုင်ငံနှင့် အရေးကြီးသဘောတူညီချက်များရရှိခဲကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ နီးကပ်စွာချိတ်ဆက်၍ နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi ၏မြန်မာနိုင်ငံ   ခရီးစဉ်ရလဒ်ကို အတူတကွဖော်ဆောင်သွားကာ မြန်မာ-တရုတ် ဆက်ဆံရေးတွင် တက်ကြွသောတိုးတက်မှုအသစ်များရရှိဖို့ တွန်းအားပေးဖော်ဆောင်သွားရန် မျှော်လင့်ပါကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေက ပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။

တရုတ်သံအမတ်ကြီး Ms. Ma Jia ကလည်း မကြာသေးမီက နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi ၏ မြန်မာနိုင်ငံခရီးစဉ်သည် အောင်မြင်စွာပြီးဆုံးခဲ့ပြီး မြန်မာနိုင်ငံမှ တရုတ်-မြန်မာ ဆက်ဆံရေးတိုးတက်မှုအပေါ် များစွာအလေးအနက်ထားမှုကို အပြည့်အဝပေါ်လွင်စေခဲ့တယ်လို့ ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးကို ကာကွယ်ထိန်းသိမ်းခြင်း၊ မြန်မာနိုင်ငံစီးပွားရေးနှင့် ပြည်သူအကျိုးပြုဖွံ့ဖြိုးရေးကို    ထောက်ခံအားပေးခြင်း၊ မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းနှင့် ဝန်ထမ်းများ၏ ဘေးကင်းလုံခြုံမှုကိုကာကွယ်ခြင်း၊ ကုလသမဂ္ဂ       စသည့်နိုင်ငံတကာပလက်ဖောင်းများတွင်အပြန်အလှန်ထောက်ခံအားပေးမှုကိုမြှင့်တင်ခြင်း စသည့်ကိစ္စရပ်များနှင့်  စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ခဲ့ကြတယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

@ymg/knl