၃ ဒီဇင်ဘာ ၂၀၂၄

ကူမင်း-ကျောက်ဖြူ တရုတ်-မြန်မာ ရထားလမ်းဖောက်လုပ်ရေးစီမံကိန်းများစတင်နိုင်ရန်အတွက် သက်ဆိုင်ရာဌာနတွေအကြား အစောပိုင်းပြင်ဆင်မှုတွေ ဆွေးနွေးနေတယ်လို့ တရုတ်နိုင်ငံသံရုံးက အတည်ပြုပြောဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံမှူးကြီး Dr Zheng Zhihong က ဒီဇင်ဘာ ၂ရက်တွင် ရန်ကုန်မြို့ Wyndham Grand Yangon ဟိုတယ်တွင်ကျင်းပတဲ့ တရုတ်-မြန်မာ မီဒီယာပုံမှန်တွေ့ဆုံပွဲတစ်ခုတွင် ယင်းကိုပြောကြားခဲ့ခြင်းဖြစ်ပါတယ်။

“ အခုသက်ဆိုင်ရာ ဌာနတွေက အစောပိုင်းပြင်ဆင်မှုတွေကို ဆွေးနွေးနေပါတယ်။ စီမံကိန်းအတွက် ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ကအရေးကြီးပါတယ်” လို့ တရုတ်သံမှူးကြီးက ပြောခဲ့ပါတယ်။

“ ဒီရထားလမ်းဟာ နှစ်နိုင်ငံအတွက် အရေးကြီးတဲ့ စီမံကိန်းဖြစ်ပါတယ်။ နှစ်နိုင်ငံ မဟာဗျူဟာမြောက် စီမံကိန်းလည်းဖြစ်ပါတယ်။ Belt &Road နှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံအတွက် အရေးပါတဲ့နေရာ မှာရှိနေပါတယ်။ ဒီစီမံကိန်းကနေ မြန်မာနိုင်ငံရဲ့ စီးပွားရေးနှင့်ယဉ်ကျေးမှုအခြေအနေတွေကို ကောင်းစွာ မြှင့်တင်ပေးနိုင်ပါလိမ့်မယ်” လို့ Dr Zheng Zhihong က ပြောပါတယ်။

အဲဒီစီမံကိန်းအတွက် ကောင်းမွန်တဲ့ ပတ်ဝန်းကျင်ဖော်ဆောင်မှုလုပ်ဖို့အရေးကြီးတယ်လို့လည်း သူက ဆက်ပြောပါတယ်။

နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ် လီချန်းနှင့် နိုဝင်ဘာ ၆ ရက်က  တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် တွေ့ဆုံဆွေးနွေးစဉ် ဗိုလ်ချုပ်မှူးကြီးက အဆိုပါရထားလမ်းစီမံကိန်းကိစ္စ ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။

ကူမင်း-ကျောက်ဖြူရထားလမ်းစီမံကိန်းကို စလုပ်လို့ရသည့်နေရာတွင် စတင်ဖောက်လုပ်ရန် ဆန္ဒရှိ   တယ်လို့ ဗိုလ်ချုပ်မှူးကြီးက တရုတ်ဝန်ကြီးချုပ်ကို ဆွေးနွေးခဲ့ကြောင်း နစကသတင်းထုတ်ပြန်ချက်အရ သိရှိရပါတယ်။

တရုတ်-မြန်မာမီဒီယာတွေ့ဆုံပွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးကကြီးမှူးပြီး နှစ်လတစ်ကြိမ်ကျင်းပ နေခြင်းဖြစ်ပြီး ဒီဇင်ဘာ ၂ရက်တွေ့ဆုံပွဲတွင် ဗိုလ်ချုပ်မှူးကြီး၏ တရုတ်ခရီးစဉ်ကိစ္စ၊ မြန်မာပြည် မြောက်ပိုင်း တည်ငြိမ်အေးချမ်းရေးကိစ္စ၊ တရုတ်-မြန်မာစီးပွားရေးစင်္ကြကိစ္စ၊ လာမည့် ၂၀၂၅ခုနှစ်တွင် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ၇၅နှစ်ပြည့်အခမ်းအနားများ နှစ်နိုင်ငံစလုံးတွင် နှစ်လုံးပေါက် ကျင်းပသွားမည့်ကိစ္စများ ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြပါတယ်။

@ymg/knl