#Local_News
Published_10 May 2024

▪️ အာဆီယံ-တရုတ်ပူးပေါင်းပြီးသုတေသနအဖွဲ့အစည်းများ၊ MSMEs လုပ်ငန်းရှင်များနှင့် တက္ကသိုလ်များသို့ နည်းပညာလွှဲပြောင်းခြင်း၊  နည်းပညာဈေးကွက်မြှင့်တင်နိုင်အောင်နှင့် လူ့စွမ်းအားအရင်း အမြစ်များဖွံ့ဖြိုးတိုးတက်‌‌အောင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

▪️ ယင်းကဲ့သို့ ဆောင်ရွက်ရန်ရှိကြောင်းကို “နည်းပညာလွှဲပြောင်းခြင်းနှင့် စီးပွားဖြစ်ထုတ်လုပ်နိုင်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အာဆီယံ-တရုတ် အလုပ်ရုံဆွေးနွေးပွဲ မှသိရခြင်းဖြစ်သည်။

 

▪️ ယင်းအလုပ်ရုံဆွေးနွေးပွဲကို အာဆီယံအတွင်းရေးမှူးချုပ်ရုံး (ASEAN Secre-tariat) ၊ မြန်မာနိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အာဆီယံသိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာကော်မတီ (ASEAN COSTI) တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် မေ ၉ ရက်မှ ၁၀ ရက်အထိရန်ကုန်မြို့ Lotte ဟိုတယ်တွင် မြန်မာနိုင်ငံမှအိမ်ရှင်အဖြစ် ကျင်းပခဲ့ခြင်းဖြစ်သည်။

 

▪️ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသည် အာဆီယံ - တရုတ် ပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေ (ASEAN-China Cooperation Fund-ACCF) ဖြင့် တက္ကသိုလ်များနှင့် သုတေသနဌာနများ၏ သုတေသနရလဒ် များအား ဓာတ်ခွဲခန်းအဆင့်မှ ဈေးကွက်တွင် စီးပွားဖြစ်ထုတ်လုပ်နိုင်ရေးအတွက် အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များအား နည်းပညာလွှဲပြောင်းခြင်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် မွေးထုတ်ပေးရန်နှင့် စွမ်းဆောင်ရည်မြှင့်တင်ပေးရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်သည်ဟုဆိုသည်။

 

▪️ အခမ်းအနားတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ သံမှူးကြီး Dr. ကျန်းကျီဟွန်းနှင့် အာဆီယံသိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု ကော်မတီဥက္ကဋ္ဌ Dr. Hul Seingheng တို့က အဖွင့်မိန့်ခွန်းပြောကြား၍ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အာဆီယံစီးပွား ရေး အသိုက်အဝန်းဆိုင်ရာ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် Mr. Satvinder Singh - က Video clip ဖြင့် အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။

 

▪️ အလုပ်ရုံဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ်နှင့် တရုတ်နိုင်ငံတို့မှ ကျွမ်းကျင်ပညာရှင်များ၊ မြန်မာနိုင်ငံ တက္ကသိုလ်များ၊ ဆက်စပ်ဝန်ကြီးဌာနနှင့် ဦးစီးဌာနအသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 

▪️ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲ၌ သုတေသနအဖွဲ့အစည်းများ၊ MSMEs လုပ်ငန်းရှင်များနှင့် တက္ကသိုလ်များအကြား နည်းပညာလွှဲပြောင်းရာတွင် တွေ့ကြုံရသော အခက်အခဲများနှင့် ကျော်လွှား ဖြေရှင်းနိုင်ရေး အမြင်များဖလှယ်ခြင်း၊

 

▪️ နည်းပညာလွှဲပြောင်းခြင်းနှင့် နည်းပညာဈေးကွက် မြှင့်တင်နိုင်ခြင်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် တည်ဆောက်ခြင်း၊ အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတွင် တရုတ်နှင့် အာဆီယံနိုင်ငံများအကြား စွန့်ဦးတီထွင်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေမည့် နည်းလမ်းများ၊ 

 

▪️ စွန့်ဦးတီထွင် စီးပွားဂေဟစနစ်ဝန်းကျင်အတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုကွန်ရက်နှင့် အွန်လိုင်း-အပြန်အလှန် သင်ကြားသင်ယူမှုကို အသုံးပြု၍ သုတေသနအဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များနှင့် တက္ကသိုလ်များသို့ နည်းပညာလွှဲပြောင်းခြင်းနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်တင်နိုင်မည့် နည်းလမ်းများအပေါ် တရုတ်နှင့်အာဆီယံနိုင်ငံ ကိုယ်စားလှယ်များက အုပ်စုအဖွဲ့လိုက် ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးတင်ပြချက်များ၏ ရလဒ်များကို ရှေ့လုပ်ငန်းစဉ်များအဖြစ် သတ်မှတ်ခဲ့ကြကြောင်း သိရသည်။

 

#tthl #Yangon_Times